ပုံနှိပ်၊ ထုတ်ဝေ ဥပဒေမူကြမ်း ရုပ်သိမ်းပေးရန် တောင်းဆို

ပုံနှိပ်၊ ထုတ်ဝေ ဥပဒေမူကြမ်း ရုပ်သိမ်းပေးရန် တောင်းဆို

သတင်းလွတ်လပ်ခွင့် ကော်မတီမှ ဦးစီး ကျင်းပသည့် "ပြန်ကြားရေးဝန်ကြီးဌာန ၏ ပုံနှိပ်ခြင်းနှင့်
ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းကို ပြင်းထန်စွာ ကန့်ကွက်သည့် သဘောထားတောင်းခံသော
မျက်နှာစုံညီဆွေးနွေးပွဲ"ကို ရန်ကုန် အလံပြဘုရားလမ်းရှိ ယုဇနဂါးဒင်း ဟိုတယ်၌ မတ်လ ၁၂ ရက်
နေ့က ကျင်းပခဲ့ပြီး တက်ရောက်လာသူများက ဥပဒေကြမ်းကို ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆို
သည့် သဘောထား ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

"ဒီဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး မှတ်ပုံတင်အရာရှိကို လုံးဝအလုံးစုံ အာဏာအပ်နှင်းထားတဲ့
သဘောရှိတယ်"ဟု ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းတွင်ပါရှိသည့် အခန်း(၂) နှင့်
စပ်လျဉ်းပြီး ပြည်သူ့ခေတ် ဂျာနယ်အတိုင်ပင်ခံအယ်ဒီတာ ဦးဖေမြင့်က ရှင်းလင်းပြောကြားခဲ့သည်။

အကြံဉာဏ်ရယူပြီးနောက် အချက်သုံးချက်ပါ သဘောထားကြေညာချက်ကို အများသဘောတူ
ထုတ်ပြန်ခဲ့သည်။ ကြေညာချက်တွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ
ရေးဆွဲထုတ်ပြန်ကြေညာခဲ့သော ပုံနှိပ် ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေမူကြမ်းကို ပြန်လည် ရုပ်သိမ်း
ပေးရေး တောင်းဆိုထားပြီး ပုံနှိပ်နှင့် ထုတ်ဝေခြင်းလုပ်ငန်းများပါ အကျံုးဝင်မည့် စာနယ်ဇင်း
ကောင်စီက ရေးဆွဲထားသော မီဒီယာ ဥပဒေမူကြမ်းသည် ပြည်သူလူထု၏ အကျိုးစီးပွားကို
အာမခံပါက ထောက်ခံသွားမည်ဖြစ်ကာ ယခုထုတ်ပြန်ချက်ကို နိုင်ငံတော်သမ္မတ၊ ပြည်သူ့
လွှတ်တော် နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌများထံ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း ဖော်ပြ
ထားသည်။

ပြန်ကြားရေးဝန်ကြီးဌာနမှ ရေးဆွဲသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းကို မတ်လ
၁၈ ရက်နေ့တွင် ပြည်သူ့လွှတ်တော်မှ ဆွေးနွေးသွား မည်ဖြစ်သောကြောင့် ထိုုရက်မတိုင်ခင်
၎င်းဥပဒေကြမ်းကို လုံးဝရုပ်သိမ်းပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်းကိုလည်း ဆွေးနွေးပွဲအပြီး
တွင် ဦးဖေမြင့်က ပြောကြားခဲ့သည်။

အဆိုပါ သဘောထားတောင်းခံသည့် မျက်နှာစုံညီ အစည်းအဝေးပွဲသို့ မြန်မာ နိုင်ငံ သတင်းစာ
ဆရာများ အသင်း၊ မြန်မာနိုင်ငံ သတင်းစာဆရာများသမဂ္ဂ၊ မြန်မာဂျာနယ်လစ်ကွန်ရက်၊ သတင်း
လွတ်လပ်ခွင့်ကော်မတီ၊ ၈၈ မျိုးဆက် ကျောင်းသား၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (ပြည်တွင်း)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ စုစည်းရေး
ကော်မတီ (ပြည်တွင်း)၊ ဗကသများအဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့၊ နိုင်ငံရေး
အကျဉ်းသားဟောင်းများအဖွဲ့ချုပ်၊ လူမှုရေးအဖွဲ့ အစည်းများ၊ သတင်းမီဒီယာများ၊ ထုတ်ဝေသူများ၊
စိတ်ပါ၀င်စားသူများ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့သည်။

အဆိုပါပွဲကို ကျင်းပနေ့သည့် တစ်ရက်တည်းတွင်ပင် မြန်မာနိုင်ငံ စာပေ ထုတ်ဝေသူနှင့် ဖြန့်ချိသူ
များအသင်းက ဥပဒေကြမ်းကို ထောက်ခံဆွေးနွေးသည့် ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး