မျိုးနွယ်စုပေါင်း ၁၃၅ မျိုးရှိသည်ဟု ပြောဆိုသုံးနှုန်းမှု ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းက ကန့်ကွက်

မျိုးနွယ်စုပေါင်း ၁၃၅ မျိုးရှိသည်ဟု ပြောဆိုသုံးနှုန်းမှု ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းက ကန့်ကွက်

မြန်မာနိုင်ငံ၌ အဓိက လူမျိုးစုကြီး ရှစ်မျိုး ရှိပြီး မျိုးနွယ်စုပေါင်း ၁၃၅ မျိုးရှိသည်ဟု ပြောဆိုသုံးနှုန်းမှု
ကို တိုင်းရင်းသားပါတီ ခုနစ်ပါတီ စုဖွဲ့ထားသော ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်းက
ကန့်ကွက်ရှုတ်ချကြောင်း ယခုလ ၂ ရက် နှင့် ၃ ရက်က ပြုလုပ်သည့် နှစ်လ တစ်ကြိမ် ပုံမှန်အစည်း
အဝေးအပြီးတွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

ဖေဖော်ဝါရီလ ၂၈ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့ အင်အားဝန်ကြီးဌာ၊ ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးအောင်သိန်း (ရွာငံ)မဲဆန္ဒနယ်၏ မေးခွန်းကိုဖြေကြားရာတွင် သုံးနှုန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

"လွှတ်တော်မှာ လဝကဒုဝန်ကြီးက တိုင်းရင်းသား ၁၃၅ မျိုးနာမည် ချပြတယ်။ နာမည်တွေထပ်နေ
တာ တွေ့ရတယ်။ ရှမ်းမှာဆို ရှမ်း၊ ရှမ်းကြီး၊ တိုင်းလျမ်တို့ဆို တစ်မျိုးတည်းပဲ"ဟု ရှမ်းတိုင်းရင်းသား
များ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဘိုးအောင်က ပြောသည်။

တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးရှိ သည်ဟု သုံးနှုန်းခြင်းသည် မျိုးနွယ်စု များလွန်း၍ တစ်မျိုးစီ၏
အခွင့်အရေးအား သီးခြားဆောင်ရွက်ပေးရန် ခက်ခဲသည်ဟု နိုင်ငံရေးအရ အကြောင်းပြရန် ဖြစ်နိုင်
သည်ဟု ၎င်းက ပြောသည်။

"တိုင်းရင်းသားရှစ်မျိုးထဲမှာ ဗမာက လွဲပြီး ကျန်တဲ့တိုင်းရင်းသားတွေက လက်ခံနိုင်တဲ့ အနေအထား
မရှိပါဘူး။ ပြန်ပြီး စိစစ်ဖို့လိုတယ်၊ စာရင်းပြုစုဖို့ လို တယ်လို့ ပြောချင်ပါတယ်"ဟု ၎င်းက ဖြည့်စွက်
ပြောသည်။

ကချင်လူမျိုး ၁၂ မျိုးတွင် ကချင်၊ ထရုမ်း၊ ဒလောင်၊ ဂျိမ်းဖော၊ ဂေါ်ရီ၊ ခခု၊ ဒူးလန်း၊ မရှု(လော်ဂေါ်)၊
ရဝမ်၊ လရှီ၊ အဇီး၊ လီဆူး စသဖြင့် လဝကဒုတိယဝန်ကြီးက ပြောကြားထားသော်လည်း ခြောက်မျိုး
ဟုသာလက်ခံသည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (ကချင် ၁)မှ ဦးခက်ထိန်နန်က ပြော
သည်။

"တကယ် ကောင်းကောင်းမွန်မွန်ရေတွက်မယ်ဆိုရင် ၁၃၅ မျိုးမရောက်ပါဘူး။ ကိုယ့်မိသားစုမှာ လူ
ဘယ်နှယောက် ရှိတယ်ဆိုတာ မသိတာ မဖြစ်သင့်ပါဘူး" ဟု ၎င်းက ဖြည့်စွက်ပြောသည်။

"ကချင်ဆိုတဲ့ထဲမှာ ကျန်တဲ့ခြောက်မျိုး က ပါပြီးသား။ ကချင်ဆိုတာ ထပ်ထည့်စရာ မလိုပါဘူး။
ဂျိန်းဖော၊ လီဆူး၊ ရဝမ်၊ အဇီး၊ လရှီ၊ မရှု(လော်ဂေါ်)တို့သာ ကချင် လူမျိုးထဲပါတာပါ"ဟု
အင်ဂျားယန် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောသည်။

ရခိုင်မျိုးနွယ်စု ခုနစ်စုတွင် ထည့်သွင်းထားသည့် ခမွီးများသည်လည်း ချင်းမျိုးနွယ်စု ၅၃ မျိုးဟု
သတ်မှတ်ထားသည့် ခမီးမျိုးနွယ်စုများနှင့် အတူတူပင်ဖြစ်သည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်
ရေးပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောသည်။

"သူတို့(ခမီး)တွေကလည်း ကျွန်တော်တို့အခေါ် ခမွီးတွေက ရခိုင်ပြည်နယ် ရောက် ချင်းလူမျိုးလို့
ယူဆကြတယ်" ဟု ၎င်းက ပြောသည်။

"မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ)ခေတ်က သိတဲ့အတိုင်း ရခိုင်ပြည် နယ်မှာရှိရင် ရခိုင်
မျိုးနွယ်ထဲ ထည့်လိုက်တာပဲ"ဟု ဖြည့်စွက်ပြောသည်။

တိုင်းရင်းသားမျိုးနွယ်များ၏ အမည်စာရင်းကို မြန်မာနိုင်ငံသမိုင်းကော်မရှင် အကြံပေးအဖွဲ့နှင့်
ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းစာပေနှင့် ယဉ်ကျေးမှု အကြံပေးအဖွဲ့တို့၏ အကြံပေးချက်များ
ကိုလည်းကောင်း၊ ၁၉၈၃ ခုနှစ်၊ သန်းခေါင်စာရင်းမတိုင်မီက ကောက်ယူရရှိခဲ့သည့် သန်းခေါင်စာရင်း
မှ လူမျိုးစု စာရင်းများကိုလည်းကောင်း အခြေခံ၍ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟို ကော်မတီ
ဌာနချုပ်၏ ညှိနှိုင်းပေးချက် အရ မြန်မာနိုင်ငံတွင် တိုင်းရင်းသား မျိုးနွယ်စု ၁၃၅ မျိုးဟူ၍ ပေါ်ပေါက်
လာသည်ကို သိရှိရပါကြောင်း လဝက ဒုတိယဝန်ကြီး၏ ဖြေကြားချက်တွင် ဖော်ပြထားသည်။

၁၉၉၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၆ ရက်ထုတ် လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာတွင် ယင်းလူမျိုး
စုစာရင်းများ မှာ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်း၊ ၁၉၅၃-၅၄ ခုနှစ် လူမျိုးစုစာရင်း၊ ၁၉၆၀ ပြည့်နှစ်၊
ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေး ဟောင်းစာပေနှင့် ယဉ်ကျေးမှုရုံး၏ အကြံ ပြုချက်နှင့် မြန်မာ့သမိုင်း
ကော်မရှင်၏အကြံပေးချက်၊ ၁၉၇၂ ခုနှစ်၊ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီဌာနချုပ်၊
တိုင်းရင်းသားလူမျိုးစုရေးရာ ကော်မတီ၏ ညှိနှိုင်းပေးချက်အရလည်းကောင်း အချိန်ယူပြုစုခဲ့ကြရာ
၁၉၈၃ ခုနှစ်၊ သန်းခေါင်စာရင်းတွင် အသုံးပြုခဲ့သော စာရင်းများဖြစ်ကြောင်း သိရှိရပါ သည်ဟု
ဒုတိယဝန်ကြီးက ပြန်လည် ဖြေကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး