မန္တလေးမြို့မှာ နေ့ရော၊ ညပါ အစားအသောက် စုံစုံလင်လင်ရရှိနိုင်ပါတယ်။ စုံစုံလင်လင် ရရှိနိုင်တဲ့
အစားအသောက်တွေထဲကနေမှ တစ်ခုချင်းဆီအလိုက် နာမည်ကြီးတာတွေရှိပါတယ်။
အဲဒီထဲကနေမှ ဒီတစ်ပတ်အတွက် ဒေါ်ရီနို့ဟင်းမလိုင်ကို မိတ်ဆက်ပေးချင်ပါတယ်။ ဒေါ်ရီနို့ဟင်း
မလိုင်ဖြစ်တည်လာတာက ဆယ်စုနှစ်ကျော်ခဲ့ပါပြီ။ အခုအချိန်အထိ နို့ဟင်းမလိုင်သောက်ချင်ပြီ
ဆိုရင် ဒေါ်ရီရဲ့ ဆိုင်ကိုပဲ သွားကြတာများပါတယ်။ ဘာလို့လဲလို့ဆိုရရင် လူမှုဆက်ဆံရေးပိုင်းနဲ့ နို့
ဟင်းမလိုင်ရဲ့ အရသာကောင်းမွန်မှုတွေကြောင့် ဖြစ်ပါတယ်။ မန္တလေးမြို့မှာ 'နို့ဟင်းမလိုင်' ရောင်း
ချတဲ့ဆိုင်တွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ အရသာကတော့ ဒေါ်ရီနဲ့ ကွာခြားမှုရှိပါတယ်။ ဒေါ်ရီ နို့
ဟင်းမလိုင်လုပ်တဲ့အခါမှာ ဆန့်မှုန့်နဲ့ နွားနို့အသုံးပြုတာကို သေချာဂရုစိုက်ပါတယ်လို့ သိရပါတယ်။
တချို့ နို့ဟင်းမလိုင်ရောင်းချတဲ့ဆိုင်တွေမှာသောက်ရင် လျှာပေါ်မှာ ဆန်မှုန့်ကြမ်းကြမ်းတွေကျန်နေ
တတ်သလို နို့ညှီအနံ့ပါရတတ်ပါတယ်။ ဒေါ်ရီဆိုင်ကတော့ အဲဒီအရာတွေနဲ့ တခြားစီပါ။ သောက် လိုက်တိုင်း နွားနို့အန့ံမွှေးမွှေးလေးကို ခံစားရပြီး လည်ချောင်းထဲထိစိမ့်ဝင်သွားပါတယ်။ ဆန်မှုန့်
ကြမ်းတဲ့အရာကိုလည်း မခံစားမိပါဘူး။ နောက်တစ်ခုကတော့ နို့ဟင်းမလိုင် ပူပူနွေးနွေးလေး
သောက်ရတာပါပဲ။ အမြဲတမ်း နို့ဟင်းမလိုင် အိုးအောက်မှာ မီးအပူပေးထားပါတယ်။ အပူပေးထား
တော့ သောက်ရတာ ပိုပြီးအရသာရှိပါတယ်။ နို့ဟင်းမလိုင်ထဲကိုထည့်တဲ့ အီကြာကွေးနဲ့ မလိုင်
ထည့်ပုံကတော့ ဆိုင်တိုင်းအတူတူပါပဲ။ မလိုင်အရသာကကတော့ နို့ဟင်းမလိုင်ရောင်းတဲ့ဆိုင်တိုင်း
ကောင်းပါတယ်။ ဘာမှ ထူးထူးခြားခြား ပြောစရာမရှိပါဘူး။ အီကြာကွေးမကြိုက်ရင်တော့ ကြိုပြော
ထားရပါတယ်။
ဒေါ်ရီ နို့ဟင်းမလိုင်ဆိုင်က တခြားဆိုင်နဲ့မတူတာက နို့ဟင်းမလိုင်ထဲကို နို့စိမ်းထပ်ဆမ်းပေးတာပါပဲ။
တချို့ဆိုင်တွေကတော့ နို့စိမ်းတွေထည့်ပေးတာ မရှိပါဘူး။ နို့စိမ်းထည့်ပေးတာကလည်း ပိုပြီးသောက်
ချင်လာအောင် ဆွဲဆောင်နိုင်တယ်လို့ပဲ ထင်မိပါတယ်။ ဒေါ်ရီ နို့ဟင်းမလိုင်ဆိုင်ကို သွားပြီးသောက်
မယ်ဆိုရင်တော့ အနည်းငယ် သည်းခံပေးဖို့လိုပါတယ်။ နာမည်ကြီးသလို အရသာကလည်း
ကောင်းမွန်တဲ့အတွက် လာရောက်သောက်သုံးသူ၊ ဝယ်ယူသူများတဲ့အတွက် ကိုယ့်အလှည့်ရောက်
ဖို့ မိနစ်အနည်းငယ်တော့ ကြာတတ်ပါတယ်။န
နို့ဟင်းမလိုင်စျေးနှုန်းကတော့ ဆိုင်တိုင်းအတူတူပါပဲ။ တစ်ပွဲကို ကျပ် ၃ဝဝ၊ ၅ဝဝ နဲ့ ကျပ် ၁,ဝဝဝ
လို့ သတ်မှတ်ထားပါတယ်။ ဒေါ်ရီဆိုင်ကို နို့ဟင်းမလိုင် သွားသောက်ချင်တယ်ဆိုရင်တော့ ၂၆ လမ်း
(ကျုံးတောင်ဘက်အခြမ်း)၊ ရ၉ လမ်းထောင့်မှာ ဖြစ်ပါတယ်။ ရောင်းချတဲ့အချိန်ကတော့ ညနေ ၆
နာရီကျော်ကနေ ည ၁ဝ နာရီ ကျော်တဲ့အချိန်ထိ ရှိတတ်ပါတယ်။
















