သတ်မှတ်ရေဆိုးထုတ်လွှတ်မှုထက် များနေသည့် အရက်ချက်စက်ရုံ နှစ်ရုံကို ယာယီရပ်ဆိုင်းထား

သတ်မှတ်ရေဆိုးထုတ်လွှတ်မှုထက် များနေသည့် အရက်ချက်စက်ရုံ နှစ်ရုံကို ယာယီရပ်ဆိုင်းထား

မန္တလေးစက်မှုဇုန်အတွင်းတွင် သတ်မှတ်ရေဆိုးထုတ်လွှတ်မှုထက် များပြားနေသည့် အရက်ချက်စက်ရုံ
နှစ်ရုံကို လည်ပတ်မှု ယာယီရပ်ဆိုင်းထားကြောင်း မန္တလေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး
ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်ထွန်းက ပြောသည်။

စက်မှုဇုန်အတွင်း အရက်ချက်စက်ရုံ လေးရုံရှိသည့်အနက် နှစ်ရုံမှာ သတ်မှတ် BOD (Biochemical
Oxygen Demand) ထက် များပြားနေသည့်အတွက် ယာယီရပ်ဆိုင်းထားပြီးအခြေအနေကို
တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထားကြောင်း ဦးသန့်ဇင်ထွန်းက ယခုလ ၂၂ ရက်တွင်
ပြောသည်။

"ကျွန်တော်တို့ဌာနနဲ့အတူ စည်ပင်သာယာ၊ စက်မှုကြီးကြပ်ရေးအဖွဲ့က တာဝန်ရှိသူတွေ ပြီးခဲ့တဲ့
ဒီဇင်ဘာလထဲမှာ အရက်ချက်စက်ရုံတွေကို စစ်ဆေးတဲ့အခါမှာ နှစ်ရုံက စက်ရုံတွင်း ရေဆိုးသန့်စင်စက်
လုံးဝမရှိသေးသလို သတ်မှတ်ရေဆိုးထုတ်လွှတ်မှုထက်လည်း များနေပါတယ်။ ဒါကြောင့်
ကျွန်တော်တို့အနေနဲ့ သက်ဆိုင်ရာ စည်ပင်ဌာန၊ စက်မှုကြီး ကြပ်တို့ကို အရေးယူဖို့
အကြောင်းကြားခဲ့တဲ့နောက်မှာ အခုလိုလည်ပတ်မှု ယာယီရပ်ဆိုင်းထားတာပါ။ အခု လည်ပတ်မှု
ရပ်ဆိုင်းထားတဲ့ အရက်ချက်စက်ရုံတွေက တရုတ်၊ အိန္ဒိယကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး
ရေဆိုးသန့်စင်စနစ် လုပ်ဆောင်နေတဲ့အကြောင်း တင်ပြလာတဲ့အပေါ်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို
ကျွန်တော်တို့ ပြန်တင်ပြထားပြီး ဆုံးဖြတ်ချက်ကို စောင့်နေပါတယ်"ဟု ဦးသန့်ဇင်ထွန်းက ပြောသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာနမှ လုပ်ငန်းကဏ္ဍ အသီးသီးအလိုက်
အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု)များနှင့် ပတ်သက်၍ လမ်းညွှန်ချက်များကို
အမိန့်ကြေညာချက်အမှတ် ၆၁၅/၂၀၁၅ ဖြင့် ထုတ်ပြန်ထားရာ အရက်ချက်စက်ရုံများအပါအဝင်
အထွေထွေအတွက် ရေဆိုးစွန့်ပစ်မှုကို BOD 50 ဟု သတ်မှတ်ထားကြောင်းပြောသည်။

မန္တလေးစက်မှုဇုန်အတွင်းရှိ ရေဆိုးစွန့်ပစ်မှုရှိသော လုပ်ငန်းများအားလုံး၏ ရေဆိုး စွန့်ပစ်မှု
အတိုင်းအတာကို တိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် ၂၀၁၆၊ မေလတွင် သွားရောက် တိုင်းတာခဲ့ရာ
စက်ရုံအများစုမှာ သတ်မှတ်ချက်အတွင်း မဝင်ကြောင်း၊ ရေဆိုးစွန့်ထုတ်မှု အများဆုံးဖြစ်သော
အရက်ချက်စက်ရုံများတွင် BOD ပါ၀င်မှု ၁၇, ၀၀၀ ကျော်မှ ၂၀, ၀၀၀ ကျော်အထိတွေ့ခဲ့ရကြောင်း၊
ပထမအကြိမ်စစ်ဆေးပြီးနောက် ဩဂုတ်လအတွင်း BOD 6000 mg/l အထိလျှော့ချကြရန်
သတ်မှတ်ခဲ့သော်လည်း ယခုထပ်မံစစ်ဆေးရာတွင် နှစ်ရုံမှာ သတ်မှတ်ချက်မဝင်ခဲ့ခြင်းဖြစ်ကြောင်း
ပြောသည်။

"ရေဆိုးသန့်စင်စက်တပ်ဆင်ရင် ပျမ်းမျှ တစ်နှစ်ကနေ နှစ်နှစ်အတွင်း ကြာနိုင်ပါတယ်။
သတ်မှတ်ချက်မဝင်တဲ့ စက်ရုံတွေအနေနဲ့ ရပ်ဆိုင်းခံထားရရင် အလုပ်သမားတွေအတွက် အခက်အခဲနဲ့
တခြားအခက်အခဲတွေရှိလာနိုင်လို့ သန့်စင်စက်တပ်ဆင်နေစဉ်မှာ စက်ရုံလည်ပတ်မှုကို
ယာယီခွင့်ပြုပေးဖို့လည်း တင်ပြလာကြတယ်။ ဒါကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ကို
ပြန်တင်ပြထားပါတယ်" ဟု ဦးသန့်ဇင်ထွန်းက ပြောသည်။

လတ်တလောတွင် စက်မှုဇုန်မှ စွန့်ပစ်သော ရေဆိုးများမှာ စည်ပင်သာယာမှ သွယ်တန်းပေးထားသော
၁၀ လက်မ အချင်းရှိ ရေပိုက်မှတစ်ဆင့် ဒုဌဝတီမြစ်အတွင်း ရောက်ရှိနေသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး