မန္တလေးမြို့တွင် ပရဟိတလူမှုကူညီရေးအသင်းများ စုပေါင်း၍ သင်္ကြန်သံချပ်ထွက်ရန် စီစဉ်နေကြောင်း
သာသနာ့ပါလ ပရဟိတလူမှုကူညီရေးအသင်းမှ ဒုတိယဥက္ကဌ ကိုဇော်သီဟ က ပြောသည်။
ယခုကဲ့သို့ ပရဟိတအသင်းများစုပေါင်းကာ သံချပ်ထွက်ရန် စီစဉ်နေခြင်းမှာ ပထမဆုံးဖြစ်ပြီး
ကျော်သူပရဟိတကွန်ရက်မှ ဦးကျော်သူ၏ စိတ်ကူးဖြင့် စီစဉ်နေခြင်းဖြစ်ကြောင်း၊ သံချပ်အဖွဲ့များမှ
ရရှိသော အလှူငွေများအားလုံးကို ကျော်သူပရဟိတ ကွန်ရက်မှ လုပ်ဆောင်နေသော ရေတွင်းတူးခြင်း၊
ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း စသောပရဟိတလုပ်ငန်းများတွင် အသုံးပြုရန် ပေးအပ်သွားမည်
ဖြစ်ကြောင်း ကိုဇော်သီဟက ပြောသည်။
"သံချပ်အစီအစဉ်မှာ ပါ၀င်လိုတဲ့ အသင်းတွေနဲ့ မနက်ဖြန်မှာ အသေးစိတ်ဆွေးနွေးသွားမှာပါ။
ပြီးရင် တစ်ပတ်အတွင်း သံချပ်စာသားတွေအတွက် စတင်ပြင်ဆင် လေ့ကျင့်သွားကြမှာပါ။
ပရဟိတအသင်းပေါင်း ၁၀ သင်းလောက် ပါ၀င်နိုင်မယ်မှန်းထားတယ်"ဟု ကိုဇော်သီဟက
ယခုလ ၁ ရက်တွင် ပြောသည်။
သံချပ်အဖွဲ့များမှ သင်္ကြန်အကြိုနေ့မှ အကျနေ့အထိ အချိန်ပြည့် လှည့်လည်ဖျော်ဖြေသွားမည်
ဖြစ်ကြောင်း၊ သင်္ကြန်မဏ္ဍပ်များနှင့် ဖျော်ဖြေပေးရန် ဖိတ်ကြားလိုသော ပုဂ္ဂိုလ်များရှိပါကလည်း
သွားရောက်ဖျော်ဖြေပေးမည်ဖြစ်ကြောင်းနှင့် ဖိတ်စာများကိုလည်း ကြိုတင်ဝေငှသွားမည်ဖြစ်ကြောင်း
ပြောသည်။
"ကျွန်တော်တို့က သံချပ်အတွေ့အကြုံရှိတဲ့သူတွေမဟုတ်လို့ အတွေ့အကြုံများတဲ့သူတွေရဲ့
အကြံဉာဏ်တွေလည်း တောင်းသွားမှာပါ။ သံချပ်မှာ လူထုလိုအပ်ချက်လေးတွေ၊ ပရဟိတအဖွဲ့တွေရဲ့
လုပ်ဆောင်ချက်တွေကို ထည့်သွားမယ်"ဟု ကိုဇော်သီဟက ပြောသည်။
ပြီးခဲ့သော ဇန်နဝါရီလတတိယပတ်တွင် ကျင်းပခဲ့သော မန္တလေးမြို့တော် မြန်မာ့ရိုးရာ ယဉ်ကျေးမှု
မဟာသင်္ကြန်ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့တော်ဝန် ဒေါက်တာရဲလွင်က
မန္တလေးသင်္ကြန်ကို ရေဖြုန်း၊ ငွေဖြုန်းသင်္ကြန်မဖြစ်အောင် လုပ်ဆောင်မည်ဟု ပြောကြားထားပြီး
ကျုံးပတ်လည်ရှိ ရေကစားမဏ္ဍပ်အရေအတွက်ကို လျှော့ချမည်ဟုလည်း ပြောကြားထားသည်။
မန္တလေးမြို့မှ လူရွှင်တော် နှုတ်ခမ်းမွေးလူမော်က ယခင်ကကဲ့သို့ သင်္ကြန်အကအဖွဲ့များ
များများပေါ်ထွက်လာစေလိုကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် သံချပ်အဖွဲ့များကိုလည်း
သဘောထားကြီးစွာဖြင့် အတားအဆီးအပိတ်အပင်မရှိ လွတ်လပ်စွာ ထွက်နိုင်သည်ဟု
ဖိတ်ခေါ်သင့်ကြောင်း ပြောသည်။
















