ကျန်ရှိ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များ သတင်းပေးပို့နိုင်

ကျန်ရှိ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များ သတင်းပေးပို့နိုင်

မြန်မာနိုင်ငံအရပ်ရပ်ရှိ နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်စေရန်အတွက် လက်ကျန်
နိုင်ငံရေး အကျဉ်းသားများအား စာရင်းကောက်ယူလျက်ရှိရာ နိုင်ငံရေး အကျဉ်းသားများ နှင့် သက်
ဆိုင်သူများက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် အဖွဲ့အစည်း ခုနစ်ဖွဲ့ထံသို့ စာရင်းပေးပို့
နိုင်ကြောင်း သိရသည်။

"အခု ကော်မတီနဲ့ ကျွန်တော်တို့ဆီက ရထားတဲ့ နိုင်ငံရေးအကျဉ်းသားစာရင်းတွေ ပြုစုနေတဲ့အချိန်
မှာ မသိလိုက်ဘဲနဲ့ စာရင်းထဲပါမသွားမှာစိုးလို့ အခုလို ကျွန်တော်တို့ နှိုးဆော်ထားတာပါ။ ဒါကြောင့်
မိသားစုဝင်တွေနဲ့ တခြားသက်ဆိုင်တဲ့သူတွေကသိရင် ကော်မတီမှာ ပါ၀င်တဲ့ ဒီအဖွဲ့တွေကို
အကြောင်း ကြားပေးစေချင်တယ်"ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ သတင်း နှင့်
ပြန်ကြားရေးတာဝန်ခံ ဦးသက်ဦးက ပြောသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးအတွက် နိုင်ငံတော်သမ္မတရုံးဝန်ကြီး
ဦးစိုးသိန်း ခေါင်းဆောင်သော လက်ကျန်နိုင်ငံရေး အကျဉ်းသားဟောင်းများ စိစစ်ရေး ကော်မတီကို
ဖေဖော်ဝါရီလ ရ ရက်နေ့ တွင် ဖွဲ့စည်းခဲ့သည်။

ယင်းကော်မတီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ နိုင်ငံရေးအကျဉ်းသားဟောင်း ကူညီ စောင့်ရှောက်ရေးအသင်း
(AAPP)၊ နိုင်ငံရေးအကျဉ်းသားများ အဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်းသားများအဖွဲ့(FPPs)နှင့် ဦးသူရ
(ဇာဂနာ)တို့ ပါ၀င်သည်။

"ကော်မတီက ကိုယ်စားလှယ်အဖွဲ့ဝင် တွေ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ငြိမ်းချမ်းရေးစင်တာမှာ
ပထမဆုံးတွေ့ ဖြစ်ကြတယ်။ သူတို့ကတော့ ကျွန်တော် တို့အဖွဲ့တွေကနေ စိစစ်ပြီး ရလာတဲ့
အကျဉ်းသားစာရင်းတွေကို သမ္မတဆီ တင်ပေးမယ်လို့တော့ စကားပလ္လင်ခံထားတယ်။ သေချာ
မပြောဖြစ်သေးပါ ဘူး"ဟု ဦးသက်ဦးကပြောသည်။

AAPP၊ FPPs နှင့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့တို့၏ နောက်ဆုံးစာရင်းအရ လက်ရှိတွင်
လက်ကျန် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂၈၈ ဦးခန့် ရှိကြောင်း သိရသည်။

"အခု အဖွဲ့သုံးဖွဲ့ ညှိလိုက်တာက ၂၈၈ ပေါ့။ နောက် ဝေးလံတဲ့ တိုင်းရင်းသား ဒေသကလူတွေ
ထည့်တွက်ရင်တော့ ၄၀၀ လောက်တော့ ကျန်မယ်။ အားလုံး ပေါင်းကတော့ ကျွန်တော်တို့ အခြား
အဖွဲ့တွေနဲ့ ပြန်ညှိပြီးမှပဲ တရားဝင် ပြောလို့ရမယ်။ ကော်မတီရဲ့ စာရင်းနဲ့ ကျွန်တော်တို့ကွာဟနေ
တာတွေရှိတော့ ကျွန်တော်တို့ဘက်က သေချာပြောနိုင်ဖို့ အထောက်အထားတော့လိုတယ်" ဟု
ဦးသက်ဦးက ပြောသည်။

"နိုင်ငံရေးအကျဉ်းသား ဘယ်တော့ ထပ်လွှတ်မလဲဆိုတာတော့ မသိသေးဘူး။ အခု ကျွန်တော်တို့
နဲ့ ကော်မတီ ဒီလ ၁၆ ရက်နေ့ ထပ်တွေ့မယ်။ ဒီ တစ်ခေါက် တွေ့ပြီးရင်တော့ မကြာခင် ထပ်
လွှတ်ပေးမယ်လို့ ထင်တယ်"ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး