မန္တလေးမြို့တွင်ပရဟိတလူမှုကူညီရေးအသင်းများစုပေါင်း၍ သင်္ကြန်သံချပ်ထွက်ရန်စီစဉ်နေကြောင်း
သာသနာ့ပါလ ပရဟိတလူမှုကူညီရေးအသင်း ဒုတိယဥက္ကဋ္ဌ ကိုဇော်သီဟက ပြောသည်။
ယခုကဲ့သို့ ပရဟိတအသင်းများစုပေါင်းကာ သံချပ်ထွက်ရန်စီစဉ်နေခြင်းမှာ ပထမဆုံးဖြစ်ပြီး
ကျော်သူပရဟိတကွန်ရက်မှ ဦးကျော်သူ၏ စိတ်ကူးဖြင့်စီစဉ်နေခြင်းဖြစ်ကြောင်း၊ သံချပ်အဖွဲ့များမှ
ရရှိသော အလှူ ငွေများအားလုံးကို ကျော်သူပရဟိတကွန်ရက်မှ လုပ်ဆောင်နေသော ရေတွင်းတူး
ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းစသော ပရဟိတလုပ်ငန်းများတွင် အသုံးပြုရန်ပေးအပ်
သွားမည်ဖြစ်ကြောင်း ကိုဇော်သီဟက ပြောသည်။
''ပရဟိတအသင်းပေါင်း ၁ဝ သင်းလောက် ပါဝင်နိုင်မယ်မှန်းထားတယ်''ဟု ကိုဇော်သီဟက ယခု
လ ၁ ရက်တွင် ပြောသည်။ သံချပ်အဖွဲ့များမှ သင်္ကြန်အကြိုနေ့မှ အကျနေ့အထိ အချိန်ပြည့်လှည့်
လည်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း၊ သင်္ကြန်မဏ္ဍပ်များနှင့်ဖျော်ဖြေပေးရန် ဖိတ်ကြားလိုသောပုဂ္ဂိုလ်
များရှိပါကလည်း သွားရောက်ဖျော်ဖြေပေးမည်ဖြစ်ကြောင်းနှင့် ဖိတ်စာများကိုလည်း ကြို တင်ဝေငှ
သွားမည်ဖြစ်ကြောင်း ပြောသည်။
''ကျွန်တော်တို့က သံချပ်အတွေ့အကြံုရှိတဲ့သူတွေမဟုတ်လို့ အတွေ့အကြံုများတဲ့သူတွေရဲ့ အကြံ
ဉာဏ်တွေလည်း တောင်းသွားမှာပါ။ သံချပ်မှာ လူထုလိုအပ်ချက်လေးတွေ၊ ပရဟိတအဖွဲ့တွေရဲ့
လုပ်ဆောင်ချက်တွေကို ထည့်သွားမယ်''ဟု ကိုဇော်သီဟက ပြောသည်။ မန္တလေးမြို့မှ လူရွှင်တော်
နှုတ်ခမ်းမွှေးလူမော်က ယခင်ကကဲ့သို့ သင်္ကြန်အကအဖွဲ့ များ များများပေါ်ထွက်လာစေလိုကြောင်း၊
သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် သံချပ်အဖွဲ့များကိုလည်း သဘောထားကြီးစွာဖြင့် အတား
အဆီးအပိတ်အပင်မရှိ လွတ်လပ်စွာထွက်နိုင်သည်ဟု ဖိတ်ခေါ်သင့်ကြောင်း ပြောသည်။
















