မန္တလေးတိုင်းဒေသကြီးတွင် ယခုနှစ် မြန်မာရိုးရာနှစ်သစ်ကူးပွဲတော်ဖြစ်သော သင်္ကြန်တွင်
ကျံူးပတ်ပတ်လည်၌ ယခင်နှစ်များထက် သင်္ကြန်ရေကစားမဏ္ဍပ် ဆောက်လုုပ်ခွင့်ကို လျော့ချသွားမည်
ဖြစ်ကြောင်း မြို့တော်စည်ပင် သာယာရေးကော်မတီမှ သိရသည်။
လာမည်ဧပြီလတွင် ကျရောက်မည့် နှစ်သစ်ကူးပွဲတော်သင်္ကြန်ကာလတွင် မန္တလေးမြို့တော်၏
အစည်းကားဆုံးနေရာဖြစ်သည့် ကျံူးပတ်ပတ်လည်တွင် မြန်မာရိုရာသင်္ကြန်ကို ပြန်လည်ပုံဖော်နိုင်ရန်
အတွက် မဏ္ဍာပ်ဆောက်လုပ်ခွင့်ကို လျော့ချသွားမည်ဖြစ်ကာ နှစ်စဉ်စည်းကားသည့်
ကျံူးတောင်ဖက်တွင် မန္တလေးမြို့တော် ဟာသင်္ကြန်မဏ္ဍပ်နှင့် လ.ပ.ခ ကဆောက်လုပ်မည့်
နန်းမြို့သူ မဏ္ဍပ်များကိုသာ ခွင့်ပြုပေးသွားရန် စီစဉ်ထားကြောင်း တိုင်းဒေသကြီး ဒုတိယမြို့တော်ဝန်
ဦးရဲမွန်က ယခုလ ၁ ရက်နေ့တွင်ပြောသည်။
"မြန်မာရိုးရာ အမွေအနှစ်တွေ ပါ၀င်တဲ့ သင်္ကြန်မျိုးလေးလည်း ဖြစ်ချင်ပါတယ်။ အရင်ကကျင်းပတဲ့
မန္တလေးသင်္ကြန်ပုံစံနဲ့တော့ နည်းနည်းပြောင်းသွားပါမယ်။ အများကြီးတော့ မပြောင်းလဲပါဘူး။
အခုလောလောဆယ် ကျံူးတောင်ဖက်ကိုတော့ ရေကစားမဏ္ဍပ် နှစ်ခုကိုပဲ ခွင့်ပြုသွားဖို့ရှိပါတယ်။
အသေးစိပ်ကိုတော့ ကျွန်တော်တို့ အားလုံးအစည်းအဝေး လုပ်ရပါအုန်းမယ်။ ဘယ်လိုဆက်လက်
လုပ်ဖို့ အားလုံးညှိနှိုင်းတိုင်ပင်ရပါအုန်းမယ်။ တခြားမြို့ တွင်းနေရာတွေကိုတော့ ရေကစားမဏ္ဍပ်တွေ
ဆောက်လုပ်ခွင့် ပြုသွားမှာပါ" ဟု ဦးရဲမွန်က ဆက်လက်ပြောသည်။
မြို့တော်စည်ပင်သာယာရေးကော်မတီက လက်ရှိတွင် ကျံူးတစ်ဖက်လျှင် ရေကစားမဏ္ဍပ် ၄ ခုနှင့်
၆ ခုကြား ဆောက်လုပ်ခွင့်ပြုရန် လျာထားကြောင်း၊ ရေကစားမဏ္ဍပ်ဆောက်လုပ်ခွင့်ကို
ယခင်နှစ်များအတိုင်း မဲစနစ်ဖြင့် ရွေးချယ်မည်မဟုတ်ဘဲ လေလံစနစ်ဖြင့် ခွင့်ပြုပေးရန်လျာထားကြောင်း
စည်ပင်သာယာရေးကော်မတီမှ သိရသည်။
"ကျံူးဘေးမှာ မဏ္ဍာတစ်ခုမှာ မရှိတာမျိုးတော့ မဟုတ်ပါဘူး။ ကျံူးတောင်ဖက်ကို မပေးဘူးဆိုပေမယ့်
ကျန်တဲ့ အရှေ့ဖက်၊ အနောက်ဖက်၊ မြောက်ဖက်တွေကို မဏ္ဍပ်ဆောက်လုပ်ခွင့်ပေးမှာပါ။ ဒါပေမယ့်
အရင်လိုတော့ အများကြီး မပေးတော့ပါဘူး။ ကန်တော်ကြီးလို နေရာမျိုးတွေနဲ့ မြို့တွင်းက
လူစည်ကားမယ်နေရာမျိုးတွေကိုလည်း မဏ္ဍပ်ဆောက်လုပ်ခွင့်ပြုပါမယ်"ဟု ဦးရဲမွန်ကပြောသည်။
မန္တလေးသင်္ကြန်သည့် ဟိုယခင်နှစ်များကလို လူအများပျော်နိုင်သည့် သင်္ကြန်မျိုးမဟုတ်ဘဲ
တစ်နှစ်ထက်တစ်နှစ် လူနည်းစုသာ ကျံူးဘေးတွင် ပျော်ရွှင်သည့် သင်္ကြန်မျိုးဖြစ်နေသောကြောင့်
ငွေဖြုန်း၊ ရေဖြုန်းသည့် သင်္ကြန်သာဖြစ်နေကြောင်း မန္တလေးဒေသခံများကြား ဝေဖန်မှုများလည်း
ရှိနေသည်။
"အရင်နှစ်တွေတုန်းက မဏ္ဍပ်တွေ တော်တော်များများက ကျံူးဘေးမှာပဲရှိနေတာဆိုတော့
ကျံူးဘေးတစ်ဝိုက်ပဲ သင်္ကြန်ကွက်ကျနေသလိုဖြစ်နေပါတယ်။ တစ်မြို့လုံးက ရပ်ကွက်တွေ၊
လမ်းတွေကတော့ သင်္ကြန်ဆိုတာ သူတို့နဲ့ လုံးဝမသက်ဆိုင်သလိုဖြစ်နေတယ်။ သင်္ကြန်ဆိုတာ
တဖြည်းဖြည်းနဲ့ ကျံူးဘေးမှာပဲ လူတွေစုပြီးတော့ စားကြ၊ သောက်ကြ၊ မူးကြ၊ ရန်တွေဖြစ်ကြနဲ့
အရမ်းအန္တရယ် များလာတယ်။ ရိုးရာယဉ်ကျေးမှုတွေလည်း မပျောက်ပျက်အောင် လူငယ်တွေလည်း
ပျော်ပါးနိုင်အောင် စီစဉ်ပေးမယ်ဆိုရင် ပိုကောင်းလိမ့်မယ်လို့ထင်ပါတယ်" ဟု
ချမ်းအေးသာစံမြို့နယ်အတွင်း နေထိုင်သူတစ်ဦးကပြောသည်။
ယခင်နှစ် ၂၀၁၆ မန္တလေးသင်္ကြန်တွင် ကျံူးဘေးတစ်ဖက်လျှင် ရေကစားမဏ္ဍပ် ၁၀ ခု
ဆောက်လုပ်ခွင့်ချထားပေးခဲ့ပြီး အလျား ပေ ၁၀၀ နှင့် အနံ ၂၅ ပေ အထိသတ်မှတ်ပေးခဲ့ခြင်းဖြစ်ကာ
ရေဂါလံပေါင်း သန်း ၄၀ ကျော် သုံးစွဲခဲ့ခြင်းဖြစ်သည်။
















