ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအပါအဝင် မော်တော်ယာဉ်နှင့်ပတ်သက်၍ သိသင့်သော
အကြောင်းအရာများကို ဆွေးနွေးဟောပြောသွားမည့် Motors Awareness Campaign များကို
ယခုနှစ်အတွင်း မြို့ကြီးလေးမြို့တွင် ပြုလုပ်သွားရန်စီစဉ်ထားကြောင်း Motors.com.mm မှ အမှု
ဆောင်ဒါရိုက်တာ ဦးညိုသွေးက ပြောသည်။
ယခုနှစ်၏ ပထမဆုံးပွဲအဖြစ် မန္တလေးမြို့ ရှိ ဟိုတယ်ရွှေပြည်သာ၌ ဖေဖော်ဝါရီ ၂၅ ရက်တွင်ကျင်းပ
ခဲ့ပြီး၊ နောက်ထပ် တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်နှင့်ရန်ကုန်မြို့တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း
ဦးညိုသွေးက ပြောသည်။
''ဆွေးနွေးပွဲတွေမှာ ပြောကြားသွားမယ့် အကြောင်းအရာတွေက တစ်နေရာနဲ့တစ်နေရာ တူညီမှာ
မဟုတ်ပါဘူး။ လမ်းအန္တရာယ်ကင်းရှင်းရေး၊ အခြေခံကားထိန်းသိမ်းမှုတွေနဲ့ မြန်မာနိုင်ငံမှာကား
ဝယ်ခြင်းရဲ့ မတူညီကွဲပြားတဲ့ရှုထောင့်တွေကို အရေးပေးသွားမှာပါ'' ဟု ဦးညိုသွေးက ပြောသည်။
မန္တလေးမြို့၌ ကျင်းပခဲ့သောပွဲတွင် ကားနှင့်ပတ်သက်သော နည်းပညာများနှင့် ပြုပြင်ထိန်းသိမ်းနည်း
များ၊ မော်တော်ကားအာမခံများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို သက်ဆိုင်ရာဌာန
နှင့်ကုမ္ပဏီများမှ တာဝန်ရှိသူများက တက်ရောက်ပြောကြားခဲ့ကြပြီး Ford နောက်ဆုံးပေါ်ကားများ
ကို စမ်းသပ်မောင်းနှင်ခွင့်လည်း ပေးခဲ့သည်။















