မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သောက်သုံးရေပြတ်လပ်မှု စတင်ကြံုတွေ့နေရပြီး
နွေရာသီ ရေလှူဒါန်းမှုများ စတင်နေရပြီဖြစ်သည်။ မကွေးတိုင်းဒေသကြီးအတွင်း မကွေးမြို့နယ်၊
နတ်မောက်မြို့နယ်နှင့် မြို့သစ်မြို့နယ်များအတွင်းရှိ ကျေးရွာအချို့နှင့် ဒေသကျေးရွာတဲတိုက်
(ကျေးရွာအဖြစ် သတ်မှတ်ခြင်းမခံရသေးသည့် အိမ်ခြေ ၁ဝဝ ခန့်ရှိ တဲအုပ်စု) များတွင်
သဘာဝသောက်သုံးရေကန်များ ခန်းခြောက်၍ နွေရာသီ ရေပြတ်လပ်မှုကို
စတင်ကြုံတွေ့နေရပြီဖြစ်သည်။
''ကျေးရွာတဲတိုက်တွေဆိုတာက ရွာတွေနဲ့ဝေးတယ်။ တချို့တဲတိုက်တွေက ရေရတဲ့နေရာကို
ရောက်ဖို့ နှစ်မိုင်လောက်သွားရတယ်။ အသွားအပြန်ဆိုရင် တစ်နေ့ကို ရေနှစ်ခေါက်လောက်ပဲ
ရတယ်။ တဲတိုက်တွေမှာက လှည်းရှိတဲ့သူက ရှားတယ်လေ။ ရေပုံးအဝါကြီးတွေကို ဆိုင်းထမ်းနဲ့
သယ်ရင်ကို အလွန်ဆုံး သယ်နိုင် တစ်နေ့နှစ်ခေါက်ပေါ့'' ဟု မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ
အခြေစိုက်၍ နှစ်စဉ်ရေလှူဒါန်းနေသည့် ကိုဇော်မင်း ထိုက်က ပြောသည်။
ကြာကန်ကျေးရွာအုပ်စု ညောင်ပင်ချောင်တဲတိုက်၊ ဘုရားချောင်တဲတိုက်၊ ကြာကန်အနောက်
ကုန်းတဲတိုက်၊ ဆုံကုန်းတဲတိုက်၊ အောင်တော်ကုန်းတဲတိုက် စသည့် တဲတိုက်စုများကို
အလှည့်ကျစနစ်ဖြင့် ရေလှူဒါန်းနေရပြီး ရေရရှိနိုင်သည့်နေရာနှင့် အလှမ်းဝေးသည့်
တဲတိုက်များကို ဦးစားပေးလှူဒါန်းနေရသည်ဟု ဆိုသည်။
မကွေးမြို့နယ် ကြာကန်ကျေးရွာအနီးတွင်ပင် ရေရှားပါးသည့် တဲတိုက်ကျေးရွာ ၁ဝ ရွာကျော်
ရှိနေပြီး တဲတိုက်တစ်ခုစီတွင် အိမ်ခြေ၁ဝဝ နီးပါးရှိကြောင်း သုံးနှစ်ဆက်တိုက်ရေလှူဒါန်းမှု
ပြုလုပ်နေသည့် ကိုဇော်မင်းထိုက်က ပြောသည်။
အဆိုပါတဲတိုက်ကျေးရွာများတွင် နွေရာသီ၌ ယာခင်းပြင်ရှိ သဲများကို သုံးပေခန့်အနက်အထိ တူး၍
စိမ့်ထွက်လာသော ရေကို သောက်သုံးရေအဖြစ် သုံးစွဲကြခြင်းဖြစ်ပြီး ရေတစ်ဂါလန်ခန့်ရရှိရန်
အချိန်သုံးနာရီ ခန့်စောင့်ဆိုင်းရကြောင်း ဒေသခံများက ပြောသည်။
''ရေက အခုလိုလာလှူရင်တော့ အဆင်ပြေတာပေါ့။ မဟုတ်ရင် ရေပုံးအဝါတစ်ပုံးရဖို့ကို
တစ်နေကုန်တာပဲ။ ကလေးတွေနဲ့အလှည့်ကျစောင့်ခပ်ရတာလေ'' ဟု ကြာကန်ကျေးရွာအနီး
ယာခင်းအတွင်းရှိ လက်ယက်တွင်းက ရေကို စောင့်ဆိုင်းခပ်ယူနေသည့် ဒေါ်သန်းဝင်းက ပြောသည်။
မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ ၂ဝ၁၆
ခုနှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်း ရေရှားပါးနိုင်ခြေရှိသည့်ကျေးရွာ ၁၄၂ ရွာအတွက်
နေ့စဉ်ရေဂါလန် ၃၉၉,၅၃၂ ဂါလန်လိုအပ်မှု ရှိခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံအလယ်ပိုင်းရှိ
မကွေးမြို့သည် ပြီးခဲ့သည့်နှစ် ဧပြီ ၂၈ ရက်တွင် နေ့အပူချိန် ၄၆ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်
(၁၁၅ ဒသမ ရ ဒီဂရီဖာရင်ဟိုက်) အထိ မြင့်တက်ခဲ့ပြီး နှစ်ပေါင်း ၃ဝ အတွင်း အပူဆုံးအဖြစ်
စံချိန်တင်ခဲ့သည်။
















