မဟာမုနိဘုရားကြီးမှာ ရှင်သန်နေဆဲ ရွှေမိုက်ထုတ်ခြင်း လက်မှုပညာ

မဟာမုနိဘုရားကြီးမှာ ရှင်သန်နေဆဲ ရွှေမိုက်ထုတ်ခြင်း လက်မှုပညာ

ရွှေမှိုက်ထုတ်ယူခြင်းဆိုတာ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးရဲ့ဂန္ဓကုဋီတိုက်အတွင်းမှာ ခင်းကျင်းထား
ရှိထားတဲ့ ကော်ဇောတွေ၊ ဂွမ်းစတွေ၊ ရုပ်ရှင်တော်မြတ်ကြီးကို ရွှေချပြီးကျန်ခဲ့တဲ့ ရွှေလှောင်စက္ကူ
တွေ၊ မြေမှုန့်တွေရယ်ကို တစ်နေ့တစ်ခါ စနစ်တကျသိမ်းဆည်းထားပြီး အဲဒီအရောအနှောတွေထဲက
နေ ရွှေစင်ရွှေသန့်ကို တစ်နှစ်တစ်ခါ ပြန်လည်သန့်စင်ယူတဲ့ မြန်မာ့လက်မှုပညာရပ်တစ်ခုပါ။

မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်ကို လာဖူးမြော်ကြသူတွေဟာ ရုပ်ရှင်တော်မြတ်ကို ရွှေဆိုင်းကပ်
လှူ ပြီး အထွတ်အမြတ်ထား ပူဇော်ကြလေ့ရှိပါတယ်။ ဒီလိုရွှေဆိုင်းကပ်လှူ ရာကနေ ကျန်ရှိခဲ့တဲ့
ရွှေလှောင်စက္ကူ တွေ၊ လွင့်စင်ကျနေတဲ့ ရွှေစရွှေမှုန့်လေးတွေကို ပြန်စုထားပြီး ရွှေအသန့်အဖြစ် ပြန်
လည်ရရှိအောင် တစ်နှစ်မှာတစ်ခါ၊ တစ်ခါမှာ တစ်လကျော်ကြာ လုပ်ယူရလေ့ရှိပါတယ်။ ဒီလိုလုပ်
တာ ရှားပါးတဲ့လက်မှုပညာတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှာ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး (ဘုရားကြီး)
မှာသာရှိကြောင်း ရွှေမိုက်သူကြီး ဦးအောင်မိုးက ပြောပါတယ်။

''ရွှေမိုက်ထုတ်တာ မဟာမုနိဘုရားကြီးမှာပဲ ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း တစ်ခုတည်းရှိပါ
တယ်။ တစ်နေ့ကိုတစ်ခါ ညနေ ၄ နာရီမှာ သိမ်းယူတယ်။ စနစ်တကျ သိမ်းဆည်းထားတယ်။ ပြီးမှ
တစ်နှစ်တစ်ခါ ဖေဖော်ဝါရီလအတွင်းမှာ ရွှေမိုက်ထုတ်ယူပါတယ်။ အဲဒီလက ရွှေမိုက်ထုတ်လို့
အဆင်ပြေတဲ့လပါ''လို့ ရွှေမိုက်သူကြီးဖြစ်သူ ဦးအောင်မိုးက ပြောပါတယ်။

ဒီလရာသီဟာ မပူမအေးအချိန်အခါဖြစ်ပြီး လေလည်းနည်းလို့ ရွှေမိုက်ထုတ်ရာမှာ အလေအလွင့်
နည်းတယ်လို့ ပြောပါတယ်။ မဟာမုနိဘုရားကြီးမှာ ရွှေမိုက်ထုတ်ယူတာ နှစ်ပေါင်းကြာခဲ့ပြီဖြစ်ပြီး
အရင်ကတော့ အဘိုးဖြစ်သူ ရွှေမိုက်သူကြီးဦးမောင်ကြီးက ဦးဆောင်ပြီးတော့ လုပ်ဆောင်တယ်
လို့ သူက ပြောပါတယ်။ ဦးမောင်ကြီးမရှိတဲ့နောက်ပိုင်းမှာ မြေးဖြစ်သူတွေ လုပ်ဆောင်ခဲ့လာတာ
ခြောက်နှစ်ရှိပါပြီ။ မြန်မာ့ရိုးရာလက်မှုပညာဖြစ်တဲ့အပြင် အဘိုးဖြစ်သူအစဉ်အလာဖြစ်ခဲ့တဲ့အတွက်
သူတို့ ဒီလိုဆက်ခံလာတာ ဖြစ်တယ်လို့ ပြောပါတယ်။

ရွှေသင်္ကန်းကပ်ပြီး ကျန်ရှိခဲ့တဲ့ ရွှေလှောင်စက္ကူများကို မီးရှို့ရန် ပြင်ဆင်နေစဉ်။ လှိုင်ကျော်စိုး / မြန်မာတိုင်း(မ်)

''အပြင်မှာ ရွှေမိုက်ထုတ်တာလုပ်ဆောင်ရင် ရွှေတစ်ကျပ်သားကို (ရွှေမိုက်ထုတ်လက်ခ) ကျပ်
၇၅,ဝဝဝ ရပါတယ်။ ဘုရားကြီးမှာတော့ အဘိုးအမွေအနှစ်ဖြစ်တဲ့အတွက် တစ်ကျပ်သားကို
ကျပ် ၁၅,ဝဝဝ ပဲယူပါတယ်။ အလုပ်သမားတွေကလည်း လုပ်ခ အပြည့်အဝမယူပါဘူး။ ရိုးရာမပျက်
ဖြစ်လို့ လုပ်ဆောင်တာပါ''လို့ သူက ပြောပါတယ်။

ရွှေသန့်အဖြစ်ရရှိဖို့ အဆင့်ခြောက်ဆင့်ခန့် လုပ်ဆောင်ရပါတယ်။ အဲဒီလို အဆင့်ဆင့်လုပ်ဆောင်ပြီးမှ
ရရှိလာတဲ့ရွှေသန့်တွေကိုလည်း သြဝါဒခံဆရာတော်ကြီးများထံ ဆက်ကပ်ပြီးတဲ့အခါ မဟာမုနိ
ဘုရားကြီးဘဏ္ဍာတော်အတွက် ထားရှိပါတယ်တဲ့။

''ရလာတဲ့ရွှေတွေကလည်း ဘုရားကြီးဘဏ္ဍာတော်အတွက်ပါ။ ရွှေမိုက်လုပ်ဆောင်တာလည်း
ဘုရားကြီးဝင်းအတွင်းထဲမှာပဲ လုံခြံုရေးတွေနဲ့ လုပ်ဆောင်ပါတယ်။ စက္ကူ တွေကိုလည်း မှတ်တမ်း
တွေနဲ့ချိန်တွယ်ပြီး ယူဆောင်တာပါ။ သန့်သန့်ရှင်းရှင်းနဲ့ လုပ်ဆောင်ပေးပါတယ်''လို့ ပြောပြတယ်။

ရွှေမိုက်ထုတ်ယူရတာ မီးကိုအမြဲသုံးရတဲ့အတွက် ဂရုတစိုက်လုပ်ဆောင်ရပါတယ်တဲ့။ စက္ကူ တွေကို
ရှို့ထားပြီး ရလာတဲ့ပြာတွေကို ဖြူဖွေးနူးညံ့အောင် မိုးဗြဲဒယ်အိုးထဲထည့်ပြီး ၂၄ နာရီပတ်လုံး မီးဖုတ်
ထားရပါတယ်တဲ့။ ''ပထမအနေနဲ့ စက္ကူတွေကို ပြာတွေဖြစ်အောင်မီးနဲ့ ရှို့ရပါတယ်။ ရလာတဲ့ ပြာ
တွေကို နူးညံ့ဖွေးဆွတ်သွားအောင် မီးဖုတ်ရပါတယ်။ အဲဒီပြာတွေကို ခဲ၊ ချော်၊ လက်ချားတွေနဲ့
ရောပြီးကျိုရတယ်။ အဲဒီနောက် ရလာတဲ့ခဲပြားတွေကို ပြန်ပြီး (ခွာ) ဆုတ်ယူရပါတယ်။ ဆုတ်ယူပြီး
မှ ရွှေနဲ့ငွေရောပြီး ရပါတယ်။ ရောနေတဲ့ ရွှေနဲ့ငွေတွေကို အငွေ့ထုတ်ပြီးတော့ စစ်ရပါတယ်။ စစ်ပြီး
မှ အက်ဆစ်နဲ့ ထုတ်ယူရပါတယ်။ ပြီးပြီဆိုမှ ရွှေ့သန့်ရပါတယ်''လို့ ဦးအောင်မိုး က ပြောပါတယ်။

ရွှေသန့်ရအောင်၊ လေလွင့်မှုနည်းပါးအောင် ပြုလုပ်ရပြီး လူအင်အားများများနဲ့ လုပ်ဆောင်ရပါတယ်
တဲ့။ အလုပ်သမား ၁၅ ဦးခန့်နဲ့ တစ်လကျော်လုပ်ဆောင်ရပြီးမှ ရွှေသန့်အဖြစ် ရတာဖြစ်ပါတယ်။
လုပ်ဆောင်ရာမှာလည်း စနစ်တကျနဲ့ လေလွင့်မှုနည်းပါးအောင်ပြုလုပ်မှ ရွှေထွက်တဲ့အချိန်များပါ
တယ်တဲ့။

''ရွှေမိုက်ထုတ်ရတာ ရာသီဥတုက အရမ်းပူရင်လည်း မကောင်းပါဘူး။ လေတိုက်ရင်လည်းမရဘူး။
မီးကိုအသုံးပြုရတာ များပါတယ်။ ပြာထွက်တာနဲ့ မီးရှို့ရတာ အဓိကကျပါတယ်။ ဒီနှစ်လည်း အရင်
နှစ်ထက် ရွှေအထွက်နှုန်းများအောင် လုပ်ဆောင်မှာပါ။ တစ်နှစ်ထက်တစ်နှစ်တော့ အထွက်နှုန်းက
များလာပါတယ်''လို့ ရွှေမိုက်ထုတ်ရာမှာပါဝင်တဲ့ ဦးရန်အောင်က ပြောပါတယ်။

ဒီနှစ်မှာ ရွှေမိုက်ထုတ်ယူတာက ၆၇ ကြိမ်မြောက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ရွှေမိုက်ထုတ်ယူတာ
ကနေ ရွှေစင်ရွှေသား ခုနစ်ကျပ်သားကျော် ရရှိပါတယ်။ ဒီနှစ်လည်း မနှစ်ကလိုပဲရရှိအောင် ကြိုးစား
သွားဖို့ သူတို့အဖွဲ့က ရည်မှန်းထားပါတယ်။ ဘုရားဖူးလာသူတွေ ကုသိုလ်ပြု ပူဇော်ထားတာတွေကို
အသေးအမွှားလေးကအစ အလေအလွင့်မဖြစ်စေရဘဲ ဘုရားကြီးရဲ့ဘဏ္ဍာတော်အဖြစ် ပြန်ပူဇော်
ထားရှိနိုင်အောင် လုပ်ဆောင်ပေးနိုင်တဲ့ ရွှေမိုက်ထုတ်သူတွေရဲ့ အခန်းကဏ္ဍဟာ ကုသိုလ်ပြုသူတွေ
ကို တစ်ဖက်တစ်လမ်းက ပိုကုသိုလ်ရအောင် လုပ်ပေးနေတယ်လို့ အသိအမှတ်ပြု ကြရမှာပါ။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး