ပြည်တွင်း၊ ပြည်ပခရီးသွားများ ပုဂံဘုရားများပေါ်မှ နေဝင်၊ နေထွက်ချိန်ရှုခင်းများကြည့်ရှုခြင်းကို
လျော့ချရန်ရည်ရွယ်ဖော်ထုတ်သည့် ကိုမောက်ကန်ပေါင် ရှုမျှော်ခင်းကြည့်ရှုရန်နေရာမှာ ပြုပြင်ပြီးစီး
ပြီဖြစ်သောကြောင့် ယခုလအကုန်မှစတင်ခါ ကိုမောက်ကန်ပေါင်မှ ပုဂံရှုခင်းများကို ကြည့်ရှုနိုင်ပြီ
ဖြစ်ကြောင်း ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူ းဦးစိုးတင့်က ယခုလ ၁၉ ရက်က ပြောသည်။
''အရင်က ပုဂံဘုရားတွေအပေါ်ကနေ နေဝင်နေထွက်ချိန် ရှုခင်းတွေကိုကြည့်ရှုဖို့ ခွင့်ပြုပေးထားခဲ့
တယ်။ ဒါပေမဲ့ ငလျင်လှုပ်ပြီးတဲ့နောက်မှာတော့ ဘုရားတွေရဲ့ ရေရှည်ကြံ့ခိုင်ရေးကို အလေးထား
တဲ့အနေနဲ့ ဘုရားအပေါ်တွေကနေ ရှုမျှော်ခင်းတွေ ကြည့်ရှုခွင့်ကို လျော့ချဖို့ စီစဉ်ဖြစ်သွားတာပါ။
ရှုမျှော်ခင်းကြည့်ရှုမယ့်နေရာတွေကို ထပ်ပြီးလည်း ဖော်ဆောင်သွားဦးမှာပါ''ဟု ဦးစိုးတင့်က ပြော
သည်။
ဘုရားများ၏ ကြံ့ခိုင်ရေးကို အဓိကရည်ရွယ်ပြီး ရှုမျှော်ခင်းကြည့်ရှုရာနေရာအဖြစ် အကောင်အထည်
ဖော်သည့်ကိုမောက်ကန်မှာ အနောက်ဖွားစောရွာတွင်ရှိပြီး ရှုမျှော်ခင်းကြည့်ရှုရန် နေရာလေးခုကို
လည်း ထပ်မံဖော်ဆောင်မည်ဖြစ်ပြီး လက်ရှိအချိန်တွင်နေရာများရှာဖွေနေကြောင်း ၄င်းကဆိုသည်။
ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက လှုပ်ခဲ့သည့် ငလျင်မတိုင်ခင်အချိန်က ပုဂံယဉ်ကျေးမှုဇုန်အတွင်း
ရှိ ရွှေဆံတော်၊ ပြာသာဒ်ကြီး၊ တောင်ဂူနီ၊ မြောက်ဂူနီ၊ ဗူးလည်သီး၊ သစ္စာဝတီနှင့် ပုဂံမျှော်ဘုရား
များပေါ်မှနေပြီး နေဝင်နေထွက်ချိန် ရှုမျှော်ခင်းကြည့်ရှုခြင်းကို ခွင့်ပြုပေးထားသည်။
သို့သော် ငလျင်လှုပ်ခဲ့ပြီးနောက်ပိုင်းတွင် ရှုမျှော်ခင်းကြည့်ရန်ခွင့်ပြုပေးထားသည့် ဘုရားခုနစ်ဆူထဲ
မှ တောင်ဂူနီ၊ ပြာသာဒ်ကြီးနှင့် ရွှေဆံတော်ဘုရားသုံးဆူပေါ်မှသာ ရှုမျှော်ခင်း ကြည့်ရှုခွင့်ပေးထား
ခဲ့ပြီး ထပ်မံဖော်ဆောင်မည့် ရှုမျှော်ခင်းကြည့်နေရာလေးခု ပြီးစီးပါက ဘုရားများပေါ်မှ ရှုမျှော်ခင်း
ကြည့်ခွင့်ကိုပိတ်ရန်ရှိကြောင်း ဦးစိုးတင့်က ပြောသည်။
ကိုမောက်ကန်ပေါင်မှ ရှုမျှော်ခင်းကြည့်ရန်အစီအစဉ်ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏စီမံမှု
ဖြင့် ယခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ရှေးဟောင်းသုတေသနဦးစီးဌာနနှင့် ညောင်ဦးခရိုင်အထွေထွေ
အုပ်ချုပ်ရေးဦးစီးဌာနတို့မှ စတင်အကောင်အထည်ဖော်ခဲ့ပြီး ကိုမောက်ကန်ပေါင်မှရှုမျှော်ခင်း ကြည်
ရှုနိုင်ရန်အတွက် ငွေကျပ်သိန်း ၆ဝဝ နီးပါးအသုံးပြုခဲ့ကြောင်းနှင့် ကိုမောက်ကန်ပေါင်မှာ ၁၇ ပေမြင့်
ကြောင်း ဦးစိုးတင့်ထံမှ သိရသည်။
''အခုလို ရှုမျှော်ခင်းကြည့်နိုင်မယ့်နေရာတွေ ပေါ်လာတော့ ဘုရားတွေရဲ့ကြံ့ခိုင်ရေးက အနည်းနဲ့
အများတော့ စိတ်ချရမှာပါ။ ဘုရားပေါ် လူတွေမတက်တော့ရင်လည်း ဘုရားတွေရဲ့ ကြံ့ခိုင်ရေးကို
အမြဲစစ်ဆေးနေဖို့ လိုအပ်ပါသေးတယ်။ ပြီးရင် ရှုမျှော်ခင်းကြည့်မယ့်နေရာတွေကလည်း အမြဲတမ်း
သန့်ရှင်းနေဖို့ လိုအပ်ပါသေးတယ်'' ဟု ညောင်ဦးမြို့ခံတစ်ဦးဖြစ်သူ ဦးသောင်းလှိုင်က ပြောသည်။
















