မန္တလေးစက်မှုဇုန်အတွင်း ရေဆိုးထုတ်လွှတ်ရာတွင် သတ်မှတ်စံညွှန်းထက် ကျော်လွန်ညစ်ညမ်း
မှုရှိသည့်ရေဆိုးများ စွန့်ပစ်နေသဖြင့် ယာယီပိတ်သိမ်းထားသော အရက်ချက်စက်ရုံများမှ ၄င်းတို့၏
ရေဆိုးသန့်စင်စနစ် လုပ်ဆောင်နေမှုများကိုတင်ပြပြီး လုပ်ငန်းလည်ပတ်မှုကို ယာယီပြန်လည်ခွင့်
ပြုရန်တင်ပြလာမှုအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ပြန်လည်တင်ပြထားကြောင်း မန္တလေးတိုင်း
ဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူ း ဦးသန့်ဇင်ထွန်း
က ပြောသည်။
စက်မှုဇုန်အတွင်း အရက်ချက်စက်ရုံလေးရုံ ရှိသည့်အနက် နှစ်ရုံ၏ ရေဆိုးထုတ်လွှတ်မှုတွင်ပါဝင်
သည့် အော်ဂဲနစ်ဒြပ်ပေါင်းပစ္စည်း (BOD-Biochemical Oxygen Demand) သည် သတ်မှတ်ထား
သောပမာဏထက် များပြားနေသဖြင့် သက်ဆိုင်ရာစည်ပင်သာယာ၊ စက်မှုကြီးကြပ်ရေးအဖွဲ့များကို
အရေးယူပေးနိုင်ရန် အကြောင်းကြားခဲ့ပြီးနောက် လုပ်ငန်းလည်ပတ်မှုကို ယာယီရပ်ဆိုင်းခဲ့သည်။
၄င်းနောက် အဆိုပါစက်ရုံများမှ ၄င်းတို့၏ ရေဆိုးသန့်စင်စနစ်တည်ဆောက်နေသည့် အခြေအနေ
များနှင့် စက်ရုံလည်ပတ်မှု ယာယီရပ်ဆိုင်းပါက အလုပ်သမားများ ကြံုတွေ့ရမည့် အခက်အခဲများကို
ပြန်လည်တင်ပြပြီး ယာယီလုပ်ငန်း လည်ပတ်ခွင့်ပြုရန် တင်ပြလာရာ အခြေအနေကို တိုင်းဒေသ ကြီးအစိုးရအဖွဲ့ထံ ဖေဖော်ဝါရီလလယ်က ပြန်လည်တင်ပြထားကြောင်း ဦးသန့်ဇင်ထွန်းက ပြော
သည်။
''ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ စက်ရုံတွေကိုစစ်ဆေးတဲ့အခါ နှစ်ရုံက စက်ရုံအတွင်းမှာ ရေဆိုးသန့်စင်
စနစ်တွေ လုံးဝမရှိသေးသလို သတ်မှတ်ရေဆိုး ထုတ်လွှတ်မှုထက်လည်း များနေပါတယ်။ လုပ်ငန်း
လည်ပတ်မှုရပ်ဆိုင်းလိုက်တဲ့ စက်ရုံနှစ်ရုံမှာ တစ်ရုံက တရုတ်ကုမ္ပဏီ၊ တစ်ရုံက အိန္ဒိယကုမ္ပဏီ
တွေနဲ့ချိတ်ဆက်ပြီး ရေဆိုးသန့်စင်စနစ် တပ်ဆင်ဖို့ လုပ်ဆောင်နေတာကို ပြန်တင်ပြလာပါတယ်။
ရေဆိုးသန့်စင်မှုအတွက် အခြေခံအဆောက်အအုံဆောက်တာ တစ်နှစ်ကနေ နှစ်နှစ်အတွင်း ကြာ
နိုင်မယ်။ ဒီလိုလုပ်ဆောင်နေစဉ်မှာ စက်ရုံကိုရပ်ထားရင် အလုပ်သမားနဲ့ တခြားအခက်အခဲတွေ
ရှိလာနိုင်လို့ လည်ပတ်မှုကို ယာယီခွင့်ပြုဖို့ စက်ရုံတွေက ပြန်တင်ပြလာပါတယ်။ ဒါကို တိုင်းဒေသ
ကြီးအစိုးရအဖွဲ့ထံ ကျွန်တော်တို့ ပြန်တင်ပြထားတယ်'' ဟု ဦးသန့်ဇင်ထွန်းက ဖေဖော်ဝါရီ ၂၂
ရက်တွင် ပြောသည်။
မန္တလေး စက်မှုဇုန်အတွင်းရှိ ရေဆိုးစွန့်ပစ်သောလုပ်ငန်းများ၏ ရေဆိုးစွန့်ပစ်မှုအတိုင်းအတာကို
တိုင်းဒေသကြီး အစိုးရညွှန်ကြားမှုဖြင့် ၂ဝ၁၆ ခုနှစ်၊ မေလတွင် သွားရောက်တိုင်းတာခဲ့ရာ အများ
စုမှာ သတ်မှတ်ချက်အတွင်း မဝင်ကြောင်း၊ ရေဆိုးစွန့်ပစ်မှု အများဆုံးဖြစ်သော အရက်ချက်စက်ရုံ
များမှ စွန့်ပစ်ရေတစ်လီတာတွင် BOD ပါဝင်မှု ၁၇,ဝဝဝ ကျော်မှ ၂ဝ,ဝဝဝ ကျော်အထိ တွေ့ရကြာင်း၊ ပထမအကြိမ်စစ်ဆေးပြီး နောက်သြဂုတ်လအတွင်း BOD 6000 mg/l အထိလျှော့ချကြရန် သတ်
မှတ်ခဲ့သော်လည်း ယခုနောက်ဆုံးအကြိမ်အဖြစ် ပြီးခဲ့သော ဒီဇင်ဘာလတွင် ထပ်မံစစ်ဆေးရာ
တွင် အဆိုပါအရက်ချက်စက်ရုံနှစ်ရုံမှာ သတ်မှတ်ချက်မဝင်ခဲ့ကြောင်း ပြောသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ လုပ်ငန်းကဏ္ဍအသီးသီးအလိုက်
အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) များနှင့်ပတ်သက်၍ လမ်းညွှန်ချက်
များကို အမိန့်ကြေညာချက်အမှတ် ၆၁၅/၂ဝ၁၅ ဖြင့် ထုတ်ပြန်ထားရာ အရက်ချက်စက်ရုံများအပါ
အဝင် အထွေထွေရေဆိုးစွန့်ပစ်မှုကို BOD 50mg/l ဟု သတ်မှတ်ထားကြောင်း ပြောသည်။
လတ်တလောတွင် စက်မှုဇုန်မှစွန့်ပစ်ထားသောရေဆိုးများမှာ စည်ပင်သာယာမှ သွယ်တန်းထား
သော ၁ဝ လက်မအချင်းရှိ ရေပိုက်လိုင်းမှတစ်ဆင့် ဒုဌဝတီမြစ်အတွင်း ရောက်ရှိနေသည်။















