၁၃ဝဝ ပြည့်အရေးတော်ပုံတွင်ကျဆုံးခဲ့သည့် မန္တလေးမြို့မှ အာဇာနည်၁၇ဦး အထိမ်းအမှတ်ဗိမာန်
ထိန်းသိမ်းရန်အတွက် ကော်မတီဖွဲ့စည်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာဇာနည် ၁၇ ဦး
ပွဲဖြစ်မြောက်ရေးအဖွဲ့ဝင် ဦးမင်းထက်ငြိမ်းချမ်းက ဖေဖော်ဝါရီ ၂၈ ရက်က ပြောသည်။
''အာဇာနည် ၁၇ ဦးဆိုတာ မန္တလေးမြို့ရဲ့ပြယုဂ်တစ်ခုပါ။ ဒီလို အာဇာနည်တွေရှိတဲ့ဗိမာန်ကို
တစ်နှစ်မှ တစ်ရက်ပဲဖွင့်တာမျိုးမဟုတ်ဘဲ နေ့စဉ်ဖွင့်ပြီး လူငယ်တွေ လာရောက်လေ့လာလို့ရအောင်
လုပ်ဆောင်သွားမယ်။ ဖွဲ့စည်းပုံတွေတော့ မကြာခင်ရေးဆွဲသွားမှာပါ။ ကော်မတီကိုလည်း အမြန်
ဆုံးဖွဲ့စည်းဖို့လုပ်ဆောင်မှာပါ။ ကော်မတီဝင်တွေကို နယ်ပယ်အစုံကနေ ရွေးချယ်သွားမှာပါ''ဟု
ဦးမင်းထက်ငြိမ်းချမ်းက ပြောကြားသည်။
အဆိုပါကော်မတီကို ဖွဲ့စည်းရန်အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လျှပ်စစ်၊ စွမ်းအင်
နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်ကလည်း ဖေဖော်ဝါရီ ၁၈ ရက်က ပြုလုပ်ခဲ့သည့်
အာဇာနည် ၁၇ ဦး ရ၈ နှစ်ပြည့် အထိမ်းအမှတ်ပွဲတွင် ပြောခဲ့သည်။
''အာဇာနည် ၁၇ ဦး ဗိမာန်ဆိုတာ တကယ့်အမွေအနှစ်တစ်ခု ဖြစ်တယ်။ အရပ်ဘက် အဖွဲ့အစည်း
တွေတင်မကဘူး။ အစိုးရဌာနဆိုင်ရာဘက်တွေကပါ ထိန်းသိမ်းရေးကို တာဝန်ယူသင့်တယ်လို့
ထင်တယ်''ဟု မန္တလေးမြို့ခံ ဦးအောင်ဝင်းက ပြောသည်။
လက်ရှိအချိန်တွင် အဆိုပါ အာဇာနည်၁၇ ဦး ဗိမာန်ကို အထိမ်းအမှတ်နေ့မတိုင်မီနှင့် အထိမ်း
အမှတ်ပွဲရောက်ချိန်ရက်များသာ အရပ်ဘက်အဖွဲ့အစည်းများက ဗိမာန်ကို ပြင်ဆင်ရေးလုပ်ပေးပြီး
ကျန်သည့်အချိန်များတွင် တံခါးသော့ခတ်ထားကြောင်း ဦးမင်းထက်ငြိမ်းချမ်းက ပြောသည်။
၁၉၃၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မန္တလေးမြို့ခံ၊ ရဟန်းရှင်လူပြည်သူများက အင်္ဂလိပ်အစိုးရ၏
အုပ်ချုပ်မှုကို ဆန့်ကျင်သပိတ်မှောက်သည့်အနေဖြင့် ၂၆ လမ်းအတိုင်းချီတက်ရာ အင်္ဂလိပ်အစိုးရက
သေနတ်ဖြင့်ပစ်ခတ်ဖြိုခွင်းသဖြင့် ချီတက်သည့်အဖွဲ့မှ ၁၇ ဦး ကျဆုံးရာမှ ယခုကဲ့သို့ အာဇာနည်
၁၇ ဦး ဗိမာန်ပေါ်ပေါက်လာရခြင်းဖြစ်ပြီး အာဇာနည်ဗိမာန်မှာ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီ
ရပ်ကွက်၊ သူကြွယ်ကုန်းတွင်တည်ရှိပြီး တပို့တွဲလပြည့်ကျော် ရ ရက်ကို မန္တလေးမြို့ အာဇာနည်
၁၇ ဦးနေ့အဖြစ် မြို့ခံများက သတ်မှတ်ထားသည်။















