မန္တလေးတိုင်းဒေသကြီးအတွင်း၌ လာမည့်ဘတ်ဂျက်နှစ်အတွက် လေလံပစ်မည့်အင်းအရေအတွက်
၁၇ဝ ခန့်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူ း ဦးလှဝင်းက ဖေဖော်ဝါရီ
နောက်ဆုံးပတ်အတွင်းက ပြောသည်။
''မန္တလေးတိုင်းအတွင်းမှာ လေလံပစ်မယ့်အရေအတွက်က ၁၇ဝ ခန့်ရှိတယ်။ လေလံပစ်မယ့်အချိန်
ကိုတော့ နောက်နှစ်ဘတ်ဂျက်ကာလဖြစ်တဲ့ ဧပြီလထဲမှာ ပစ်ရင်ပစ်မယ်။ ဒါမှမဟုတ် မေလမှာပဲ
ပစ်နိုင်တယ်။ အရင်အချိန်တွေတုန်းက လေလံပစ်တဲ့အခါမှာ နားလည်မှုတွေလွဲပြီး ဆန္ဒပြခံရတာ
တွေရှိခဲ့တယ်။ ဒီနှစ်မှာတော့ ပွင့်လင်းမြင်သာစွာနဲ့ လေလံပစ်သွားမှာ ဖြစ်ပါတယ်။ လေလံပစ်တဲ့
အခါမှာလည်း တစ်ပိုင်တစ်နိုင်သာ ငါးဖမ်းနိုင်တဲ့ ဒေသခံမိသားစုတွေပေါင်းပြီး ဝင်ရောက်လေလံ
ဆွဲနိုင်ပါတယ်''ဟု ဦးလှဝင်းက ဆိုသည်။
တိုင်းဒေသကြီးအတွင်း စုစုပေါင်း အင်း ၂၇ဝ ခန့်ရှိသည့်အနက် မကြာမီ လေလံပစ်မည့်အင်း ၁၇ဝ ခန့်တွင် ကြေးတိုင်စနစ်၊ လေလံစနစ်ဟု အင်းနှစ်မျိုးခွဲခြားထားကြောင်း၊ ကြေးတိုင်စနစ်သတ်မှတ်
ထားသည့်အင်းကို ရရှိသူသည် သုံးနှစ်မှကိုးနှစ်အထိ လုပ်ပိုင်ခွင့်ရရှိနိုင်ကြောင်းနှင့် လေလံအင်းကို
ရရှိပါက တစ်နှစ်သာလုပ်ပိုင်ခွင့်ရရှိသွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
ပြီးခဲ့သည့်နှစ်တွင် လေလံပစ်ခဲ့စဉ်က အင်းတစ်ခုချင်းစီမှရရှိခဲ့သည့် လေလံနှုန်းထားများမှာ ကျပ်
၁ဝ,ဝဝဝ မှ ကျပ်သိန်းပေါင်း ၄ဝဝ ကျော်ထိရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနစာရင်းတွင် ဖော်ပြ
ထားပြီး အဆိုပါနှုန်းထားများပေါ်မှာ အင်းတစ်ခုချင်းစီအလိုက် ၁ဝ ရာခိုင်နှုန်းစီထပ်တိုးကာ ယခုနှစ်
လေလံကြေးအဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်းနှင့် လာမည့်ဘဏ္ဍာနှစ်အတွက် လေလံပစ်မည့်
အင်းများနှင့် နှုန်းထားများကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားပြီးဖြစ်ကြောင်း
ဦးလှဝင်းက ပြောသည်။
''လေလံလာဆွဲတဲ့အခါမှာ ကိုယ်လေလံဆွဲမယ့်အင်းကို သေချာလေ့လာကြည့်ဖို့ လိုအပ်ပါတယ်။
ကြေးတိုင်စနစ်သတ်မှတ်ထားတဲ့အင်းကို လေလံစနစ်လို့ထင်ပြီး ငါးလုပ်ငန်းဦးစီးဌာနက လူ
တစ်ယောက်တည်းကိုပဲ နှစ်ရှည်လုပ်ပိုင်ခွင့်ပေးထားတယ်လို့ ထင်သွားကြတယ်။ ဒီတစ်ခါတော့ အဲဒီလိုတွေမဖြစ်ဖို့ သေချာလုပ်သွားမှာဖြစ်သလို လေလံဆွဲမယ့်ဘက်ကလည်း သေချာလေ့လာ
ထားဖို့ လိုအပ်ပါတယ်''ဟု ဦးလှဝင်း က ပြောသည်။
ကြေးတိုင်စနစ်သတ်မှတ်ထားသည့်အင်းကို လေလံရရှိပါက အဆိုပါရရှိသူအနေဖြင့် သုံးနှစ်စတင်
လုပ်ကိုင်နိုင်ပြီး အဆိုပါသုံးနှစ်အတွင်း၌ ရရှိထားသည့်အင်းကို ဂရုစိုက်မှုရှိသလို ငါးများပိုမိုတိုးပွား
အောင်လုပ်ကိုင်မှုများရှိပါက ငါးလုပ်ငန်းဦးစီးဌာနဘက်မှ အဆိုပါအင်းလုပ်ကိုင်သူအား သုံးနှစ်မှ
ခြောက်နှစ်ထိ ထပ်တိုးလုပ်ကိုင်ခွင့်ကိုချပေးနိုင်ကြောင်း ၄င်းက ပြောသည်။
''အရင်တုန်းကတော့ အင်းတွေလေလံပစ်တဲ့အခါမှာ သွားရောက်ကြည့်ရှုတာမျိုးမရှိပါဘူး။ ဒီနှစ်
တော့ သွားပြီးလေ့လာသွားဖို့ ရှိတယ်။ အရင်တုန်းကဆိုရင် လေလံပစ်တိုင်း တစ်ဦးတစ်ယောက်
ကပဲ ရတာများတယ်''ဟု အမရပူရမြို့နယ်၊ အိုးဘိုကျေးရွာမှာ ဒေသခံငါးဖမ်းလုပ်သား ဦးမျိုးဝင်းက
ပြောသည်။















