လာမည့် ဘဏ္ဍာနှစ်မှ စတင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ အသက် ၉၀ နှင့်အထက် အဘိုး၊ အဘွား
တစ်ဦးကို တစ်လလျှင် ၁၀,၀၀၀ ကျပ်နှုန်းဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးသွားမည်
ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ဒုဦးစီးမှူး ဒေါ်ဖြူဖြူခိုင်က
ယခုလ ၂၂ ရက်နေ့က ပြောသည်။
"လာမယ့် ဘဏ္ဍာနှစ်ကနေ စတင်ပြီး အသက် ၉၀ နှင့်အထက် အဘိုး၊ အဘွားတစ်ဦးကို
တစ်လ ၁၀,၀၀၀ ကျပ်နှုန်းထားနဲ့ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ထောက်ပ့ံကြေးကို တစ်လချင်းပဲ
ပေးသွားမှာပါ။ တစ်နှစ်လုံးစာပေါင်းပြီး ပေးမသွားမပါဘူး။ စတင်ပေးမယ့်လကိုတော့ လာမယ့်
ဘဏ္ဍာနှစ် အတွင်းလို့ပဲ သတ်မှတ်ထားရသေးတယ်။ ဘယ်လမှာစတင်ပြီး ရမလဲဆိုတာတော့
အသေးစိတ် မသိသေးပါဘူး။ အသက် ၉၀ အထက် အဘိုး၊ အဘွားစာရင်းတွေကိုတော့ စတင်ပေးလို့
ရပါပြီ။ နောက်ထပ်ထူးခြားတာက လာမယ့်ဘဏ္ဍာနှစ်မှာ စတင်ပေးမယ့် ထောက်ပံ့ကြေးမှာ
မည်သူမဆို လျှောက်ထားလို့ ရပါပြီ"ဟု ဒေါ်ဖြူဖြူခိုင်က ပြောသည်။
အသက် ၉၀ နှင့်အထက်ရှိသည့် အဘိုး၊ အဘွားများနှင့် တော်စပ်သည့် ဆွေမျိုးများမှ စာရင်းပေးသွင်း
ပေးနိုင်ပြီး စာရင်းပေးသွင်းပြီးသည့် အဘိုး၊ အဘွား နေထိုင်ရာနေရာများကို သက်ဆိုင်ရာ ရပ်ကွက်၊
ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများမှ လာရောက်စစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
သိရသည်။
ယခင်နှစ်က အသက် ၉၀ နှစ်အထက် ဘိုးဘွားများကို ထောက်ပံ့ကြေးပေးရာတွင် အသက် ၉၀ နှစ်
အထက်မှ ၁၀၀ နှစ်ကြားကို တစ်နှစ်လျှင် ၁၅,၀၀၀ ကျပ်နှင့် အသက် ၁၀၀ အထက် ဘိုး၊ဘွားများကို
တစ်နှစ်လျှင် ၂၀,၀၀၀ ကျပ်နှုန်းဖြင့်သာ ထောက်ပံ့ပေးခဲ့သော်လည်း ယခုအခါတွင်
တစ်လ ၁၀,၀၀၀ ကျပ်နှုန်းအထိ တိုးမြှင့်ပေးလာခြင်းဖြစ်သည်။
"အရင်ကတော့ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ဘတ်ဂျက်အရ တစ်နှစ်လုံးစာကို ၂၀,၀၀၀ ကျပ်
အများဆုံးထိသာ ပေးနိုင်ခဲ့ပါတယ်။ အခုတော့ ဘတ်ဂျက်အခြေအနေအရ တစ်လကို ၁၀,၀၀၀ ကျပ်ထိ
တိုးပေးလာခဲ့တာပါ။ အရင်လို အသက်အရွယ်အစားကို နှစ်မျိုးမခွဲတော့ပဲ အသက် ၉၀ ရှိပြီး သူတိုင်းကို
၁၀,၀၀၀ ကျပ်ထောက်ပံ့ပေးဖို့ သတ်မှတ်ခဲ့တာပါ။ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အနှံ့က
အဘိုး၊အဘွားတွေ အခုစတင်လျှောက်ထားလို့ရပါပြီ။ လာမယ့်ဘဏ္ဍာနှစ်အတွက် ပေးလို့ရမယ့်
စာရင်းတွေထဲမှာ လာမယ့် မတ်လ ၃၁ ရက်နေ့မတိုင်ခင် အသက် ၉၀ ပြည့်ပြီးသူများသာ
အကျံုးဝင်ပါမယ်"ဟု ဒေါ်ဖြူဖြူခိုင်ကပြောသည်။
သက်ကြီးရွယ်အိုထောက်ပံ့ကြေးပေးသည့် အစီအစဉ်ကို ပြီးခဲ့သည့် ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်က
စတင်ခဲ့ပြီး၊ မန္တလေးတိုင်းအတွင်း၌ အသက် ၉၀ နှစ် အသက် ၁၀၀ ကြားရှိသည့် အဘိုးမှာ ၉၀၁ ဦး၊
အဘွားမှာ ၂,၄၈၈ ဦး နှင့် အသက် ၁၀၀ အထက်ရှိသည့် အဘိုးမှာ ၃၄ ဦး နှင့် အဘွားမှာ ၁၂၉ ဦး
ရှိကြောင်း မန္တလေးတိုင်းလူမှုဝန်ထမ်းဦးစီးဌာန စာရင်းများအရ သိရသည်။
"အခုလို ထောက်ပံ့ကြေးတွေပေးတာ အရမ်းကောင်းမွန်တဲ့ အစီအစဉ်ဖြစ်ပါတယ်။ ကျွန်တော့်ဆီမှာ
အသက် ၉၀ အထက် အဘိုး၊ အဘွား မရှိပေမယ့် ၀မ်းသာပါတယ်။ သက်ကြီးရွယ်အိုတွေကို အခုလို
ထောက်ပံ့ပေးတာ အရမ်းကောင်းမွန်လှပါတယ်" ဟု မန္တလေးမြို့ခံ ကျူရှင်ဆရာတစ်ဦးဖြစ်သူ
ဦးသန်းနိုင်က ပြောသည်။
ဘိုးဘွားထောက်ပံ့ကြေးကို လျှောက်ထားလိုသူများအနေဖြင့် နိုင်ငံသားမှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စု
ဇယားမိတ္တူနှင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာတွင် နေထိုင်ကြောင်းထောက်ခံစာတို့နှင့်
သက်ဆိုင်ရာအုပ်ချုပ်ရေးမှုူးရုံးများတွင် လျှောက်ထားနိုင်ကြောင်း ဒေါ်ဖြူဖြူခိုင်က ပြောသည်။















