မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာတွင် အိမ်အကူလာရောက်လုပ်
ကိုင်နေသည့်မိန်းကလေးငယ်ကို အိမ်ရှင်လင်မယားနှစ်ဦးက ညှဉ်းပန်းနှိပ်စက်မှုဖြစ်စဉ်တစ်ခု
ဖြစ်ပွားခဲ့ကြောင်း ယင်းမိန်းကလေးငယ်ကို လိုက်ပါကူညီဆောင်ရွက်ပေးနေသူများက ယခုလ ၄
ရက်က ပြောသည်။
တောင်သမန်ကျေးရွာရှိ ဟိန်းအာကာစက်ချုပ်ဆိုင်တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့ နယ်၊ နမ့်မွန်ကျေး
ရွာမှလာရောက်၍ အိမ်အကူအဖြစ်လုပ်ကိုင်နေသည့် အသက် ၁၄ နှစ် အရွယ်မိန်းကလေးကို
အိမ်ရှင်လင်မယားနှစ်ဦးက ညှဉ်းပန်းနှိပ်စက်ခြင်းပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင်မိန်းကလေး
ကိုကယ်ဆယ်စောင့်ရှောက်ထားပြီး ဆေးဝါးကုသမှုခံယူနေပြီဖြစ်ကြောင်း ယင်းမိန်းကလေးကို
ကူညီဆောင်ရွက်ပေးနေသည့် ကိုနိုင်ရဲဝေက ပြောသည်။
''ကျွန်တော်တို့ဆီကို ဘေးပတ်ဝန်းကျင်က တာဝန်သိသူတစ်ဦးက လာရောက်သတင်းပေးတဲ့
အတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူ းတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ သွားရောက်စစ်ဆေးတဲ့အခါ ဟုတ်
မှန်နေတာကို တွေ့ရှိရပါတယ်။ အခုလောလောဆယ် အိမ်ရှင်လင်မယားကိုလည်း အမှုဖွင့်အရေး
ယူထားပါတယ်။ သူ အိမ်ကိုရောက်ပြီး တစ်လလောက်အကြာမှာ စတင်ပြီး သူ့ကို နှိပ်စက်တယ်လို့
သိရပါတယ်။ နောက်ပြီး ဒီလိုနှိပ်စက်နေတာတွေကိုလည်း ဘေးပတ်ဝန်းကျင် ပြန်ပြောပြရင်
သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်ထားတာပေါ့။ ကောင်မလေးကိုတော့ လုံခြံုတဲ့နေရာမှာ စောင့်
ရှောက်ထားပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ သူ့ကို ဆက်လက်ကူညီ
ပေးသွားမှာပါ''ဟု ကိုနိုင်ရဲဝေက ပြောသည်။
ဟိန်းအာကာစက်ချုပ်ဆိုင်တွင် အိမ်အကူလုပ်ကိုင်ရန် မိခင်၏ အချိတ်အဆက်ဖြင့် ၂ဝ၁၆ ခုနှစ်၊
နိုဝင်ဘာလတွင် စတင်ရောက်ရှိခဲ့ခြင်းဖြစ်ကာ အိမ်စရိတ်ထောက်ပ့ံပေးရန်နှင့် ခေါက်ဆွဲဆိုင်ဖွင့်
လှစ်ရန် အရင်းအနှီးလိုအပ်သောကြောင့် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရောက်ရှိပြီးတစ်လအကြာ
တွင် အလုပ်ကိုကောင်းမွန်အောင်မလုပ်ဟုဆိုကာ ရိုက်နှက်ခြင်းများ၊ ရေဇလုံထဲတွင် ရေနှစ်ခြင်းများ၊
ဝိုင်ယာကြိုးဖြင့် ရိုက်နှက်ခြင်းများ၊ သံချောင်းဖြင့် ထိုးနှက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း အိမ်အကူ
မအေးကြင်က ပြောသည်။
''အိမ်မှာ မောင်နှမငါးယောက်ရှိတယ်။ သမီးက အငယ်ဆုံးပါ။ သမီးက ရွာမှာ စက်ချုပ်ဆိုင်လေးနဲ့
ခေါက်ဆွဲဆိုင်လေးဖွင့်ချင်လို့ လာခဲ့တာပါ။ ရွာမှာတော့ ဘာအလုပ်မှမရှိဘူး။ အတန်းပညာကလည်း
သမီးက သုံးတန်းအထိပဲ နေခဲ့ရတယ်။ စရောက်တုန်းကတော့ မလုပ်ဘူး။ နောက်ပိုင်းကျတော့
အလုပ်ကောင်းကောင်းမလုပ်ဘူးဆိုပြီးတော့ ရိုက်တယ်။ သမီးကို အခုလို လုပ်နေတာတွေကို
သူများကို ပြန်မပြောရဘူးဆိုပြီး ဘုရားမှာသစ္စာရေသောက်ခိုင်းပါတယ်။ သမီးလည်းကြောက်လို့
သောက်လိုက်ရတယ်။ အများဆုံးလုပ်တာကတော့ ဝိုင်ယာကြိုးနဲ့ ရိုက်တယ်၊ သံချောင်းနဲ့ထိုးပါတယ်''
ဟု မအေးကြင်က ပြောသည်။
မအေးကြင်သည် ယင်းစက်ချုပ်ဆိုင်တွင် တစ်လလုပ်ခ ကျပ် ၅၅,ဝဝဝ ဖြင့် လာရောက်လုပ်ကိုင်ခြင်း
ဖြစ်ကာ တစ်လစာငွေကိုသာ ထုတ်ယူထားခြင်းဖြစ်ကြောင်း၊ စတင်ရောက်ရှိချိန်မှ ယနေ့အထိ
အိမ်နှင့်အဆက်အသွယ် တစ်ကြိမ်သာရရှိခဲ့ကြောင်း၊ အိမ်ရှင်အမျိုးသမီးက မိန်းကလေး၏ အပေါ်
ပိုင်းချွတ်ခိုင်းကာ အိမ်ရှင်အမျိုးသားနှင့်အတူနေရန် ပြောဆိုခြင်းများပြုလုပ်ခဲ့ကြောင်း ကိုနိုင်ရဲဝေက
ပြောသည်။
''သူစရောက်လာတော့ မျက်နှာတစ်ခုလုံး ညိုမည်းနေတယ်။ နောက်သူ့ကုပ်ပိုးတွေမှာလည်း ရိုက်
နှက်ထားတဲ့ဒဏ်ရာတွေ တွေ့ရပါတယ်။ သူ လမ်းလည်း ကောင်းကောင်းမလျှောက်နိုင်ပါဘူး။
ထမင်းလည်း ကောင်းကောင်းမစားနိုင်ပါဘူး။ ဗိုက်တွေလည်း အောင့်တယ်ပြောတယ်။ အခုတော့
ရောက်တဲ့အချိန်ထက်စာရင် နည်းနည်းသက်သာလာပါ တယ်''ဟု မအေးကြင်ကို ကူညီစောင့်
ရှောက်ပေးနေသူတစ်ဦးက ပြောသည်။
လက်ရှိတွင် ဟိန်းအာကာစက်ချုပ်ဆိုင် အိမ်ရှင်လင်မယားကို အမရပူရမြို့နယ်ရဲစခန်းတွင် ပုဒ်မ
၃၂၅၊ ၃၂၆ တို့ဖြင့် အမှုဖွင့်တိုင်ကြားထားကြောင်း၊ ဆက်လက်၍ ကလေးသူငယ်ဆိုင်ရာ ပြစ်မှု
ပုဒ်မများဖြင့် ဆက်လက်အမှုဖွင့်ဆောင်ရွက်ရန် ပြင်ဆင်ထားကြောင်း ကိုနိုင်ရဲဝေက ပြောသည်။
















