သိမ်းဆည်းလယ်ယာမြေ ဧက ၁,၉ဝဝ ကျော်ကို မူလတောင်သူများထံ ပြန်ပေးမည်

သိမ်းဆည်းလယ်ယာမြေ ဧက ၁,၉ဝဝ ကျော်ကို မူလတောင်သူများထံ ပြန်ပေးမည်

တပ်မတော်အစိုးရလက်ထက်တွင် အစိုးရဌာနအသီးသီးက မန္တလေးတိုင်းဒေသကြီးအတွင်း သိမ်း
ဆည်းထားသော လယ်ယာမြေများအနက် ဧက ၁,၉ဝဝ ကျော်ကို မူလလုပ်ကိုင်ခဲ့သည့် တောင်သူ
များထံ ပြန်လည်ပေးအပ်သွားမည်ဟု တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း
ဝန်ကြီးဌာနဝန်ကြီး ဒေါက်တာစိုးသန်းက ပြောသည်။

တိုင်းအတွင်းရှိ သိမ်းဆည်းလယ်ယာမြေ ဧက ၁,၉ဝဝ ကျော်ကို သက်ဆိုင်ရာဌာနအသီးသီးက
မူလတောင်သူများထံ ပြန်လည်စွန့်လွှတ်ရန် အကြောင်းပြန်ထားပြီးဖြစ်ကြောင်း၊ လာမည့်ဧပြီလ
အတွင်း၌ အခမ်းအနားဖြင့် ပြန်လည်ပေးအပ်သွားမည်ဖြစ်ကာ ဆက်လက်၍ သိမ်းဆည်းလယ်
ယာမြေများနှင့်ပတ်သက်ပြီး စစ်ဆေးမှုများဆောင်ရွက်လျက်ရှိကြောင်း ၄င်းက ယခုလ ၆ ရက်တွင်
ပြောသည်။

''ကျွန်တော်တို့ သိမ်းဆည်းလယ်ယာမြေတွေနဲ့ပတ်သက်ပြီးတော့ ပြည်ထောင်စုအစိုးရကကော
တိုင်းဒေသကြီးအစိုးရကပါ မူလတောင်သူတွေကို ပြန်လည်ပေးအပ်ဖို့ လုပ်ဆောင်နေတာတွေ
ရှိပါတယ်။ အခုလောလောဆယ် မန္တလေးတစ်တိုင်းလုံးက ဧက ၁,၉ဝဝ ကျော်ကို မူလတောင်သူ
တွေကို ပြန်လည်စွန့်လွှတ်ပေးပါမယ်။ သက်ဆိုင်ရာဝန်ကြီးဌာနတွေကလည်း ဒီမြေတွေကိုပြန်လည်
စွန့်လွှတ်ပေးဖို့ အကြောင်းပြန်ထားပါတယ်။ ဒါပေမဲ့ တချို့လယ်ယာတွေမှာ တောင်သူအချင်းချင်း
မပြေလည်တာလေးတွေရှိပါတယ်။ အဲဒါလေးတွေ ဖြေရှင်းပြီးရင်တော့ အကုန်စွန့်လွှတ်ပေးနိုင်ပြီ'' ဟု ဒေါက်တာစိုးသန်းက ပြောသည်။

လယ်ယာမြေဧက ၁,၉ဝဝ ကျော်ကို မူလတောင်သူများထံ လယ်ယာမြေလုပ်ကိုင်ခွင့် လက်မှတ်
ဖြစ်သော ပုံစံ (၇) ၊ ပုံစံ (၃) များ တစ်ခါတည်းထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းအတွင်းရှိ
အခြားသိမ်းဆည်းခံထားရသည့် လယ်ယာမြေများကိုလည်း စစ်ဆေးမှုများဆောင်ရွက်လျက်ရှိပြီး
မြေယာသိမ်းဆည်းထားသည့်ဌာနများကို ပြန်လည်စွန့်လွှတ်ပေးရန် မေးမြန်းထားပြီးဖြစ်ကာ မူလ
တောင်သူများကို ပြန်လည်စွန့်လွှတ်ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဟု ၄င်းက ပြောသည်။

''ကျွန်တော်တို့တိုင်းအစိုးရက လယ်ယာမြေပြဿ     နာတွေနဲ့ပတ်သက်ပြီး တကယ်မြေပြင်ကိုကွင်း
ဆင်းစစ်ဆေးတာ အားနည်းနေသေးတယ်။ အဲဒီတော့ တကယ်တောင်သူတွေ ဘာအခက်အခဲ
တွေနဲ့ကြံုတွေ့နေရတယ်ဆို မသိဘူး။ အခုအချိန်အထိ တောင်သူတွေမှာ သိမ်းဆည်းလယ်ယာမြေ
တွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ဌာနအသီးသီးက တရားစွဲဆိုတာ ခံနေရသေးတယ်။ မန္တလေး
တိုင်းမှာ သိမ်းဆည်းလယ်ယာ မြေဧကပေါင်းအများကြီးရှိပါတယ်''ဟု တောင်သူအရေးလိုက်ပါ
ဆောင်ရွက်ပေးနေသည့် ကိုအေးသိန်းက ဆိုသည်။

လက်ရှိတွင် တိုင်းဒေသကြီးအတွင်း သိမ်းဆည်းလယ်ယာမြေများနှင့်ပတ်သက်ပြီး ပုဒ်မ ၅ဝ၅၊
ပုဒ်မ ၄၄၇၊ ပုဒ်မ ၄၂၇ တို့ဖြင့် တောင်သူများကိုဖမ်းဆီးခြင်းများရှိနေပြီး ယင်းတရားစွဲဆိုခံထားရ
သည့်တောင်သူများ ပြန်လည်လွတ်မြောက်ရန်အတွက် တောင်သူများစုပေါင်းပြီး တိုင်းဒေသကြီး
အစိုးရအဖွဲ့အား ဆန္ဒဖော်ထုတ်တောင်းဆိုခြင်းများကိုလည်း လွန်ခဲ့သောလက ပြုလုပ်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး