ညောင်ဦးမြို့နှင့်မိတ္ထီလာမြို့တို့ရှိ ရပ်ကွက်တစ်ခုစီကို စံပြရပ်ကွက်များအဖြစ်ဖော်ဆောင်ကာ အဆိုပါ
ရပ်ကွက်တွင်နေထိုင်သူများကို အမှိုက်စွန့်ပစ်မှုပုံစံ စနစ်တကျဖြစ်လာရန် လာမည့်ဘဏ္ဍာနှစ်အတွင်း
ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း စည်ပင်သာယာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူ း
ဦးမင်းအောင်မြင့်စိုးက ယခုလ ၂ဝ ရက်က ပြောသည်။
''စံပြအဖြစ် သတ်မှတ်ထားတဲ့ရပ်ကွက်မှာ နေထိုင်သူတွေ အမှိုက်စွန့်ပစ်မှု စနစ်တကျဖြစ်လာဖို့
လုပ်ဆောင်ပါမယ်။ အဲဒီရပ်ကွက်တွေကလူတွေနဲ့ စည်ပင်ဘက်က ဝန်ထမ်းတွေနဲ့ ပူးပေါင်းဆောင်
ရွက်မှာ ဖြစ်ပါတယ်။ အဲဒီ စံပြရပ်ကွက်ကလူတွေ အမှိုက်စွန့်ပစ်မှုပုံစံတွေ စနစ်တကျဖြစ်လာပြီ
ဆိုရင် နောက်ထပ်ရပ်ကွက်တွေက လူတွေကပါ သူတို့လို လိုက်ပါလုပ်ဆောင်မှာဖြစ်ပါတယ်။
ကျွန်တော်တို့ စည်ပင်ဘက်ကလည်း လိုအပ်တာကို ကူညီပေးသွားမှာ ဖြစ်ပါတယ်''ဟု ဦးမင်း
အောင်မြင့်စိုးက ပြောသည်။
အမှိုက်စွန့်ပစ်မှုပုံစံ စနစ်တကျဖြစ်လာရန် ဖော်ဆောင်မည့်စံပြရပ်ကွက်မှာ မိတ္ထီလာမြို့တွင် မြို့မ
ရပ်ကွက်သတ်မှတ်ထားပြီးဖြစ်သော်လည်း ညောင်ဦးမြို့တွင် စံပြသတ်မှတ်မည့်ရပ်ကွက်ကို ယခု
အချိန်ထိ သတ်မှတ်ထားမှုမရှိသေးပေ။ စနစ်တကျအမှိုက်စွန့်ပစ်မှု စံပြရပ်ကွက်စီမံကိန်းကို လာမည့်
ဘဏ္ဍာနှစ်ကာလအတွင်းဖြစ်သည့် မေလတွင် စတင်နိုင်ကြောင်းနှင့် လုပ်ဆောင်မည့်အချိန်ကာလ
ကို တစ်နှစ်သတ်မှတ် ထားသည်။
''အခု ရပ်ကွက်နေပြည်သူတွေ စွန့်ပစ်နေတဲ့ပုံစံက သိပ်စနစ်ကျတာ မဟုတ်သေးဘူး။ သူတို့က
စွန့်ပစ်အမှိုက်တွေကို တွေ့ရာနေရာတွေမှာ ပုံသလို၊ အမှိုက်ကန်တွေတွေ့ရင်လည်း သူတို့ရဲ့အမှိုက်
တွေကိုပဲ ပုံထားခဲ့တယ်။ အမှိုက်တွေကို အိတ်တွေနဲ့ထည့်ပြီး ပစ်တယ်ဆိုတာ မရှိသလောက်နည်း
ပါတယ်။ အဲဒီအချက်တွေကို ပြောင်းလဲဖို့ လုပ်သွားမှာပါ''ဟု ဦးမင်းအောင်မြင့်စိုးက ပြောသည်။
စံပြရပ်ကွက်အဖြစ် သတ်မှတ်ထားသည့် ရပ်ကွက်နှစ်ခု၌ နေထိုင်သည့်အိမ်တိုင်းတွင် သက်ဆိုင်ရာ
မြို့နယ်စည်ပင်မှ အမှိုက်စွန့်ပစ်ရန်အိတ်များကို အခမဲ့တစ်နှစ်တိတိပေးသွားမည်ဖြစ်ပြီး ရပ်ကွက်နေ
ပြည်သူများကိုလည်း စွန့်ပစ်အမှိုက်များအား အဆိုပါအိတ်များတွင်ထည့်ရန် ပြောကြားမည်ဖြစ်
ကြောင်းနှင့် အမှိုက်များပုံရန်အတွက်လည်း အမှိုက်ကျင်းများ ဖော်ဆောင်နိုင်ဖွယ်ရှိကြောင်း ၄င်းက
ပြောသည်။
''အမှိုက်သိမ်းကားတွေ လာတဲ့အချိန်မှာ စွန့်ပစ်နိုင်တယ်။ အမှိုက်သိမ်းကားတွေဘက်ကလည်း
အချိန်မှန်မှန်ရောက်နိုင်ဖို့ စီစဉ်မှာပါ။ ကားမလာသေးရင်လည်း အမှိုက်တွေပစ်ချင်ရင် ပစ်လို့ရအောင်
အမှိုက်ကျင်းတွေ လုပ်ဆောင်ဖို့စီစဉ်ပေးမယ်။ အိတ်တွေနဲ့သာ အမှိုက်တွေကို စနစ်တကျစွန့်ပစ်နိုင်
ရင် အမှိုက်သိမ်းရတာလည်း လွယ်သွားတယ်။ အဲဒီအတွက် အချိန်တွေပိုထွက်လာမယ်။ ပိုထွက်
လာရင် အမှိုက်သိမ်းတဲ့ကားက နောက်ထပ် ရပ်ကွက်တစ်ခုဆီကိုပါ ဝင်သိမ်းပေးလို့လည်းရသွား
မယ်'' ဟု ၄င်းက ပြောသည်။
အမှိုက်စွန့်ပစ်မှု စံပြရပ်ကွက်အဖြစ်ဖော်ဆောင်မည့် ရပ်ကွက်နှစ်ခုအတွက် အမှိုက်စွန့်ပစ်ရန်ပေး
သည့်အိတ်ကို တစ်နှစ်တိတိ အခမဲ့ပေးသော်လည်း တစ်နှစ်ကျော်ပါက အဆိုပါအိတ်များကို ကျပ်
၃ဝ ကျပ်မှ ကျပ် ၅ဝ အထိ ပြန်လည်ရောင်းချမည်ဖြစ်သည်။ အဆိုပါအိတ်များကို ပြန်လည်အသုံး
ပြုနိုင်ရန်အတွက်လည်း စည်ပင်ဘက်က ပြန်လည်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် စံပြရပ်ကွက်
အဖြစ်ဖော်ဆောင်သည့်စနစ်ကို ဂျပန်နိုင်ငံထံမှအတုယူကြောင်း ဦးမင်းအောင်မင့်စိုးက ပြောသည်။
''အမှိုက်စွန့်ပစ်မှုပုံစံကို စနစ်တကျလေ့ကျင့်ပေးတာကတော့ အကောင်းဆုံးပေ့ါ။ ဘယ်သူမှအမှိုက်
တွေကို တွေ့ရာနေရာတွေမှာ ပုံမထားချင်ပါဘူး။ အမှိုက်သိမ်းကားတွေကမလာတော့ ဘယ်သူမှ
အမှိုက်တွေကို အိမ်ထဲမှာ သိမ်းမထားချင်ဘူးလေ။ ဒီလိုအချက်တွေကြောင့်ပဲ အမှိုက်တွေကို စည်း
ကမ်းမဲ့ စွန့်ပစ်တတ်လာတာပဲ။ အမှိုက်တွေကို အိတ်ထဲထည့်ပြီး အိတ်လိုက်ပစ်တယ်ဆိုတာက
တော့ ကျွန်တော်တို့ဆီမှာ တော်ရုံတန်ရုံ အိမ်က မလုပ်ဘူး။ ပြန်သုံးလို့ရတဲ့ ခြင်းတွေနဲ့ပဲပစ်ကြတာ
ပဲလေ။ အမှိုက်အိတ်တွေနဲ့ပစ်ရတာ ကောင်းတယ်ဆိုတဲ့ အသိရှိလာရင်တော့ ဘယ်သူမဆို ဝယ်
သုံးလာကြမှာပဲ''ဟု မိတ္ထီလာမြို့၊ မြို့မရပ်ကွက်မှ ဦးသိန်းဆွေက ပြောသည်။















