အိမ်ဆောက်ရန် ကြေညာချက်ထုတ်ပြီးနောက် အိမ်မြေဝယ်ရောင်းစျေးကွက် ပိုအေးနိုင်ခြေရှိဟု အကျိုးဆောင်များ ခန့်မှန်း

အိမ်ဆောက်ရန် ကြေညာချက်ထုတ်ပြီးနောက် အိမ်မြေဝယ်ရောင်းစျေးကွက် ပိုအေးနိုင်ခြေရှိဟု အကျိုးဆောင်များ ခန့်မှန်း

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကနေ စည်ပင်သာယာနယ်နိမိတ်အတွင်းမှာရှိတဲ့
မြေကွက်လွတ်တွေကို ခြံဝင်းခတ်ဖို့၊ အဆောက်အအုံတွေ ဆောက်လုပ်ဖို့ ကြေညာချက်ထုတ်ပြန်
ခဲ့တဲ့နောက်မှာ အိမ်ခြံမြေဝယ်ရောင်းစျေးကွက်ဟာ လက်ရှိအနေအထားထက် အချိန်အတိုင်းအတာ
တစ်ခုအထိ ပိုအေးသွားဖွယ်ရှိတယ်လို့ အိမ်မြေအကျိုးဆောင်တချို့က သုံးသပ်ကြပါတယ်။

စည်ပင်သာယာနယ်နိမိတ်အတွင်းမှာ မြို့ကွက်သစ်ဖော်ထုတ်ရေး လုပ်ငန်းအဖွဲ့ကချပေးထားတဲ့
မြေကွက်လွတ်တွေမှာ မြေငှားဂရန်ရထားပါက ခြောက်လအတွင်း ဝင်းခြံခတ်ရန်နဲ့ အဆောက်
အအုံဆောက်လုပ်ခွင့် တောင်းခံဖို့၊ မြေငှားဂရန် မလျှောက်ရသေးရင်လည်း အမြန်ဆုံးလျှောက်ကြ
ဖို့၊ ဆောက်လုပ်ခွင့်ပြုမိန့်ရပြီးရင် ကိုးလအတွင်း အကောင်အထည်ဖော်လုပ်ဆောင်ဖို့ မန္တလေး
နေ့စဉ်သတင်းစာထဲကနေ အသိပေးထားပါတယ်။ လိုက်နာမှုမရှိခဲ့ရင် မြေငှားဂရန်ကိုပယ်ဖျက်ပြီး
အစိုးရစီမံခန့်ခွဲမြေအဖြစ် လုပ်ဆောင်သွားမယ်လို့ စည်ပင်သာယာက ဖေဖော်ဝါရီ ၁၆ ရက်ကစပြီး
ကြေညာပါတယ်။ အိမ်ခြံမြေစျေးကွက်မှာ နေထိုင်ဖို့အတွက်မဟုတ်ဘဲ အမြတ်ရရင် ပြန်ရောင်းမယ်
ဆိုတဲ့ရည်ရွယ်ချက်နဲ့ အလုပ်လုပ်ကြလေ့ရှိတဲ့ အိမ်ခြံမြေအကွက်အကွင်းတွေဟာ မြေကွက်လွတ်
တွေသာများပြားပါတယ်။ ဒီလိုကြေညာလိုက်တဲ့နောက်မှာ လတ်တလောမှာ အရောင်းအဝယ်အေး
နေတဲ့ဝယ်ရောင်းစျေးကွက်ဟာ အခြေအနေကို ဆက်စောင့်ကြည့်သူသာ ပိုများလာတဲ့အနေအထား
ရောက်သွားနိုင်တယ်လို့ အကျိုးဆောင်တချို့က သုံးသပ်ပါတယ်။

ဝယ်ရောင်းစျေးကွက်မှာ ရင်းနှီးမြှုပ်နှံလိုသူတွေဟာ ထိုက်သင့်တဲ့အကျိုးအမြတ်ရရင် ပြန်ရောင်းဖို့
စိတ်ကူးနဲ့ အလုပ်လုပ်ကြတာများတာကြောင့် ငွေပိုထွက်မယ့်အလုပ်မျိုးကို မစဉ်းစားလိုကြဘဲ
အရောင်းအဝယ်လုပ်ရင်တောင်မှ ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေကို ကိုယ်စားလှယ်လွှဲစာတွေနဲ့ပဲ
လွှဲပြောင်းယူထားကြလေ့ ရှိပါတယ်။

အခု ကြေညာချက်အရ မြေကွက်လွတ်ကို ဝင်းခြံခတ်ဖို့ဆိုတာ ပြဿ     နာသိပ်မရှိနိုင်ပေမဲ့ အဆောက်
အအုံအတွက်တော့ စဉ်းစားစရာဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ အရင်က အိမ်ခြံမြေဝယ်
ရောင်းစျေးကွက်လှုပ်ခတ်ခဲ့တဲ့အချိန်တွေကို ပြန်ကြည့်ရင် မြေပုံပေါ်မှာပဲ နေရာအနေအထားကို
ကြည့်ပြီး အရောင်းအဝယ်သွက်ခဲ့တာတွေ ရှိပါတယ်။ စည်ပင်သာယာအနေနဲ့ ဒီလိုမြေကွက်လွတ်
တွေကို ဝင်းခြံခတ်ဖို့၊ အဆောက်အအုံဆောက်ဖို့ကို ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ်နဲ့ ၂ဝ၁၄ ခုနှစ်တွေမှာ
ကြေညာခဲ့ဖူးပေမဲ့ မြေကွက်လပ်တွေကတော့ များစွာကျန်ရှိနေဆဲဖြစ်ပါတယ်။ အခုအခါ လူနေ
အထိုင်ကျပြီးဖြစ်တဲ့ မြို့သစ်ဧရိယာတွေမှာတော့ မြေကွက်လွတ်ဆိုတာ နည်းပါးနေလို့ အခုကြေညာ
ချက်ဟာ အဲဒီဧရိယာတွေရဲ့ အိမ်မြေစျေးကွက်အပေါ်တော့ အကျိုးသက်ရောက်မှု မများနိုင်ဘူးလို့
အိမ်မြေအကျိုးဆောင်အများစုက ယူဆပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး