ယခုနှစ်သင်္ကြန်တွင် မန္တလေးကျုံးပတ်လည်၌ ယခင်နှစ်များထက် သင်္ကြန်ရေကစားမဏ္ဍပ်
ဆောက်လုပ်ခွင့်ကို လျှော့ချသွားမည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ
သိရသည်။
သင်္ကြန်ကာလ မန္တလေးမြို့တော်၏ အစည်ကားဆုံးနေရာဖြစ်သည့် ကျုံးပတ်ပတ်လည်တွင်
မြန်မာ့ရိုးရာသင်္ကြန်ကို ပြန်လည်ပုံဖော်နိုင်ရန် မဏ္ဍပ်ဆောက်လုပ်ခွင့်ကို လျှော့ချသွားမည်
ဖြစ်ကာ နှစ်စဉ်စည်ကားသည့် ကျုံးတောင်ဘက်တွင် မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်နှင့်
နန်းမြို့သူမဏ္ဍပ်များကိုသာ ခွင့်ပြုပေးသွားရန် စီစဉ်ထားကြောင်း မန္တလေးတိုင်းဒေသကြီး
ဒုတိယမြို့တော်ဝန်ဦးရဲမွန်က ယခုလ ၁ ရက်တွင် ပြောသည်။
မြို့တော်စည်ပင်သာယာရေး ကော်မတီက လက်ရှိတွင် ကျုံးတစ်ဖက်လျှင် ရေကစားမဏ္ဍပ်
လေးခုနှင့် ခြောက်ခုကြား ဆောက်လုပ်ခွင့်ပြုရန် လျာထားကြောင်း၊ ရေကစားမဏ္ဍပ်
ဆောက်လုပ်ခွင့်ကို ယခင်နှစ်များအတိုင်း မဲစနစ်ဖြင့် ရွေးချယ်မည်မဟုတ်ဘဲ လေလံစနစ်ဖြင့်
ခွင့်ပြုပေးရန် လျာထားကြောင်း စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
''ကျုံးဘေးမှာ မဏ္ဍပ်တစ်ခုမှ မရှိတာမျိုး တော့ မဟုတ်ပါဘူး။ ကျုံးတောင်ဘက်ကို
မပေးဘူးဆိုပေမဲ့ ကျန်တဲ့ အရှေ့ဘက်၊ အနောက်ဘက်၊ မြောက်ဘက်တွေကို
မဏ္ဍပ်ဆောက်လုပ်ခွင့်ပေးမှာပါ။ ဒါပေမဲ့ အရင်လိုတော့ အများကြီး မပေးတော့ပါဘူး။
ကန်တော်ကြီးလိုနေရာမျိုးတွေနဲ့ မြို့တွင်းက လူစည်ကားမယ့်နေရာမျိုးတွေကိုသာ
မဏ္ဍပ်ဆောက်လုပ်ခွင့်ပြုပါမယ်'' ဟု ဦးရဲမွန်က ပြောသည်။
၂ဝ၁၆ ခုနှစ် မန္တလေးသင်္ကြန်တွင် ကျုံးဘေးတစ်ဖက်လျှင် ရေကစားမဏ္ဍပ် ၁ဝ
ခုဆောက်လုပ်ခွင့်ချထားပေးခဲ့ပြီး အလျား ပေ ၁ဝဝ နှင့် အနံ ၂၅ ပေ
အထိသတ်မှတ်ပေးခဲ့ခြင်းဖြစ်ကာ ရေဂါလန်ပေါင်း သန်း ၄ဝ ကျော်သုံးစွဲခဲ့သည်။
















