လာမည့် မန္တလေးသင်္ကြန်ပွဲတော်ကာလတွင် လည်ပတ်သူများဖြင့် အစည်ကားဆုံးဖြစ်လေ့ရှိသော
ကျုံးတောင်ဘက် ၂၆ လမ်းကို ယာဉ်ဝင်ခွင့်ပိတ်ကာ လမ်းလျှောက်သင်္ကြန်အဖြစ်ပုံဖော်သွားမည်ဟု
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးရဲမွန်က ပြောသည်။
သင်္ကြန်တွင် ရေပက်ခံသောကားများဖြင့် နှစ်တိုင်းကျပ်ညပ်နေလေ့ရှိပြီး ရေကစားမဏ္ဍပ်အများဆုံး
ရှိသောအဆိုပါလမ်းပေါ် တွင် ယခုနှစ်၌ စီးပွားဖြစ်ပုဂ္ဂလိကရေကစားမဏ္ဍပ်များကိုခွင့်ပြုသွားတော့ မည်မဟုတ်ဘဲ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ကိုက်ညီသောသင်္ကြန်အဖြစ်ပုံဖော်သွားမည်ဖြစ်ကြောင်း
ဦးရဲမွန်က ပြောသည်။
''ဒီအချက်က အရင်နှစ်သင်္ကြန်ပွဲတော်တွေထက် ထူးခြားတဲ့အချက်ပါ။ ကျန်တဲ့ကျုံးသုံးဖက်မှာတော့
ရေကစားမဏ္ဍပ်တွေကို ရှစ်ခုစီခွင့်ပြုသွားပါမယ်။ ဒီမဏ္ဍပ်တွေကို အရင်က မဲစနစ်နဲ့ နေရာချပေးခဲ့
ပေမဲ့ဒီနှစ်မှာ လေလံစနစ်နဲ့ချပေးသွားမယ်။ ကျန်တဲ့ကန်တော်ကြီးနဲ့ မြို့ထဲမှာကိုယ့်အစီအစဉ်နဲ့ကိုယ်
မဏ္ဍပ်ဆောက်ချင်သူတွေကိုလည်း ခွင့်ပြုသွားမယ်''ဟု ဦးရဲမွန်က ယခုလ ရ ရက် တွင် မြန်မာ
တိုင်း(မ်)ကို ပြောသည်။
စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာနမှ ကော်မတီဝင် ဦးကျော်
ဆန်းမြင့်က ကျုံးတောင်ဘက် ၂၆ လမ်းအား ကျုံးအနောက်ဘက် ရ၈ လမ်းမှ ကျုံးအရှေ့ဘက်ထိပ်
၆၆ လမ်းအထိ ယာဉ်မဝင်ရသတ်မှတ်သွားမည်ဖြစ်ကာ ယာဉ်အပ်နှံစခန်းများ သတ်မှတ်ပေးသွား
မည်ဟု ပြောသည်။
''ကျုံးတောင်ဘက် ၂၆ လမ်းတစ်ခုလုံး ရေကစားလို့အဆင်ပြေအောင် စီစဉ်သွားမှာပါ။ ရေကစား
မဏ္ဍပ်အသေးလေးတွေ ချပေးမယ်။ ဖြစ်နိုင်ရင် ရခိုင်သင်္ကြန်လို လောင်းလှေတွေနဲ့ပက်တာမျိုး
လည်းလုပ်ချင်စိတ်ရှိတယ်။ အားပြင်းတဲ့ ရေပိုက်အကြီးကြီးတွေနဲ့ပက်တာမျိုး မရှိစေရတော့ပါဘူး။
သံချပ်အဖွဲ့တွေ၊ ယိမ်းအကအဖွဲ့တွေအနေနဲ့ မြို့တော်ဝန်မဏ္ဍပ်ကို လာပြီးဖျော်ဖြေမယ်ဆိုလည်း
ခွင့်ပြုပေးသွားမယ်။ သွားချင်လာချင်စဖွယ် သင်္ကြန်ပွဲဖြစ်အောင် စီစဉ်သွားမှာပါ''ဟု ၄င်းက မြန်မာ
တိုင်း(မ်)ကို ပြောသည်။
ကျုံးတောင်ဘက်တွင် စီးပွားဖြစ်သင်္ကြန်ရေကစားမဏ္ဍပ်များလည်း ခွင့်ပြုသွားမည်မဟုတ်သော်
လည်း တိုင်းရင်းသားရိုးရာသင်္ကြန်ဆင်နွှဲလိုသူများ ရှိလာပါက ဦးစားပေးခွင့်ပြုပေးသွားမည်ဖြစ်
ကြောင်းလည်း ၄င်းက ပြောသည်။
''ဒီနှစ်ကစပြီး မန္တလေးမဟာသင်္ကြန်ရဲ့အနှစ်သာရတွေကို ပြောင်းလဲလိုက်တယ်။ မန္တလေးဆိုတာ
က ယဉ်ကျေးမှုအမွေအနှစ်မြို့ဖြစ်တဲ့တွက် ရိုးရာသင်္ကြန်ကိုလည်း ခံစားလို့ရနိုင်အောင် ၂၆ လမ်း
တစ်လျှောက်မှာ စီးပွားဖြစ်ရေကစားသင်္ကြန်မဏ္ဍပ်တွေကို လုံးဝခွင့်မပြုပါဘူး။ အထူးသဖြင့် တိုင်း
ရင်းသားရိုးရာ သင်္ကြန်ရေကစားလိုသူတွေ ရှိလာရင်တော့ ဦးစားပေးပြီး ခွင့်ပြုသွားမယ်။ ထိုင်း
နိုင်ငံ ချင်းမိုင်က ရိုးရာသင်္ကြန်လိုဖြစ်အောင် ဖော်ဆောင်ပေးသွားမယ်။ ဥပမာပြောရရင် ရခိုင်တိုင်း
ရင်းသားရေကစားပုံသင်္ကြန်၊ ရှမ်းတိုင်းရင်းသား ရိုးရာသင်္ကြန်၊ မွန်တိုင်းရင်းသား ရိုးရာသင်္ကြန်လို
တွေပေါ့။ သင်္ကြန်တွင်းမှာ မန္တလေးကိုလာလည်တဲ့ နိုင်ငံခြားသားတွေကလည်း လေ့လာနိုင်မယ်။
နိုင်ငံတကာကလည်း မန္တလေးရိုးရာသင်္ကြန်ကို စိတ်ဝင်တစားရှိလာကြမယ်။ ရိုးရာသင်္ကြန်ဆင်နွှဲ
လိုချင်တဲ့သူတွေအနေနဲ့ ကျုံးတောင်ဘက်မှာ ဆင်နွှဲနိုင်မယ်။ ခေတ်အလိုက်ပျော်ချင်တဲ့သူတွေ
အတွက် ကျုံးတောင်ဘက်၊ မြောက်ဘက်နဲ့ အနောက်ဘက်တွေမှာ ဆင်နွှဲနိုင်မယ်။ မန္တလေးသင်္ကြန်
က ရသနှစ်မျိုးပေးသွားမှာဖြစ်တဲ့အပြင် ရေနဲ့ငွေကို ချွေတာတဲ့သင်္ကြန် ဖြစ်မှာပါ''ဟု ဦးကျော်ဆန်း
မြင့်က ပြောသည်။
ကျုံးတောင်ဘက်ပိုင်းတွင် တိုင်းရင်းသားရိုးရာသင်္ကြန်ပုံစံများကို ဖော်ဆောင်ပေးခြင်းဖြင့် နိုင်ငံခြား
သားခရီးသွားများ စိတ်ဝင်တစားရှိလာပြီး အများအပြားလာရောက်လည်ပတ်ပါက နိုင်ငံတော်အခွန် ဘဏ္ဍာများလည်းတိုးလာမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။ ယဉ်ကျေးသိမ်မွေ့စွာ ရေကစားကြ
သောနေရာတစ်ခုအဖြစ် ပုံဖော်သွားမည်ဖြစ်ကာ၊ ပျော်ချင်သောလူငယ်များအတွက်လည်း ကန့်
သတ်မည်မဟုတ်ဘဲ ကျန်ကျုံးသုံးဖက်သုံးတန်ရှိ ရေကစားမဏ္ဍပ်များတွင် လည်ပတ်နိုင်မည်ဖြစ်
ကြောင်း၊ အဝတ်လဲခန်းအကြောင်းပြပြီး အလုံပိတ်အခန်းများလုပ်ခြင်း၊ သောက်စားမူးယစ် ရမ်း
ကားခြင်းများကို တင်းကျပ်စွာအရေးယူသွားမည်ဖြစ်ကြောင်း၊ ရေကစားမဏ္ဍပ်များကို စီးပွားဖြစ်
လက်လွှဲရောင်းချခြင်းများမဖြစ်အောင် တင်းကျပ်သွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
''မြန်မာ့ရိုးရာသင်္ကြန်ဆိုတာ ထိန်းသိမ်းသင့်တဲ့အရာပါ။ ဒီလမ်းလျှောက်သင်္ကြန်က သင်္ကြန်အရသာ
တစ်ခုကို ပိုပေးလိုက်တဲ့သဘောပါ''ဟု ဦးရဲမွန်က ပြောသည်။
















