ကျည်ကာကား ငါးစီးအပါအဝင် နောက်ဆုံးပေါ်ကားပေါင်းများစွာကို တန်ဖိုးငွေကျပ်သန်း ၁၈,၀၀၀
ကျော်ဖိုး ၀ယ်ယူမည့်အစီအစဉ်အား ဒိုက်ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဆွေက
ထက်ဝက်လျှော့ချခွင့်ပြုရန် ယခုလ ၁ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်၌ ပြင်ချက်
တင်သွင်းရာ ရှုံးနိမ့်သွားခဲ့သည်။
အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနက တောင်းခံထားသည့် အဆိုပါငွေ
အတွက် ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၁၂၃ မဲ၊ ကန့်ကွက်မဲ ၃၇၆ မဲ၊
ကြားနေ ၁၆ မဲ ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
၀ယ်ယူမည့်ကားများမှာ B 6 Armored Sedan Based on Mercedes S500L (V221) အမျိုး
အစား ကျည်ကာကားငါးစီးနှင့် အခြား နောက်ဆုံးပေါ်ကား ၁၂၇ စီးဖြစ်သည်။
ကျည်ကာကားငါးစီးမှအပ ကျန်ကား အားလုံးကို ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ၀ယ်ယူရန်
ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့ခြင်း ဖြစ်သော်လည်း ပြည်ပမှကားများမှာယူရာတွင်
ရောက်ရှိလာခြင်းမရှိခဲ့သည့်အတွက် ခွင့်ပြုထားသည့် ငွေလုံးငွေရင်းများအား ပြန်လည် ပေးသွင်း၍
ယခုဘဏ္ဍာနှစ်တွင် ပြန်လည် တောင်းခံခဲ့ခြင်းဖြစ်သည်။
၂၀၁၄ တွင် ကျင်းပမည့် အာဆီယံ အလှည့်ကျသဘာပတိအဖြစ် မြန်မာ နိုင်ငံက တာဝန်ယူရာတွင်
အခြားနိုင်ငံများမှ ခေါင်းဆောင်များ၏ လုံခြံုရေး လိုအပ်ချက်အရ ၀ယ်ယူရခြင်းသာဖြစ်သည်ဟု
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ရှင်းလင်းခဲ့သည်။
"ထမင်းတစ်နပ်လျှော့စားဖို့ ပြည်သူ တွေ လမ်းညွှန်ခံနေရချိန်မှာ ကျည်ကာ ကားဝယ်ဖို့ လျှော့သင့်
ပါတယ်" ဟုလည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဆွေက ပြောသည်။
နိုင်ငံဆင်းရဲသည် မှန်သော်လည်း အခြားနိုင်ငံများမှ ခေါင်းဆောင်များ၏ လုံခြံုရေးနှင့် နိုင်ငံ၏ဂုဏ်
သိက္ခာအတွက် ကျည်ကာကားများ ၀ယ်ယူသင့်သည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
ဦးလှဆွေက ပြောသည်။
"၁၉၈၇ အာဇာနည်ကုန်းမှာ မြောက်ကိုရီးယားက ဗုံးခွဲခဲ့တာကို သင်ခန်းစာယူရမယ်။ မြန်မာပြည်
လုံခြံုရေး အားနည်းတယ်ဆိုပြီး ၀င်လာမယ့် လုပ်ကြံမယ့်သူ တွေ မရှိဘူးလို့ မပြောနိုင်ဘူး"ဟု
၎င်းက ပြောသည်။















