အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ် တင်မြှောက်ခြင်းခံခဲ့ရသည့်
ဒေါ်အောင်ဆန်းစုကြည်က ပါတီ၏ ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ပါတီဝင်များ
အချင်းချင်း ညီညွတ်ကြရန် တိုက်တွန်း ပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၏ ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် ညီလာခံကို မတ်လ ၈
ရက်မှ ၁၀ ရက်နေ့ အထိ ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၉ ရက် ညီလာခံပထမနေ့တွင် ပါတီဝင်များ အချင်းချင်းကြား
ကုလားထိုင် နေရာလုမှုများလည်း ရှိနေကြောင်း၊ နေရာယူချင် စိတ်ထက် တာဝန်ယူချင်စိတ်ဖြင့်
အလုပ်လုပ်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
"ကျွန်မ၂၅နှစ်အတွင်းမှာ အမြဲပြောခဲ့တာ ရှိပါတယ်။ မရှိသေးတဲ့ ကုလားထိုင်ကို လုနေရင် ကုလား
ထိုင်ပေါ်လာတော့ ဘယ်လိုလုပ်မလဲဆိုတာ ခဏခဏ ပြောခဲ့တယ်။ အခုတော့ ဘယ်လိုပဲပြောပြော
အဖွဲ့ချုပ်အတွင်းမှာ ကုလားထိုင်လေး တွေ ပေါ်လာတော့ ရူးတာလေးတွေရှိတယ်ဆိုတာ ၀န်ခံရမှာ
ပါ" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
"ဒါတွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ကြပါ"ဟုလည်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့
သည်။
နိုင်ငံလုံးဆိုင်ရာ ညီလာခံမကျင်းပမီ ကာလအတွင်းတွင် ပါတီအောက်ခြေ ပါတီဝင်များအတွင်း ပဋိ
ပက္ခများစွာ ဖြစ်ပေါ်ခဲ့ရာ ညီလာခံမကျင်းပမီ ရက် ပိုင်းအလိုတွင် ညီလာခံကိုယ်စားလှယ် လေးဦး
အား နုတ်ပယ်ခဲ့သည်။
"ကျွန်မတို့ဟာ တာဝန်ယူချင်စိတ်နဲ့ အလုပ်လုပ်ရမှာပါ။ နေရာယူချင်စိတ်နဲ့ လုပ်ရမှာမဟုတ်ပါဘူး"
ဟု ဒေါ်အောင်ဆန်းစုကြည်က ပါတီဝင်များကို ပြောကြားခဲ့သည်။
မတ်လ ၅ ရက်နေ့က ထုတ်ပြန်ခဲ့သော ကြေညာချက်အရ ထုတ်ပယ်ခံရသည့်သူများသည် အဖွဲ့
ချုပ်အတွင်း ညီညွတ်ရေးကို ပြိုကွဲပျက်စီးစေမည့် အပြုအမူ၊ အပြောအဆို၊ လှုပ်ရှားမှုများ ရှိသည်ဟု
ခိုင်လုံသောသက်သေများ ရရှိထားသဖြင့် နိုင်ငံလုံးဆိုင်ရာ ညီလာခံကိုယ်စားလှယ်အဖြစ် တက်
ရောက်ခွင့်ကို ရပ်စဲလိုက်သည်ဟု ဖော်ပြထားသည်။
နိုင်ငံလုံးဆိုင်ရာ ညီလာခံမကျင်းပခင် ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်နှင့် တိုင်း ဒေသကြီးအဆင့်
ညီလာခံ စုစုပေါင်း တစ်နိုင်ငံလုံးတွင် ၁၆,၀၀၀ ခန့် ကျင်းပခဲ့ရာ ပါတီဝင်အချင်းချင်း ညီလာခံကျင်းပ
ရေးကော်မရှင် ခန့်ထားရာမှ စသည့် အငြင်းပွားမှု စုစုပေါင်း ၄၀ ခန့် ဖြစ်ပေါ် ခဲ့ကြောင်းလည်း ပါတီ
၏နာယက ဦးဝင်းတင်က ပြောခဲ့သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ပါတီဝင်များအနေဖြင့် အမြဲတစေ လေ့လာမှုများ ပြုလုပ်နေရမည်
ဖြစ်ပြီး အားနည်းချက်များရှိပါက ပြုပြင်နိုင်ရန် ကြိုးစားကြရမည်ဟု ပြောကြားခဲ့သည်။
"ကိုယ့်ကိုယ်ကိုယ် လှည့်ဖျားနေရုံနဲ့ တော့ တိုးတက်မှုရှိနိုင်မှာ မဟုတ်ဘူး" ဟု ၎င်းက ပြောသည်။
အဆိုပါ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၀င် ၁၅ ဦး၊ အရန်ငါးဦး၊
အလုပ်အမှုဆောင် ကော်မတီဝင် ၁၂၀၊ အရန် ၃၀ တို့ အား တက်ရောက်သည့် ညီလာခံကိုယ်စား
လှယ် ၈၉၀ ခန့်က ပြန်လည်ရွေးချယ်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဋ္ဌ အဖြစ် ပြန်လည်
တင်မြှောက်ခဲ့သည်။
ဗဟိုအလုပ်အမှုဆောင် ပါတီဝင်များကို ရွေးချယ်ခြင်းမပြုမီ မတ်လ ၉ ရက်နေ့တွင် အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ် ပါတီ၏ နာယကတစ်ဦးလည်းဖြစ်သူ ဦးတင်ဦးက အဖွဲ့ချုပ်သည် ဗဟိုဦးစီးစနစ်ကို
ကျင့်သုံးသည်ဟု စွပ်စွဲပြောဆိုခံရမှုများ ရှိသော်လည်း အမှန်တကယ်တွင် ယခုညီလာခံ၌
ဒီမိုကရေစီနည်းလမ်းကျစွာ ရွေးချယ်ကြခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာညီလာခံသို့ နိုင်ငံရေး ပါတီကြီးအချို့မှ ခေါင်း
ဆောင်များလည်း တက်ရောက်ခဲ့ကြရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံံ့ဖြိုးရေးပါတီမှ အထွေထွေ
အတွင်းရေးမှူး ဦးဌေးဦးလည်း တက်ရောက်ခဲ့သည်။
"ကျွန်တော်တို့ နိုင်ငံရေးပါတီတွေ အားလုံးဟာ တူညီတဲ့လမ်းကြောင်းပေါ် အတူတကွ လျှောက်
လှမ်းနေကြတယ်လို့ ယုံကြည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ပြောတဲ့ တိုင်းပြည်အတွက်
အတူတကွ လက်တွဲလုပ်ဆောင်သွားဖို့ လိုတယ်ဆိုတာကိုလည်း သဘောတူပါတယ်"ဟု ဦးဌေးဦး
က ပြောသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ညီလာခံတွင် ယခင် ပါတီဝင်ဟောင်းများ ဖြစ်ခဲ့ပြီး အမျိုးသား
ဒီမိုကရေစီအင်အားစုပါတီမှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည့် ဒေါက်တာ
သန်းဝင်း၊ ဦးကြည်မြင့်နှင့် ဦးတင်အောင်အောင်နှင့် ဦးမြင့်သွင်တို့ကို ပါတီဝင် အဖြစ် ပြန်လည်
ခန့်အပ်ခြင်းရှိမရှိနှင့် ပတ်သက်ပြီး ညီလာခံကိုယ်စားလှယ်များထံမှ သဘောထားရယူခဲ့သည်။
မဲခွဲဆုံးဖြတ်ရာတွင် သဘောတူညီသူ ၃၁၉ ဦးနှင့် သဘောမတူညီသူ ၄၆၂ ဦး ထွက်ပေါ်ခဲ့သည်။
















