အခွန်ဝင်ငွေပိုရရေး အခွန်စနစ်ပြောင်းလဲရန် အကြံပြု

အခွန်ဝင်ငွေပိုရရေး အခွန်စနစ်ပြောင်းလဲရန် အကြံပြု

လာမည့်၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ် အတွက် အခွန်နှုန်းထားအချို့ ပြင်ဆင်ရန်နှင့် နိုင်ငံတကာ
လက်ခံသည့်ပုံစံ အတိုင်းကောက်ခံသွားရန် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးမှုများရှိနေပြီး
ပြီးခဲ့သည့်သီတင်းပတ်ကလည်း ဘဏ္ဍာရေး နှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးဝင်းရှိန်က
အခွန်ဝင်ငွေပိုမိုရရှိ အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မတ်လ ၁၁ ရက်နေ့က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ
က အခွန် ကောက်ခံစနစ်များကို လက်တွေ့အခြေ အနေနှင့်ကိုက်ညီမည့် အလျှော့အတင်း ပြုလုပ်
သင့်ပြီး ကုန်သွယ်ခွန်၊ ၀င်ငွေခွန် နှင့် တံဆိပ်ခေါင်းခွန်စသည်တို့ကိုပြုပြင် ပြောင်းလဲသင့်ကြောင်းနှင့်
မတ်လ ၁၂ ရက်နေ့တွင်လည်း လာမည့်ဘဏ္ဍာနှစ် အတွက် ခေတ်ကာလနှင့်မလျော်ညီသည့်
အခွန်နှုန်းထားများ ခေတ်နှင့်အညီ ပြန်လည်သတ်မှတ်ရန်၊ အခွန်ယိုဖိတ်မှု မရှိစေရန် ကော်မရှင်
အဆင့်ဆင့် ဖွဲ့စည်း ဆောင်ရွက်ရန် အကြံပြုခဲ့ကြသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက လက်ရှိဘဏ္ဍာနှစ် အစ ဧပြီလ ၁ ရက်နေ့က
ပင် အခွန် ကောက်ခံပုံစနစ် ပြောင်းလဲခဲ့မှုကြောင့် ယမန်နှစ်ထက် ကျပ် ဘီလျံ ၉၀၀ ပိုမိုရရှိ ခဲ့ပြီး
ယင်းတို့မှာ ၀င်ငွေခွန်နှင့် ကုန်သွယ်ခွန်မှ အများဆုံးဖြစ်ကြောင်းပြောသည်။

"လာမယ့်နှစ်အတွက် tax structure တစ်ခုလုံးကို ပြန်စဉ်းစားဖို့လိုတယ်။ ၀န်ကြီးဌာနတွေက
လျာထားချက်တွေ လျော့နေတယ်။

"အခုခန့်မှန်းထားတာလောက်မှ မရရင် တိုင်းပြည်ဒုက္ခရောက်လိမ့်မယ်။ လွှတ်တော်မှာ အမျိုးသား
စီမံကိန်းနဲ့ ရသုံးမှန်းခြေ ငွေစာရင်းကိစ္စနှစ်ရပ်ကို အဓိကထား ဆွေးနွေးနေတယ်။ ငွေတွေကို ဘယ်
ဌာနက ဘယ်လောက် သုံးပါမယ်။ ဘယ်ဌာနအတွက် ဘယ်လောက်လျာထားတယ်ဆိုပြီး ဆွေးနွေး
နေတာဖြစ်တဲ့အတွက် အခွန်ကျင့်ဝတ်၊ ဥပဒေတို့နဲ့ လျော်ညီတဲ့ ကောက်ခံ စနစ်တွေ ပြင်ဆင်ထား
တယ်"ဟု ၎င်းက ပြောသည်။

စီးပွားရေးပညာရှင် ဦးခိုင်ထွန်းကမူ အခွန်နှုန်းထားများပြင်ရုံနှင့်၊ အခွန်ဝင် ငွေတိုးမလာနိုင်ကြောင်း
နှင့်၊ အခွန်ထမ်း နှင့် အခွန်ကောက်ခံသူအကြား ရိုးသားမှု နှင့် အသိတရားပေါ် မူတည်ပြီးသာ အခွန်
နှုန်းထားတိုးလာမှာဖြစ်ကြောင်းပြောသည်။

"လာမယ့်နှစ်မှာ အခွန်တိုးပါ့မလားဆိုတာ သံသယဖြစ်စရာပါ။ အခွန်နှုန်းတွေ (အများအားဖြင့်)
ထပ်လျှော့ပေးတယ်။ ပို့ကုန်ခွန်ဆို မရှိသလောက်ဖြစ်သွားပြီ။ လာမယ့်နှစ်တွေမှာ ကားတွေအရင်
နှစ်လို အများအပြားသွင်းလာနိုင်ခြေကလည်းမရှိတော့ ကားတင်သွင်းမှုကရတဲ့ အခွန်ကလည်း
အရင်နှစ်ထက်လျော့နိုင်ပါတယ်"ဟု ၎င်းကပြောသည်။

"ဘတ်ဂျက်နဲ့ နိုင်ငံတော်စီမံကိန်းတွေအတွက် အခွန်ရဲ့ပံ့ပိုးနိုင်မှုက အရင် အတိုင်းနည်းနေဦးမှာပါပဲ"
ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ အခွန်စည်းကြပ်မှုရငွေ မှာ ဂျီဒီပီနှင့်ယှဉ်လျှင် သုံးမှလေးရာခိုင် နှုန်းကျော်သာရှိပြီး
အာဖဂန်နိုင်ငံတွင်ပင် ဂျီဒီပီ၏ခြောက်ရာခိုင်နှုန်းကျော်ရှိ နေရာ ပြည်တွင်း၏အခွန်ဝင်ငွေသည်
အစိုးရဘတ်ဂျက်နှင့် စီမံကိန်းများကို ကောင်းစွာပံ့ပိုးပေးနိုင်ရန် အလှမ်းဝေး နေဆဲဖြစ်ကြောင်း
၎င်းကပြောသည်။

"မြန်မာနိုင်ငံရဲ့အခွန်ကောက်ခံတဲ့ စနစ်က ပြင်စရာတွေအများကြီးကျန်ပါ သေးတယ်။ ၀န်ကြီးပြော
တဲ့ အခွန်ရှောင်တယ်ဆိုတဲ့ ကုမ္ပဏီကြီးတွေကို ဘယ်လို ဖော်ထုတ်မလဲ။ အရေးအကြီးဆုံးအချက်
နှစ်ချက်ရှိပါတယ်။ တစ်ချက်က မြန်မာ နိုင်ငံမှာ စာရင်းစစ်စနစ်ကို ဥပဒေ ပြဋ္ဌာန်းပေးဖို့ပါ။ လက်ရှိမှာ
အားလုံးလိုလို က စာရင်းတွေကို လိမ်ပြီးပြနေကြတယ်။ အခွန်ဆောင်ခါနီးအချိန်ကျမှ နီးရာ
စာရင်းကိုင်နဲ့ ကိုယ်ပြချင်သလောက်ပဲ အမြတ်ပြအောင်ဆွဲတယ်။ အခွန်မှူးတွေ နဲ့ညှိတယ်။ အခွန်
ကိုနှိမ့်ဆောင်တယ်။ ဖြစ်နိုင်ရင် အရှုံးပြပြီး မဆောင်ရအောင် လုပ်တယ်။ အဲဒါကို ဥပဒေနဲ့တားဖို့လို
ပါတယ်။

"ဒုတိယအချက်က ဘဏ်စနစ်မထွန်း ကားသေးခြင်းဖြစ်ပါတယ်။ တခြားနိုင်ငံ တွေမှာ ငွေပေးငွေယူ
အားလုံးလောက် နီးနီးဟာ ဘဏ်တွေကနေ ဖြတ်သွားရပါတယ်။ ဒါကြောင့် ငွေတွေဘယ်လိုစီး
ဆင်းနေတယ်ဆိုတာ မြင်သာပါတယ်။ စည်ပင်သန့်ရှင်းလို အလုပ်သမားတောင် လစာကို ဘဏ်က
တစ်ဆင့်သာ ထုတ်ရတယ်။ သူတို့ရဲ့လူမှုဖူလုံရေး၊ ပင်စင်စတာ တွေအားလုံးကို ဘဏ်စနစ်ကြီး
တစ်ခုလုံး က ဆောင်ရွက်ပေးနေလို့ ဘဏ်ကို ရှောင်လွှဲလို့မရပါဘူး။ ဒါကြောင့် ကျသင့်တဲ့အခွန်ကို
သက်ဆိုင်ရာဘဏ်စာရင်း က အလွယ်တကူ ဖြတ်ယူလိုက်နိုင်ပါတယ်။ အခွန်ရှောင်တယ်လို့
သံသယရှိ ရင်လည်း trace လိုက်ရတာ အလွန်လွယ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အခွန်စနစ်
တိုးတက်ဖို့ ဘက်ပေါင်းစုံ ပြုပြင် ပြောင်းလဲရဦးမှာပါ"ဟု ၎င်းက ပြောသည်။

၎င်းက အစိုးရဘက်က ပွင့်လင်း မြင်သာမှုနှင့် တာဝန်ယူမှုရှိဖို့လိုသလို ပြည်သူလူထုဘက်ကလည်း
ကိုယ်ထမ်းရမည့်အခွန်ငွေကို မလိမ်ညာရန်လိုအပ် ကြောင်း ပြောသည်။

အထူးသဖြင့် အနိမ့်ဆုံးအခွန်ဆောင် ရမည့် အခွန်ဝင်ငွေအဆင့်ကို လက်တွေ့ကျအောင် သတ်မှတ်
ရန်လိုအပ်ကြောင်း နှင့် တိုက်ရိုက်ခွန်အစား သွယ်ဝိုက်ခွန်များကို ပိုမိုတိုးမြှင့်ကောက်ခံသင့်ကြောင်း
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး