မန်းနှင့် ထောက်ရှာပင်ကမ်းနီ ရေနံမြေတို့တွင် ပုဒ်မ ၁၄၄ ဆက်ထားမည်

မန်းနှင့် ထောက်ရှာပင်ကမ်းနီ ရေနံမြေတို့တွင် ပုဒ်မ ၁၄၄ ဆက်ထားမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ မန်းရေနံမြေနှင့် ထောက်ရှာပင်ကမ်းနီရေနံမြေတို့တွင်
ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ အမိန့်ကို ဆက်လက်ထားရှိသွားမည်ဖြစ်ပြီးလတ်တလောတွင်
ရုပ်သိမ်းပေးမည်မဟုတ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက
ပြောသည်။

''အမိန့်ထုတ်ပြန် ကာကွယ်ပေးတဲ့ကြားက ရေနံပိုက်လိုင်းတွေ ခိုးယူမှုကြောင့် နိုင်ငံဘဏ္ဍာငွေ
ဆုံးရှုံးတာ၊ ပြည်သူ့ အသက်အိုးအိမ် ဆုံးရှုံးတာတွေ ဖြစ်ပွားစေနိုင်တဲ့အတွက် တခြားကာကွယ်
ပေးနိုင်တဲ့ ဥပဒေတွေ မပြဋ္ဌာန်းမီ ကာလအတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်တားမြစ်တာကို
ရပ်ဆိုင်းပေးဖို့ အစီအစဉ်မရှိပါဘူး'' ဟု ၄င်းက ဖေဖော်ဝါရီ ၂၁ ရက်၌ပြောသည်။

ထိုဧရိယာအတွင်း ပုဒ်မ ၁၄၄ ကို ၁၉၇၇ခုနှစ်က စတင်၍ အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်အရ
ဟူသော အကြောင်းပြချက်ဖြင့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မန်းရေနံမြေနှင့် ထောက်ရှာပင်ကမ်းနီရေနံမြေ
အပါအဝင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေနံချောင်းရေနံမြေ၊ ချောက်လမ်းရွာရေနံမြေ၊
ကျောက်ခွက် လက်ပံတိုအရာတော်ရေနံမြေ၊ သားကြီးတောင်စံပယ်ရေနံမြေနှင့် ထန်းကိုင်းဒေသ
ရေနံမြေဧရိယာတို့လည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။

အမိန့်ထုတ်ပြန်မှုတွင် တားမြစ်နယ်အတွင်းရှိ ကျေးရွာများကို ကျေးရွာနယ်မြေအလိုက် ကန့်သတ်
နယ်မြေအဖြစ် သတ်မှတ်ခြင်းမှ ကင်းလွတ်ခွင့်ပြုပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

၁၉၄၇ ခုနှစ်တွင် ပြည်သူ့ငြိမ်ဝပ်ပိပြားရေး ထိန်းသိမ်းစောင့်ရှောက်မှု အက်ဥပဒေပုဒ်မ ၆၊
ပုဒ်မခွဲ ၁ ပါ လုပ်ပိုင်ခွင့်များကို ကျင့်သုံးပြီး မကွေးတိုင်းပြည်သူ့ကောင်စီက ၁၉၈၃
ခုနှစ်၊ ဇူလိုင် ၂၂ ရက်၌ တားမြစ်ကန့်သတ်နယ်မြေဧရိယာများဖြစ်ကြောင်း၊ယင်းဧရိယာမြေတွေ
အတွင်း ဝင်ထွက်သွားလာခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ခြင်းကို ထုတ်ပြန်ပေးခဲ့ပြီး
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ တားမြစ်မိန့်များကို ဆက်လက်ထုတ်ပြန်
ဆောင်ရွက်ခဲ့သည်။

''အဲဒီအချိန်ကစပြီး ရေနံမြေအလိုက် သက်ဆိုင်ရာ၊ ခရိုင်၊ မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာနမှာ တားမြစ်ကန့်သတ်နယ်မြေဧရိယာအဖြစ် နှစ်လတစ်ကြိမ် စဉ်ဆက်မပြတ်
ထုတ်ပြန်လျက်ရှိပါတယ်'' ဟု ဗိုလ်ချုပ်အောင်စိုးက ပြောသည်။

မင်းဘူးမြို့နယ်တွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ကို မလိုအပ်ဘဲ အမြဲမပြတ်ထုတ်ပြန်
နေခြင်းကို ရပ်ဆိုင်းပေးရန် အစီအစဉ်ရှိ၊မရှိ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက ဖေဖော်ဝါရီ၂၁ ရက်က
ကျင်းပခဲ့သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့သော်လည်း ဒုတိယဝန်ကြီး
ဗိုလ်ချုပ်အောင်စိုးက ပုဒ်မ ၁၄၄ ရုပ်သိမ်းရန် မရှိကြောင်းဖြေကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး