မန္တလေးမြို့ မဟာမုနိဘုရားရှိ ရှေးဟောင်းကြေးရုပ်ကြီးများကို ကိုင်တွယ်ခွင့်ပြုတော့မည်မဟုတ်
ကြောင်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းက ပြောသည်။
''ကြေးရုပ်ကြီးတွေက သမိုင်းတန်ဖိုးရှိတယ်။ ရှေးဟောင်းပစ္စည်းလည်း ဖြစ်တယ်။ ဒါတွေနဲ့ပတ်
သက်ပြီး ရေရှည်မှာမကိုင်တာ ကောင်းတယ်ဆိုပြီးယူဆတယ်။ ကြေးရုပ်တွေကို ဆက်ကိုင်သင့်
မကိုင်သင့် ပညာရှင်တွေနဲ့ဆွေးနွေးလိုက်တဲ့အခါရှေးဟောင်းဘက်က မကိုင်သင့်ဘူးလို့ ဆုံးဖြတ်
တယ်'' ဟု ၄င်းက ပြောသည်။
အဆိုပါကြေးရုပ်ကြီးများကို ဘုရားဖူးပြည်သူများ ကိုင်တွယ်ထိတွေ့နိုင်ခြင်းမရှိစေရန် မှန်လုံခန်းဖြင့်
ထားသွားမည်ဖြစ်ပြီး ယင်းသို့ထားနိုင်ရန် လက်ရှိအဆောက်အအုံကို တိုးချဲ့ရမည်ဟု ၄င်းက
ဆိုသည်။
''အဆောက်အအုံက အနောက်ဘက်ကို ၁၅ ပေလောက်ချဲ့ရမယ်။ ချဲ့ဖို့တိုင်းတဲ့အခါ အနောက်
ဘက်မှာ သစ်ပင်တစ်ပင်နဲ့ငြိနေတယ်။ ငြိနေတော့ စည်ပင်ကို သစ်ပင်ခုတ်ခွင့်တင်ထားတယ်။
သစ်ပင်ခုတ်ပြီးရင် အဆောက်အအုံကိုပြင်မယ်''ဟု ၄င်းက ပြောသည်။
အဆိုပါအဆောက်အအုံကို တိုးချဲ့ဆောက်လုပ်ရန် မန္တလေးမြို့ရှိ ဗိသုကာပညာရှင်များကို ဒီဇိုင်းရေး
ဆွဲပေးရန်ေြ့ပာကြားထားကြောင်း ၄င်းက ဆိုသည်။
''ပြီးရင် ရှေးဟောင်းသုတေသနပညာရှင်ရဲ့ အကြံပြုချက်နဲ့ လေးဖက်မှန်ကာပြီး အရုပ်တွေကို
တစ်ခုပြီးတစ်ခု ကျောနဲ့မျက်နှာနဲ့ဆိုပြီး ဆင်ထားမယ်။ အားလုံးလည်း ကြည့်ရတာ အဆင်ပြေမယ်''
ဟု ၄င်းက ပြောသည်။ ထိုသို့ အဆောက်အအုံပြုပြင်ရန် သုံးလကျော်ခန့် ကြာမြင့်နိုင်ကြောင်း၊
အဆောက်အအုံပြီးသွားပါက သတ်မှတ်ထားသည့်အတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ၄င်းက
ပြောသည်။
မဟာမုနိဘုရားသို့ လာရောက်သည့်ဘုရားဖူးအများစုသည် ကြေးရုပ်ကြီးများ၏ ကိုယ်အင်္ဂါအစိတ်
အပိုင်းများကို ပွတ်သပ်ပါက မိမိတွင် ခံစားနေရသော ဝေဒနာများ သက်သာပျောက်ကင်းသည်ဟု
ယုံကြည်နေကြသည်။
''လူတွေက တစ်သက်လုံးကိုင်လာတာ။ ဗိုက်နာရင်ဗိုက်ပွတ်မှ ပျောက်တယ်ထင်တာ။ မျက်စိနာရင်
မျက်စိပွတ်မှ ပျောက်တယ်ထင်တာ။ အဲဒီ အစွဲလေးရှိနေတယ်။ ဒီအစွဲကို လူတွေ စိတ်သက်သာရာ
ရအောင် မီဒီယာကအကြံပြုသလို အရုပ်ကြီးတွေကိုမကိုင်ဘဲနဲ့ စိတ်နဲ့ပဲ မေတ္တာပို့ပေးပါဆိုတဲ့
လမ်းညွှန်စာတန်းလေးတွေ ချိတ်ပေးဖို့အစီအစဉ်ရှိပါတယ်''ဟု ဦးစိုးလင်းက ပြောသည်။
အဆိုပါ ကြေးရုပ်ကြီးများသည် ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်ကျောင်းတော်မှ ထိုင်းတို့က ယူဆောင်ထားခြင်းဖြစ်ကြောင်း၊ မြန်မာသက္ကရာဇ် ၉၂၅ ခုနှစ်တွင် မြန်မာဘုရင် ဘုရင့်နောင်
ကျော်ထင်နော်ရထာက ဟံသာဝတီသို့ယူခဲ့ကြောင်း၊ ၉၆၁ ခုနှစ်တွင် ထိုင်းဘုရင်က တောင်ငူကို
ဝင်ရောက်တိုက်ခိုက်သောအခါ မြန်မာဘက်မှ ရခိုင်ဘုရင်မင်းရာဇာက ဝင်ရောက်ကူသဖြင့် ရခိုင်
ဘုရင်အား ကြေးရုပ်ကြီးများကို လက်ဆောင်ပေးခဲ့ကြောင်း၊ ၁၁၄၆ ခုနှစ် ဘိုးတော်ဗဒုံမင်းလက်
ထက်တွင် ရခိုင်ပြည် ဓညဝတီမှ မဟာမုနိဘုရားကြီးကို ပင့်ဆောင်ရာတွင် အဆိုပါကြေးရုပ်ကြီး
များကို တစ်ပါတည်းယူဆောင်လာခြင်းဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။
















