ငါးမိနစ် စကားစမြည်

ငါးမိနစ် စကားစမြည်

လွန်ခဲ့တဲ့ နှစ်တချို့မှာ မန္တလေးသင်္ကြန်ဆိုရင် ကျုံးဘေးတစ်ဝိုက်သာ လူစည်ကားနေတဲ့အတွက်
ဒေသခံတွေက ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်တွေအလိုက်စည်ကားပြီး လူတန်းစားမရွေး ပျော်ရွှင်
နိုင်တဲ့မန်းသင်္ကြန်ကို ပြန်လည်မျှော်လင့်နေကြပါတယ်။

အစိုးရသစ်က ဒီနှစ်မန်းသင်္ကြန်အတွက် ကျုံးဘေးတစ်လျှောက်မှာ မဏ္ဍပ်ဆောက်လုပ်ခွင့်ကို
လျှော့ချပြီး နန်းဆန်တဲ့မန်းသင်္ကြန်ကို ပြန်လည်ပုံဖော်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဒီနှစ်မန္တလေး
သင်္ကြန်စီစဉ်ကျင်းပရေးနဲ့ပတ်သက်ပြီး မအိန်ဂျယ်လင်းက ငါးမိနစ်တာ ဆွေးနွေးအကြံပြုထားပါ
တယ်။

မန္တလေးသင်္ကြန်ဆိုတာ ခေတ်အဆက်ဆက်နာမည်သိပ်ကို ကြီးပါတယ်။ 'မန္တလေးနဲ့သင်္ကြန်၊
သင်္ကြန်နဲ့မန္တလေး' ဆိုတာ ခွဲခြားမရတဲ့ ချစ်သူတွေလိုပါပဲ။ မန္တလေးဆိုတာ အနုပညာနဲ့ယဉ်ကျေးမှု ထွန်းကားရာ နေရာလည်းဖြစ်ပါတယ်။ အဲဒါကြောင့် ရိုးရာယဉ်ကျေးမှုတွေလည်း မပျောက်ပျက်
အောင်၊ လူငယ်တွေလည်း ပျော်ပါးနိုင်အောင် စီစဉ်ပေးမယ်ဆိုရင် ပိုကောင်းလိမ့်မယ်လို့ ထင်ပါ
တယ်။

အရင်နှစ်တွေတုန်းက မဏ္ဍပ်တွေ တော်တော်များများကကျုံးဘေးမှာပဲ ရှိနေတာဆိုတော့ ကျုံးဘေး
တစ်ဝိုက်ပဲ သင်္ကြန်ကွက်ကျနေသလို ဖြစ်နေပါတယ်။ တစ်မြို့လုံးက ရပ်ကွက်တွေ၊ လမ်းတွေက
တော့ သင်္ကြန်ဆိုတာ သူတို့နဲ့ လုံးဝမသက်ဆိုင်သလို ဖြစ်နေတယ်။ သင်္ကြန်ဆိုတာ တဖြည်းဖြည်း
နဲ့ ကျုံးဘေးမှာပဲ လူတွေစုပြီးတော့ စားကြ၊ သောက်ကြ၊ မူးကြ၊ ရန်တွေဖြစ်ကြနဲ့ အရမ်းအန္တရယ်
များလာတယ်။

အခုခေတ် ဆောက်တဲ့မဏ္ဍပ်တွေကလည်း ကလပ်ပုံတွေ သီးသန့်အခန်းတွေပါ ထည့်သွင်းဆောက်
လုပ်ကြတော့ မိန်းကလေးတွေအတွက် အန္တရာယ်ဖြစ်နိုင်ပါတယ်။ သင်္ကြန်ဆိုရင် မန္တလေးဒေသခံ
အများစု ခရီးတွေထွက်တာ များတယ်။ အရင် ကျွန်မတို့ ငယ်တုန်းကလို အမေတို့၊ အဘွားတို့
ခေတ်ကသင်္ကြန်တွေကို ပြန်လည်တမ်းတမိတယ်။ အရင်ခေတ်တွေတုန်းက မန္တလေးသင်္ကြန်ဆိုတာ
မြို့နယ်တွေအလိုက် သင်္ကြန်အလှပြကားတွေ၊ သံချပ်တွေနဲ့ အပြိုင်အဆိုင် အရမ်းပျော်ဖို့ကောင်းပါ
တယ်။ ကလေးတွေဆိုရင်လည်း အိမ်ရှေ့မှာ ခုံတွေချ ရေထည့်ဖို့ စည်ပိုင်းတွေချပြီး တစ်ရပ်ကွက်
လုံးက ကလေးတွေ ပျော်ပျော်ပါးပါး ရေကစားကြတာပါ။ အခု ခေတ်ကလေးတွေ ဒီလိုသင်္ကြန်ရှိခဲ့
တယ်ဆိုတာ သိဖို့တောင် မလွယ်တော့ပါဘူး။

အခု ကျုံးဘေးမှာ မဏ္ဍပ်ကြီးတွေ သိပ်မဆောက်ရဘူးလို့ ကြားတယ်။ ဒီအတွက်လည်း လူငယ်
တော်တော်များများက သိပ်သဘောမကျကြပါဘူး။ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ဖြစ်တဲ့အတွက်
လူငယ်တွေကလည်း ရိုးရာယဉ်ကျေးမှုကို မထိခိုက်အောင် သင်္ကြန်ဆိုရင် သောက်မယ်၊ စားမယ်၊
မူးမယ်၊ ရန်ဖြစ်မယ်ဆိုတာလောက်မတွေးဘဲ နှစ်သစ်ကို မင်္ဂလာရှိရှိပျော်ကြမယ်ဆိုရင် ပိုကောင်း
ပါတယ်။ လူနည်းစုတစ်စုအတွက် ကျင်းပတဲ့ သင်္ကြန်မျိုးမဟုတ်ဘဲ လူတန်းစားမရွေး ပျော်နိုင်မယ့်
သင်္ကြန်မျိုးကို မြင်တွေ့ချင်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး