ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့မှ အများ ပြည်သူ၏ အကြံပြုချက်
များ ပိုမိုလက်ခံ ရရှိနိုင်ရေးအတွက် Call Center များ ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
အဆိုပါအဖွဲ့ဝင်တစ်ဦးက ပြောသည်။
"ကျွန်တော်တို့အဖွဲ့တွေ လက်တွေ့ ကွင်းဆင်းပြီး ဆောင်ရွက်နေပါပြီ။ လောလောဆယ်
အကောက်ခွန်တို့၊ ဆိပ်ကမ်းအာဏာပိုင်တို့လို ဌာနတွေနဲ့ ကုန်သည် စက်မှုအသင်းချုပ်လိုအဖွဲ့တွေ
နဲ့ တွေ့ဆုံညှိနှိုင်းပြီး ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့အဖွဲ့ထဲကနေ လက်ခံ ဆောင်ရွက်ပေး
နိုင်မယ့် အဖွဲ့ဝင်တွေရဲ့ ဖုန်းနံပါတ်တွေနဲ့ သတင်းစာကနေ ကြေညာခဲ့ပါတယ်။ ဖုန်းဆက်ပြီး အကြံ
ပြုတာ တွေရှိပါတယ်။ နောက်ပိုင်း ပိုများလာမယ်ထင်တယ်။ Call Center တွေထားပြီး လက်ခံ
ဆောင်ရွက်သွားဖို့လည်း ရှိပါတယ်"ဟု အဖွဲ့ဝင်တစ်ဦးဖြစ်သူ ပြည်ထဲရေးဝန်ကြီးဌာနမှ အငြိမ်းစား
ညွှန်ကြားရေးမှူး ဦးကျော်က ပြောသည်။
ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့သည် ဖေဖော်ဝါရီလ ၂၅ ရက်မှ
စတင်ခါ လက်တွေ့ ကွင်းဆင်းလေ့လာအကဲဖြတ်မှုများ ဆောင်ရွက်ခဲ့ပြီး မတ်လ ၁ ရက်နေ့ထုတ်
နိုင်ငံပိုင်သတင်းစာများတွင် အဖွဲ့ဝင် လေးဦးကို ဆက်သွယ်နိုင်သည့် ဖုန်း နံပါတ်များဖော်ပြကာ
အများပြည်သူအား အကြံပြုချက်တောင်းခံခဲ့သည်။
ပြည်သူ့ဗဟိုပြု ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်ပြီး၊ မြန်ဆန်သွက်လက်သည့်
အုပ်ချုပ်ရေးယန္တရားဖြင့် လူမှုစီးပွားရေး သိသိသာသာ တိုးတက်စေရေး ရည်ရွယ်ကာ ပြည်သူ့
၀န်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့ကို ပြည်ထောင်စု အစိုးရအဖွဲ့မှ အမိန့်
ကြော်ငြာစာ အမှတ် ၁၇/၂၀၁၃ ဖြင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။
အဆိုပါအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် သမ္မတရုံးဝန်ကြီးတစ်ဦးဖြစ်သူ ဦးတင်နိုင်သိန်းက
တာဝန်ယူကာ ပြည်ထဲရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ
၀န်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနတို့မှ ဒုဝန်ကြီးများနှင့် အရပ်ဘက် ပညာရှင်များ
အပါအဝင် စုစုပေါင်း အဖွဲ့ ၀င် ၁၂ ဦး ပါ၀င်သည်။
အဖွဲ့အနေဖြင့် လတ်တလောတွင် ရန်ကုန်မြို့ရှိ စီးပွားရေးနှင့်သက်ဆိုင်သော ၀န်ကြီးဌာနများသို့
သွားရောက်ကာ အကန့်အသတ်ဖြစ်နေသည့် လုပ်ငန်းစဉ်များအတွက် ညှိနှိုင်းဆောက် ရွက်နေ
သည်ဟု အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးတင်မောင်သန်းက ပြောသည်။
"လောလောဆယ် စီးပွားရေးပြုပြင် ပြောင်းလဲမှုနဲ့ဆက်စပ်နေတဲ့ ဌာနတွေကို သွားကြည့်နေပါ
တယ်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို တိုက်ရိုက်အထောက်အပ့ံ ပေးနေတဲ့ ဌာနတွေကို အရင်
ကြည့်တဲ့ သဘောပါ။ ကျွန်တော်တို့အဖွဲ့က ဌာန တွေကိုဝင်ပြီး အဆုံးအဖြတ်ပေးတာ မဟုတ်ပါ
ဘူး။ ပြည်သူ့ဝန်ဆောင်မှု အပိုင်းရဲ့ ဘယ်အဆင့်တွေမှာ ကြန့်ကြာမှု ဖြစ်နေသလဲ၊ မူဝါဒပိုင်းမှာ
ဘယ်လို အခက်အခဲရှိနေသလဲဆိုတာကို ၀င်ရောက် ညှိနှိုင်းပေးတဲ့သဘောပါ။ ဒီအဖွဲ့ ရှိလာတဲ့
အတွက် အားလုံးအတွက် လမ်းကြောင်းတစ်ခုပွင့်သွားတဲ့သဘောပေါ့"ဟု သမ္မတ အမျိုးသားစီးပွား
ရေးနှင့် လူမှုရေးအကြံပေးကောင်စီ အဖွဲ့ဝင် တစ်ဦးလည်းဖြစ်သူ ဦးတင်မောင်သန်း က ပြောသည်။
နိုင်ငံပိုင်သတင်းစာများတွင် ကြေညာခဲ့သည့်နေ့မှစ၍ အများပြည်သူမှ တယ်လီဖုန်းဖြင့် အကြံပြု
ခြင်းနှင့် တိုင်ကြားခြင်းများ အဆက်မပြတ် လက်ခံရရှိခဲ့ပြီး လုပ်ငန်းစဉ်အရ အများပြည်သူ ပိုမို
လက်ခံရရှိနိုင်ရန် Call Center များဖြင့် ချိတ်ဆက်ဆောင်ရွက်သွားရန်ရှိကြောင်းလည်း
ဦးတင်မောင်သန်း က ပြောသည်။















