မအူပင်မြို့နယ်ရှိ လယ်ယာမြေများအတွက် ကော်မရှင်ဖွဲ့ စုံစမ်း

မအူပင်မြို့နယ်ရှိ လယ်ယာမြေများအတွက် ကော်မရှင်ဖွဲ့ စုံစမ်း

မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုအပိုင်၌ ဖေဖော်ဝါရီလ ၆ ရက်နေ့ က အချင်းဖြစ်ပွားခဲ့သော
၁၉၉၆ ခုနှစ်က ကုမ္ပဏီပိုင်အဖြစ် သိမ်းယူခံခဲ့ရသည်ဆိုသည့် လယ်ယာမြေများနှင့်ပတ်သက်၍
စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ စုံစမ်းမည်ဖြစ်ပြီး အဆိုပါလယ်များအား လုပ်ကိုင်ခဲ့ဖူးသည်ဆိုသူ
လယ်သမားများထံမှလည်း အထောက်အထားများ ပြသရန် လိုကြောင်း သိရသည်။

"ဧရာဝတီတိုင်းဒေသကြီး၊ ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီး ဦးဝင်းကိုကို ဦးဆောင်ပြီးတော့
အဖွဲ့ဝင် ခုနစ်ယောက် ပါ၀င်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ထားပါတယ်။ မတ်လ ၆ ရက်နေ့မှာ စတင်
စစ်ဆေးမှာဖြစ်ပြီး အချိန်ကြာကြာမယူဖို့ ဆုံးဖြတ်ထားပါတယ်။ စုံစမ်းစစ်ဆေးမှု တွေကို ၁၀ ရက်
၀န်းကျင်မှာပဲ ပြီးစီးဖို့ မျှော်လင့်ပါတယ်"ဟု ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ လက်ထောက်
ညွှန်ကြားရေးမှူး ဦးထွန်းကျော်ကျော်က မြန်မာတိုင်း(မ်)ကို ပြောသည်။

အဆိုပါစုံစမ်းစစ်ဆေးရေးအဖွဲ့တွင် အရပ်ဘက်မှ ဥပဒေပညာရှင်တစ်ဦး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ
တောင်သူလယ် သမားအသင်း၊ မအူပင်မြို့နယ် ကိုယ်စား လှယ် ဦးမြင့်ဦးတို့ပါ ပါ၀င်ကြောင်း ၎င်းက
ပြောသည်။

"ဒီလယ်တွေ တကယ်အသိမ်းခံရတာ ဟုတ်မဟုတ်နဲ့ လယ်သမားတွေ မြေပြန်ရမလား၊ လျော်ကြေး
ငွေပြန်ရမလားဆိုတာတွေကို ကော်မရှင်က စုံစမ်းပြီးသွားတဲ့အခါထွက်ပေါ်လာတဲ့ အဖြေမှန်အတိုင်း
ဆုံးဖြတ်ပါမယ်။ အခုတော့ ကျွန်တော်တို့ ဘာပြန်ပေးမလဲဆိုတာမျိုးကို သေချာပြောဖို့ မဖြစ်နိုင်
သေးပါဘူး။ ဒါပေမဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြီးသွား ရင်တော့ ဖြစ်စဉ်အမှန်အတိုင်းပဲ ဆုံးဖြတ်သွားမှာ
ပါ"ဟု ၎င်းက ပြောသည်။

ထို့ပြင် အငြင်းပွားသော လယ်မြေ နေရာတွင် ယခင်လုပ်ကိုင်ခဲ့သည်ဆို သော ပလောင်၊ အဒိတ်နှင့်
ကွန်ဒိုင်း ကလေးရွာများမှ ရွာသားများကလည်း လယ်ယာမြေပိုင်ဆိုင်ကြောင်းကို ပြန် ဖော်ထုတ်ရန်
ကြိုးစားနေကြသည်။

"အာဏာပိုင်ဘက်ကလည်း ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးပေးမယ် ပြောပါတယ်။ စစ်ဆေးပေးမယ့်
လူတွေကို ကျွန်တော်တို့ လယ်ယာမြေ တကယ်အသိမ်းခံခဲ့ရတဲ့အကြောင်း၊ လယ်ယာ မြေ ပိုင်ဆိုင်
ကြောင်း အထောက်အထား တွေကို ပြန်ပြနိုင်ဖို့အတွက် ကျွန်တော်တို့ ဘက်ကလည်း ကော်မရှင်
သဘောမျိုး ဖွဲ့ပြီး အချက်အလက် စုဆောင်းနေပါတယ်"ဟု ကိုမောင်ကြိုင်ကပြောသည်။

လယ်သမားများအနေဖြင့် အချို့မှာ မြေယာအတွက် အခွန်ပြေစာများ သက်သေပြရန်ရှိပြီး အချို့မှာ
မူ စာရွက်စာတမ်းများ မရှိတော့သဖြင့် လူသက်သေများသာရှိကြောင်း သိရသည်။

"အဖွဲ့ထဲမှာ ပလောင်က ရွာသား ငါး ယောက်၊ အဒိတ်က သုံးယောက်နဲ့ ကွန်ဒိုင်းကလေးက
နှစ်ယောက်ပါမယ်။ ဒီ ၁၀ ယောက်က ဦးဆောင်ပြီးတော့ ဟိုတုန်းက ကုမ္ပဏီအသိမ်းမခံရခင်
ဘယ်သူတွေ ဘယ်နှဧက လုပ်ခဲ့တယ်ဆိုတာမျိုး စာရင်းပြုစုပြီး တင်ပြပါမယ်" ဟု ၎င်းက ပြော
သည်။

ပဋိပက္ခဖြစ်ပွားစဉ်အတွင်း ဒဏ်ရာ ရရှိခဲ့သဖြင့် မအူပင်ဆေးရုံ၌ တက် ရောက်ကုသနေရသော
ရွာသားများ အားလုံးနီးပါး ဆေးရုံမှ ပြန်ဆင်းနိုင်ခဲ့ပြီ ဖြစ်ပြီး ပဋိပက္ခအတွင်းပါ၀င်ခဲ့သော ရွာများနှင့်
အနီးအနားမှ ရွာများတွင် အခြေအနေ ငြိမ်သက်လျက်ရှိကြောင်း မအူပင်မြို့နယ်၊ အစိုးရမဟုတ်
သော အဖွဲ့အစည်းများကွန်ရက်မှ ကိုသူရက ယခု လ ၅ ရက်နေ့တွင် ပြောသည်။

မအူပင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီလင်းက မလက်တို ကျေးရွာ အုပ်စုအတွင်း အခြေအနေများ
တည်ငြိမ်သွားပြီဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဒေသခံတို့ကြား ဖေဖော်ဝါရီ လ ၂၆ ရက်
နေ့က ဖြစ်ပွားခဲ့သော ပဋိပက္ခများအပြီးတွင် ဆက်လက်ထုတ်ပြန်ထားခဲ့သည့် တားမြစ်ပုဒ်မ ၁၄၄
ကိုလည်း မတ်လ ၂ ရက်နေ့ ည ရ နာရီအချိန်ခန့် က ရုပ်သိမ်းလိုက်ပြီဟု ပြောသည်။

"အဲဒီဖြစ်စဉ်တုန်းက အပြင်က သွေးထိုးလှုံ့ဆော်မှုတွေလည်း ရှိခဲ့ပါ တယ်။ ဒီမှာ ဟိုအဖွဲ့အစည်းက၊
ဒီအဖွဲ့ အစည်းကနဲ့ သတင်းတွေအမျိုးမျိုးထွက် ပေါ်ခဲ့ပြီး သက်ဆိုင်ရာအဖွဲ့တွေဆီ ဖုန်းဆက် စုံစမ်း
တဲ့အခါမှာ သတင်းအမှား တွေ ဖြစ်နေပါတယ်။ ဒီလိုဖြစ်ရပ်မျိုးတွေ ထပ်မဖြစ်အောင်ကြားထဲမှာ
သွေးထိုးမှုတွေရှိခဲ့တယ်ဆိုတဲ့ အကြောင်းနဲ့ သတင်းဖြစ်စဉ်အမှန်တွေကို ပြည်သူတွေ သိရှိဖို့ ဖြန့်ဝေ
သွားမှာဖြစ်ပါတယ်" ဟု ဦးညီညီလင်းက ပြောသည်။

ထို့ပြင် မအူပင်ပဋိပက္ခနှင့် ပတ်သက်၍ အင်တာနက် လူမှုစာမျက်နှာများပေါ်တွင် ပဋိပက္ခဖြစ်စေရန်
လှိုင်သာယာမြို့နယ်ရှိ ဗေဒါသင်တန်းကျောင်းမှ လူငယ် သုံးဦးက ပါ၀င်ပတ်သက်ခဲ့သည်ဟူသည့်
ရေးသားမှုများကို ဗေဒါသင်တန်း ကျောင်းက ငြင်းဆိုခဲ့ပြီး အဆိုပါ လူငယ် သုံးဦးသည် ဗေဒါ
သင်တန်းကျောင်းမှ မဟုတ်ကြောင်းနှင့် လှိုင်သာယာမြို့နယ် တွင်လည်း ဗေဒါသင်တန်းကျောင်းခွဲ
မရှိ ကြောင်း ရှင်းလင်းချက်တစ်ရပ်ကို ယခုလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး