ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ကိုယ်ပိုင်စာပေများ ကွယ်ပျောက်လုနီးပါးဖြစ်နေသော တောင်ရိုး
တိုင်းရင်းသား လူမျိုးစုအတွက် တောင်ရိုးတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီကို ယခုနှစ်
ဖေဖော်ဝါရီလကုန်ပိုင်းတွင် စတင်ဖွဲ့စည်းခဲ့သည်။
"အခုအချိန်မှာ အဖွဲ့အစည်းတစ်ခု အနေနဲ့ စာပေနှင့်ယဉ်ကျေးမှုအသင်း ကြီးရှိလာခဲ့ပြီ။ တောင်ရိုး
တိုင်းရင်းသား တွေ အနာဂတ်မှာကြံုလာရမယ့် အခက်အခဲတွေကို ဖြေရှင်းပေးဖို့အတွက်လည်း
ကျန်ရှိနေပါသေးတယ်။ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်နေကြတဲ့ တိုင်းရင်းသား လူမျိုးစုတွေထဲမှာ
အခိုင်အမာရပ်တည်လာနိုင်ဖို့အတွက် အလေးပေးလုပ်ဆောင် နေပါတယ်။ ဒီအသင်းရဲ့ ဆက်ဆံ
ရေးရုံး ခွဲကိုလည်း ရှမ်းပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ အောင်ပန်းမြို့အဝင်မှာ နေရာ ရွေးချယ်ထား
ပေးပြီးဖြစ်တယ်"ဟု ဥက္ကဋ္ဌ ဦးသောင်းရွှေက ပြောကြားခဲ့သည်။
တောင်ရိုးတိုင်းရင်းသားများမှာ ဓနု၊ ပအိုဝ်းစသည့် တိုင်းရင်းသားလူမျိုးများ ဖြင့် ရောနှောနေထိုင်
လျက်ရှိပြီး ကိုယ်ပိုင် တိုင်းရင်းသား မျိုးနွယ်ပျောက်ကွယ် စရာဖြစ်ခဲ့သည်။
အဆိုပါရောလျက်နေမှု ကို ကိုယ်ပိုင်တိုင်းရင်းသားအဖြစ် ပြန်လည်ဖော်ထုတ်နိုင်ရန် တောင်ရိုး
တိုင်းရင်းသား လူဦးရေစာရင်း ကောက်ခံ သွားရန်ရှိသည်ဟု ၎င်းက ပြောသည်။
"လွှတ်တော်မှာ ကိုယ့်တိုင်းရင်းသား လူမျိုးစုအရေး တင်ပြဆွေးနွေးဖို့ရာ ကိုယ်ပိုင်တိုင်းရင်းသား
ကိုယ်စားလှယ် အမတ်တစ်ဦးရှိရပါမယ်။ အဲဒီအတွက် တိုင်းရင်းသားလူမျိုးစုမှာ လူဦးရေ ခြောက်
သောင်းစာရင်းရှိရင် အမတ်တစ်ယောက်ရမယ်ဆိုတဲ့အတွက် အနယ်နယ်အရပ်ရပ်မှာ ရှမ်းလူမျိုးစု
တွေနဲ့ ရောနှောနေထိုင်နေကြတဲ့ တောင်ရိုး တိုင်းရင်းသားလူမျိုးတွေကို ပြန်လည် ဖော်ထုတ်ပြီး
လူဦးရေစာရင်းကောက်ခံ သွားပါဦးမယ်"ဟု ဦးသောင်းရွှေက ပြောကြားသည်။
ယခုလက်ရှိတောင်ရိုးတိုင်းရင်းသား ဦးရေခန့်မှန်းခြေ ငါးသောင်းနီးပါးရှိပြီး သန်းခေါင်စာရင်း
ထပ်ပေါင်းကောက်ခံ သွားနိုင်ရန် ဒေသဆိုင်ရာလူဝင်မှုကြီး ကြပ်ရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်
သွားမည်ဟု ၎င်းက ပြောသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သက်ဆိုင်ရာ တိုင်းဒေသကြီးများတွင်ရှိသော လူဦးရေ၏ သုည ဒသမ
၀၁ ရာခိုင် နှုန်းသည် တိုင်းရင်းသားများဖြစ်ပါက တိုင်းရင်းသားရေးရာ ၀န်ကြီးများကို ခန့်အပ်ခွင့်ရှိ
သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း(၁) ပုဒ်မ ၁၅ တွင် လျော်ကန်သင့်မြတ်သော လူဦးရေ
ရှိသည့် တိုင်းရင်းသားလူမျိုးများအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ်နှင့်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု ဥပဒေပြုပြင်ရေးတွင် တိုင်းရင်းသား ကိုယ်စားလှယ်များ ပါ၀င်ခွင့်ရှိ
ကြောင်း ပြဋ္ဌာန်းထားသည်။
ဦးကျော်လှကလည်း "တောင်ရိုးတိုင်း ရင်းသားစာပေကို တတ်ကျွမ်းတဲ့ တောင်ရိုး တိုင်းရင်းသား
ဘုန်းတော်ကြီးတွေနဲ့ ရှေးတောင်ရိုး တိုင်းရင်းသားတွေပါ ပူးပေါင်းပြီး ဘုန်းတော်ကြီးသင်ကျောင်း
တွေမှာ သင်ကြားနိုင်အောင် ကြိုးစားနေပါတယ်။ သင်ကြားတဲ့အခါမှာ လူငယ်တွေ ကို အဓိက
စည်းရုံးသင်ကြားပေးပြီး လက်ဆင့်ကမ်းသွားဖို့ရှိပါတယ်"ဟု ၎င်းက ပြောသည်။
တောင်ရိုး တိုင်းရင်းသားများမှာ အဓိကအားဖြင့် ကလော၊ တောင်ကြီး၊ ပင်းတယ၊ ညောင်ရွှေ၊
ရပ်စောက်၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်း စသည့် မြို့နယ်များတွင် ပျံ့နှံနေထိုင်ကြသည်။
တောင်ရိုးတိုင်းရင်းသား လူမျိုးစုများ ၏ ယဉ်ကျေးမှု ပြန်လည်ဖော်ထုတ်ခြင်း အနေဖြင့် တောင်ရိုး
တိုင်းရင်းသားများ ယဉ်ကျေးမှုစုံညီပွဲတော်ကို ၂၀၁၀ ပြည့် နှစ်တွင် စတင်ဆင်နွှဲခဲ့ပြီး ယခုနှစ် မတ်လ
၁၃ မှ ၁၅ ရက်နေ့အထိ ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်၊ ဆယ်ခေါင်ကျေးရွာတွင်
ကျင်းပခဲ့သည်။
"အနယ်နယ်အရပ်ရပ်က တောင်ရိုး တိုင်းရင်းသားတွေ စည်းလုံးညီညွတ်မှု ရှိလာစေဖို့ အထောက်
အပံ့ကောင်း တစ်ခုပါ။ တစ်နှစ်ထက်တစ်နှစ်က ပွဲစီစဉ် တာ ပိုပြည့်စုံလာပါတယ်။ ပတ်ဝန်းကျင်
ရွာတွေက ညီတော်နောင်တော် ပအိုဝ်း၊ ဓနု၊ ရှမ်းတို့ ပါ၀င်ဆင်နွှဲလာကြတယ်။ ဒီနှစ်မှာ ခန့်မှန်းခြေ
သုံးသောင်းလောက် လာကြတယ်။ ကိုယ့်ရဲ့အမျိုးဂုဏ်၊ ဇာတိ ဂုဏ် မြင့်မားလာဖို့နဲ့ မြန်မာနိုင်ငံမှာ
ရှိတဲ့ တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၅ မျိုးမှာ မားမားမတ်မတ် ရပ်တည်လာနိုင်တော့မယ်လို့ မျှော်
လင့်တယ်။ အဲဒီအတွက် အရမ်းပီတိဖြစ်ရတယ်"ဟု တောင်ရိုး တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာ
ပွဲတော် တာဝန်ခံ ဦးအောင်ပျော်က မြန်မာတိုင်း(မ်)ကို ပြောကြားသည်။
တောင်ရိုး တိုင်းရင်းသားလူမျိုးစု ၀တ်စုံကိုလည်း ယခင်ဂျပ်ခုတ်သင်တိုင်း အရှည်အစား အနက်
ရောင်ကတ္တီပါ ပေါ်တွင် စီးကွင့်ထိုးကာပြန်လည်ဆန်းသစ်တီထွင်ခဲ့သည်။
















