လယ်မြေပိုင်ဆိုင်ခွင့်မှတ်ပုံတင်ရန် လယ်သမားများ အခက်ကြံု

လယ်မြေပိုင်ဆိုင်ခွင့်မှတ်ပုံတင်ရန် လယ်သမားများ အခက်ကြံု

နိုင်ငံတော်က လယ်ယာမြေမှတ်ပုံတင် ခြင်းလုပ်ငန်းများအား ၂၀၁၃ ခုနှစ် အတွင်း အပြီးသတ်
ဆောင်ရွက်ပေးမည်ဆိုသော်လည်း လယ်ယာမြေအငြင်းပွားမှုများနှင့်ရင်ဆိုင်နေရသော လယ်သမား
များအတွက် လက်တွေ့တွင်အခက်ကြုံ နေရကြောင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ
လယ်သမားများက ပြောသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနအနေဖြင့် တောင်သူလယ်သမားများပိုင်ဆိုင်
သည့် လယ်ယာမြေများအား ဥပဒေနှင့်အညီ သားစဉ်မြေး ဆက်လုပ်ပိုင်ခွင့်ရရှိရန် လယ်ယာမြေ
မှတ်ပုံတင်ခြင်းလုပ်ငန်းများအား ၂၀၁၃ ခုနှစ် တစ်နှစ်တာကာလအတွင်း ရာနှုန်း ပြည့်ပြီးစီးအောင်
ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၈ ရက် နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင်
ကြေညာခဲ့သည်။

ထို့ပြင် လယ်ယာမြေ ဥပဒေအရ ဦးပိုင်လုပ်ကွက်တစ်ကွက်လျှင် မှတ်ပုံတင်ကြေးငွေ ကျပ် ၅၀၀ မှ
အပ အခြားအခကြေးငွေပေးရန် မလိုအပ် ကြောင်းလည်း ဖော်ပြခဲ့သည်။

"အခုကျွန်တော်တို့ ပြင်ဦးလွင် အမ်(၄) နယ်မြေမှာ မှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ပေးတဲ့အဖွဲ့တွေ
ရောက်လာ ပြီး လျှောက်လွှာပုံစံတော့ပေးတယ်။ ဒါပေမဲ့ လယ်တွေကအသိမ်းခံထားရ တော့ မှတ်ပုံ
တင်မရဘူးလို့ပြောတယ်။ကျွန်တော်တို့ ရွာလေးရွာကလယ်တွေ က စခန်းကြီးသစ်တောကြိုးဝိုင်းထဲ
ရောက်နေတယ်ဆိုပြီး သစ်တောကသိမ်းထားတာ။ ဒီတော့ သစ်တောနဲ့ အရင်ရှင်း လို့ပြောတယ်။
သစ်တောကလည်း အခုထိ ဘာမှလာမရှင်းပေးဘူး"ဟု မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊
ရေခြံစုကျေးရွာမှ ကိုကျော်ကျော်အောင် က ပြောသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်မှ လယ်သမားများကလည်း ၎င်းတို့၏ လယ်ယာမြေများအား
စစ်တပ်ပိုင်မြေများအဖြစ် သိမ်းယူထားသည့်အတွက် မှတ်ပုံတင်ခွင့်မရရှိကြောင်းပြောသည်။

"အသိမ်းခံထားရတဲ့ ကျွန်တော်တို့ လယ်မြေတွေက တော်တော်ကိုများတယ်။ ဘယ်အချိန်က သိမ်း
ထားမှန်း မသိဘဲ အခုမှသိမ်းတယ်ဆိုတော့ ဘယ်လိုဆက်ပြီး လုပ်စားရမလဲမသိ တော့ဘူး။ လယ်
သမားတွေ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် တရားဝင်တောင်းတော့လည်း ခွင့်မပြုဘူး။ ခွင့်ပြုချက်မရဘဲဆန္ဒ
ပြတော့လည်း ပုဒ်မ(၁၈)နဲ့စွဲတယ်။ အခု မှတ်ပုံတင်ဖို့ကျတော့ ပြဿနာတွေ ဖြစ်နေလို့ ပုံစံ(၁)
တောင် ကျွန်တော်တို့ ကိုမပေးဘူး"ဟု ပြည်မြို့မှ ကိုထွန်းထွန်း က ပြောသည်။

လယ်ယာမြေမှုခင်းများနှင့် ရင်ဆိုင်နေရသော လယ်သမားများသည် ၎င်း တို့၏ ပြဿနာများအား
ဖြေရှင်းပေးရန် လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်ထံတိုင်ကြားထားသော်လည်း ကော်မရှင်
က ဖြေရှင်းပေးခြင်းမရှိ ကြောင်း လယ်သမားများက ပြောသည်။

"စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ကျွန်တော်တို့ပြဿနာတွေကို ကူညီပေးဖို့ တင်ပြတာ အကြိမ်ကြိမ်
ပါပဲ။ လူကိုယ်တိုင် နေပြည်တော်အထိသွားပြီး တင်တာပါ။ ဒါပေမဲ့အခုအချိန်ထိ သူတို့ဆီက ဘာမှ
အကြောင်းမပြန်ပါဘူး"ဟု ကိုကျော်ကျော်အောင်က ပြောသည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် လယ်ယာ မြေအငြင်းပွားမှုများ ဖြစ်ပွားလျက်ရှိရာ အထူးသဖြင့် စစ်တပ်၊
ကုမ္ပဏီနှင့် ၀န်ကြီးဌာနများက စီမံကိန်းများ အကြောင်းပြကာ သိမ်းယူထားခြင်းဖြစ်ပြီး အဆိုပါ
ပြဿနာများအား ကော်မရှင်အဖွဲ့ဝင်များ စုံစမ်းစစ်ဆေးရာတွင် မြို့ပေါ်၌ သာမက အောက်ခြေ
ကျေးရွာများအထိ ကွင်းဆင်းစစ်ဆေးကာ အမြန်ဆုံး ဖြေရှင်းပေးသင့်ကြောင်း လယ်သမားများက
ပြောသည်။

ထို့ပြင် နိုင်ငံတော်ကလယ်သမားများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို တိုးမြှင့်ထုတ်ပေးနေ
သော်လည်း မြေယာအငြင်းပွားမှုများ ဖြစ်ပွားနေသော တောင်သူအချို့မှာ ချေးငွေရရှိရန် အခက်
အခဲရှိနေသည်။

"မြေစာရင်းအမည်ပေါက်ဖြစ်မှ ချေးငွေရမှာဆိုတော့ ကြံစိုက်တဲ့သူတွေ အားလုံး ချေးငွေမရဘူးဖြစ်
နေတယ်။ အဓိကပြဿနာကတော့ ယင်းခဲကြိုးဝိုင်းထဲရောက်နေတာကြောင့်လို့ ပြောတယ်။
သစ်တောကြိုးဝိုင်းဆိုပေမယ့် သစ်ခုတ်လို့ တောပျက်နေတာကြာပါပြီ။ ကိုင်း တွေထနေတော့
တောင်သူတွေဝင်စိုက် နေတာလည်း နှစ်တွေကြာနေပြီ။ ရှမ်းပြည်မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်း
ဒေသကြီး၊ ကသာမြို့နယ်ကြားမှာဖြစ်နေတာ။ ဒါကြောင့် ယင်းခဲမြို့နယ်က ကြံစိုက် တောင်သူ
သုံးထောင်လောက် လက်မှတ်ထိုးပြီး နိုင်ငံတော်သမ္မတဆီကို စိုက်ပျိုးခွင့်ပေးဖို့ တောင်းဆိုထား
တယ်။ အခု တော့ ကျားဖြူပါတီက ၀င်ရောက်ညှိနှိုင်းပေးတော့ မြေစာရင်းရုံး၊ သစ်တောနဲ့ ရပ်ကွက်
နဲ့ ကျေးရွာကတာဝန်ရှိသူတွေနဲ့ ပြန်ပြီး မြေတိုင်းတာတွေလုပ်မယ်။ မှတ်ပုံတင်လို့ရ၊ မရ အထက်ကို
တင်ပြပြီး မှ ဆုံးဖြတ်မယ်လို့တော့ပြောတယ်"ဟု စစ်ကိုင်းဒေသကြီး၊ ကသာမြို့ ကြံစိုက်ပျိုး
ထုတ်လုပ်သူများအသင်းအဖွဲ့ဝင်ဖြစ်သူ ဦးထွန်းတင့်က ပြောသည်။

"အခုဖြစ်နေတဲ့ ပြဿနာတွေကို သက်ဆိုင်ရာက သိမ်းဆည်းထားတဲ့ စစ်တပ်၊ ကုမ္ပဏီ၊ ၀န်ကြီးဌာန
တွေကလည်း မရှင်းဘူး။ ကော်မရှင်ကလည်း ရှင်းမပေးဘူးဆိုတော့ လယ်သမားတွေက ဘာဆက်
လုပ်ရမှန်းမသိဘူး။ သူများတွေ မှတ်ပုံတင်တဲ့အချိန် ကိုယ်ကဘာမှလုပ်လို့မရဘူးဖြစ်နေတာပေါ့"ဟု
ကန့်ဘလူမြို့နယ်မှ ကိုသန်းထိုက်က ပြောသည်။

ထို့ပြင် ယခုကဲ့သို့ လယ်ယာမြေ မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ပေးစဉ်အတွင်း နယ်စပ်ဒေသရှိ
လယ်မြေ ပိုင်ဆိုင်ခွင့်အပေါ် သက်ဆိုင်ရာဌာနများ က စိစစ်ရန်လိုကြောင်း လယ်ယာမြေလှုပ်ရှား
ဆောင်ရွက်သူများက ပြောသည်။

"ရခိုင်ပြည်နယ်မှာက လူမျိုးစု ပြဿနာဖြစ်နေပြီး အရမ်းအရေးကြီးတဲ့နေရာပါ။ ဘင်္ဂါလီလို့ခေါ်တဲ့
လူမျိုး တွေအတွက် မြေနေရာဆိုတာ အရမ်းလိုအပ်တယ်။ မြေပိုင်ဖို့အတွက် ပိုက်ဆံအများကြီးပေး
ဖို့လည်း ၀န်မလေးဘူး။ ရခိုင်နဲ့ ဒီလူမျိုးတွေကြားက မြေပြဿနာ တွေက အများကြီးပါ။ ဆင်းရဲတဲ့
သူတွေ ဆီကနေ စစ်တပ်နဲ့ လူတချို့က နည်းအမျိုးမျိုးနဲ့ ရယူထားတဲ့မြေတွေရှိတယ်။ အဲဒီလူတွေ
ဆီကနေ ဘင်္ဂါလီတွေက ပြန်ဝယ်တယ်။ ဒါကြောင့် ဒီမြေတွေကို မှတ်ပုံတင်လျှောက်တဲ့အခါ ဥပဒေ
အရ ပိုင်ဆိုင်ခွင့်ရှိလား၊ မရှိဘူးလားဆိုတာကို သေချာစစ်ဆေးပေးစေချင်တယ်" ဟု လယ်သမား
ရေးလှုပ်ရှားဆောင်ရွက်သူ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှ ကိုနိုင်ဇော်က ပြောသည်။

"ကလေး-တမူးနဲ့ ကလေး-တွန်းဂျာ နယ်စပ်လိုနေရာမျိုးတွေမှာ မြေလွတ် မြေရိုင်းတွေအရမ်းပေါ
တယ်။ ဒီနေရာ တွေမှာ ပိုက်ဆံချမ်းသာတဲ့သူတွေက နှင်းဆီပင်၊ ကျွန်း၊ ရော်ဘာပင်တွေလာ စိုက်
နေတာတွေရှိတယ်။ ဒါတွေက တရားဝင်မှတ်ပုံတင်လုပ်တာလားလို့ မြေစာရင်းဌာနက လူကြီးတွေ
ကို မေးတော့ မသိဘူးလို့ပဲပြောတယ်။ လယ်ယာမြေမှတ်ပုံတင်အသစ်ပြန်လုပ်ဖို့ မြေစာရင်းရုံးက
လာပြန်ပြောတယ်။ တော်တော်များများကလည်း မှတ်ပုံ မတင်ကြဘူးလေ။ ဒီလိုပဲလုပ်လာတာဆို
တော့ ပိုင်ပြီးသားပဲ။ နောက်ပြီး ဘယ်လိုလုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး အများစုက နားမလည်
ဘူး"ဟု ချင်း ပြည်နယ်၊ ကလေးမြို့၊ Helping Hand လူမှုကွန်ရက်အဖွဲ့မှ ဦးဒိုးခန့်ဘွေါင်က ပြော
သည်။

၀န်ကြီးဌာနသည် လယ်ယာမြေ မှတ်ပုံတင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် တိုင်းဒေသကြီးနှင့်
ပြည်နယ်အစိုးရ အဖွဲ့များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်နေပြီး ကြေးတိုင်နှင့် မြေစာရင်း မှ
ကွင်းဆင်းဆောင်ရွက်ပေးနေကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။

"ကျွန်တော်တို့ဘက်မှာတော့ လယ်သိမ်း၊ မြေသိမ်းပြဿနာသိပ်မရှိဘူး။ အဓိကအခက်အခဲက
မှတ်ပုံတင်လုပ်ပေးတဲ့အဖွဲ့တွေ မရောက်နိုင်တာပဲ။ ဝေးလွန်းတဲ့အတွက် တောင်သူတွေကလည်း
မြို့ပေါ်တက်ဖို့ခက်ခဲနေတာ"ဟု ကချင်ပြည်နယ်၊ အင်းတော်မြို့ တောင်သူများ ဖွ့ံဖြိုးတိုးတက်ရေး
အဖွဲ့မှ ဦးသန်း ညွန့်က ပြောသည်။

လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် မြန်မာပြည်အနှံ့အပြားမှ တိုင်ကြားလွှာများ
ထောင်ကျော် လက်ခံရရှိထားသော်လည်း တစ်ပြိုင်တည်းအားလုံးဖြေရှင်းရန် မဖြစ်နိုင်ကြောင်းနှင့်
ကော်မရှင်၏လုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဒေသ ဆိုင်ရာတာဝန်ရှိသူများ၏
ပူးပေါင်းပါ၀င်မှု ပိုမိုလိုအပ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးအောင်ဇင်က ပြောသည်။

"ကော်မရှင်ဆိုတာ ဆုံးဖြတ်ပေးနိုင်တဲ့ အဖွဲ့မဟုတ်ပါဘူး။ တက်လာတဲ့ ပြဿနာတွေကို စုံစမ်း
ညှိနှိုင်းပေးပြီး ဖြစ်စဉ်ကို အရှိအတိုင်း ဘက်မလိုက်ဘဲ ပြည်ထောင်စုကော်မရှင်ကို တင်ပြဖို့ပါ။ အခု
စုံစမ်းမှုတွေလည်း အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးနေပါတယ်"ဟု ဦးအောင်ဇင်က ပြော
သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး