မဟာမုနိဘုရားရှိ ရှေးဟောင်းကြေးရုပ်ကြီးများကို ကိုင်တွယ်ခွင့်ပြုတော့မည် မဟုတ်

မဟာမုနိဘုရားရှိ ရှေးဟောင်းကြေးရုပ်ကြီးများကို ကိုင်တွယ်ခွင့်ပြုတော့မည် မဟုတ်

မန္တလေးမြို့ မဟာမုနိဘုရားရှိ ရှေးဟောင်းကြေးရုပ်ကြီးများကို ကိုင်တွယ်ခွင့်ပြုတော့မည်
မဟုတ်ကြောင်း ဂေါပကအဖွဲ့ ဥက္ကဌ ဦးစိုးလင်းက ပြောသည်။

"ကြေးရုပ်ကြီးတွေက သမိုင်းတန်ဖိုးရှိတယ်။ ရှေးဟောင်းပစ္စည်းလည်းဖြစ်တယ်။ ဒါတွေနဲ့ ပတ်သက်ပြီး
ရှေရှည်မှာ မကိုင်တာကောင်းတယ်ဆိုပြီး ယူဆတယ်။ ကြေးရုပ်တွေကို ဆက်ကိုင်သင့် မကိုင်သင့်
ပညာရှင်တွေနဲ့ ဆွေးနွေးလိုက်တဲ့အခါကျေတော့ ရှေးဟောင်းဘက်က မကိုင်သင့်ဘူးလို့
ဆုံးဖြတ်တယ်"ဟု ၎င်းက ပြောသည်။

အဆိုပါကြေးရုပ်ကြီးများကို ဘုရားပြည်သူများ ကိုင်တွယ်ထိတွေ့နိုင်ခြင်း မရှိစေရန် မှန်လုံခန်းဖြင့်
ထားသွားမည်ဖြစ်ပြီး ယင်းသို့ ထားနိုင်ရန် လက်ရှိအဆောက်အဦကို တိုးချဲ့ရမည်ဟု ၎င်းက ဆိုသည်။

"အဆောက်အဦက အနောက်ဘက်ကို ၁၅ ပေလောက်ချဲ့ရမယ်။ ချဲ့ဖို့တိုင်းတဲ့အခါ အနောက်ဘက်မှာ
သစ်ပင်တစ်ပင်နဲ့ ငြိနေတယ်။ ငြိနေတော့ စည်ပင်ကို သစ်ပင်ခုတ်ခွင့် တင်ထားတယ်။
သစ်ပင်ခုတ်ပြီးရင် အဆောက်အဦကို ပြင်မယ်"ဟု ၎င်းက ပြောသည်။

အဆိုပါအဆောက်အဦးကို တိုးချဲ့ဆောက်လုပ်ရန်အတွက် မန္တလေးမြို့ရှိ ဗိသုကာပညာရှင်များကို
ဒီဇိုင်းရေးဆွဲပေးရန်ပြောကြားထားကြောင်း ၎င်းက ဆိုသည်။

"ပြီးရင် ရှေးဟောင်းသုတေသနပညာရှင်ရဲ့ အကြံပြုချက်နဲ့ လေးဘက်မှန်ကာပြီး အရုပ်တွေကို
တစ်ခုပြီးတစ်ခု ကျောနဲ့ မျက်နှာနဲ့ ဆိုပြီး ဆင်ထားမယ်။ အားလုံးလည်း ကြည့်ရတာအဆင်ပြေမယ်"ဟု
၎င်းက ပြောသည်။

ထိုသို့အဆောက်အဦပြုပြင်ရန် သုံးလကျော်ခန့် ကြာမြင့်နိုင်ကြောင်း၊ အဆောက်အဦ ပြီးသွားပါက
သတ်မှတ်ထားသည့်အတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မဟာမုနိဘုရားသို့လာရောက်သည့် ဘုရားဖူးအများစုသည့် ကြေးရုပ်ကြီးများ၏ ကိုယ်အင်္ဂါ
အစိတ်အပိုင်းများကို ပွတ်သပ်ပါက မိမိတွင်ခံစားနေရသော ဝေဒါနာများ
သက်သာပျောက်ကင်းသည်ဟု ယုံကြည်နေကြသည်။

"လူတွေက တစ်သက်လုံးကိုင်လာတာ။ ဗိုက်နာရင်ဗိုက်ပွတ်မှ ပျောက်တယ်ထင်တာ။ မျက်စိနာရင်
မျက်စိပွတ်မှ ပျောက်တယ်ထင်တာ။ အဲဒီအစွဲလေးရှိနေတယ်။ ဒီအစွဲကို လူတွေစိတ်သက်သာရာ
ရအောင် မီဒီယာက အကြံပြုသလို အရုပ်ကြီးတွေကို မကိုင်ဘဲနဲ့ စိတ်နဲ့ပဲ မေတ္တာပို့ပေးပါဆိုတဲ့
လမ်းညွှန်စာတမ်းလေးတွေ ချိတ်ပေးဖို့ အစီအစဉ်ရှိပါတယ်"ဟု ဦးစိုးလင်းက ပြောသည်။

အဆိုပါကြေးရုပ်ကြီးများသည် ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝတ်ကျောင်းတော်မှ ထိုင်းတို့က
ယူဆောင်ထားခြင်းဖြစ်ကြောင်း၊ မြန်မာသက္ကရာဇ် ၉၂၅ ခုနှစ်တွင် မြန်မာဘုရင်ဘုရင့်နောင်
ကျော်ထင်နော်ရထာက ဟံသာဝတီသို့ ယူခဲ့ကြောင်း၊ ၉၆၁ ခုနှစ်တွင် ထိုင်းဘုရင်က တောင်ငူကို
၀င်ရောက်တိုက်ခိုက်သောအခါ မြန်မာဘက်မှ ရခိုင်ဘုရင်မင်းရာဇာက ၀င်ရောက်ကူသဖြင့်
ရခိုင်ဘုရင်အား ကြေးရုပ်ကြီးများကို လက်ဆောင်ပေးခဲ့ကြောင်း၊၁၁၄၆ ခုနှစ် ဘိုးတော်ဗဒုံမင်း
လက်ထက်တွင် ရခိုင်ပြည် ဓညဝတီမှ မဟာမုနိဘုရားကြီးကို ပင့်ဆောင်ရာတွင်
အဆိုပါကြေးရုပ်ကြီးများကို တပါးတည်းယူဆောင်လာခြင်းဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ
သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး