မန္တလေးမြို့ အိမ်ခြံမြေစျေးကွက်မှာ ဧရိယာအတော်များများ အရောင်းအဝယ်အေးနေပေမဲ့ တချို့
အပိုင်းတွေဟာ လတ်တလောမှာ အလုပ်လုပ်ဖို့ စဉ်းစားသင့်တဲ့အချိန်ဖြစ်နေတယ်လို့ အိမ်မြေ
အကျိုးဆောင်တချို့က သုံးသပ်ပါတယ်။
အိမ်ခြံမြေစျေးကွက်မှာ အထူးသဖြင့် စျေးနှုန်းအမြင့်တန်းတွေရှိနေတဲ့ မြို့တွင်းဧရိယာတွေရဲ့
အရောင်း၊ အဝယ်အပိုင်းကတော့ လတ်တလောမှာ ထူးခြားချက်မရှိသေးဘဲ အေးမြဲအေးဆဲ အနေ
အထားသာရှိနေပါတယ်။ ဒီအခြေအနေမှာရှိနေတာကြောင့် ဝယ်ရောင်းအတွက်ဆိုရင်တော့အလုပ်
ဖြစ်ဖို့ပိုအလှမ်းဝေးဖွယ်ရှိပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ်နောက်ပိုင်းကစပြီး အရောင်းအဝယ်သိပ်မဖြစ်တော့တဲ့ အိမ်ခြံမြေစျေးကွက်
ဟာ အခုဆိုရင် ကာလရှည်အေးစက်နေတဲ့ အိမ်မြေစျေးကွက်အဖြစ်ရှိနေပါတယ်။ ဒီအကျိုးဆက်
အဖြစ် ဝယ်ရောင်းစျေးကွက်အနေနဲ့ အများဆုံးလှုပ်ရှားကြလေ့ရှိတဲ့ မြို့သစ်ဧရိယာအရှေ့ပိုင်းက
ကျပ်သိန်း ၁,ဝဝဝ နဲ့ ၂,ဝဝဝ ကြားမှာရှိတဲ့ မြေစျေးနှုန်းတွေဟာ အရင်မြေစျေးတွေ မြင့်မားခဲ့တုန်း
ကရှိခဲ့တဲ့ နှုန်းတန်းတွေကနေ အနည်းငယ်ကျဆင်းပြောင်းလဲလာတာတွေ ရှိပါတယ်။
အိမ်မြေစျေးကွက် အရောင်းအဝယ်အေးနေပေမဲ့ လမ်း၊ မီးစတဲ့ အရေးပါတဲ့အခြေခံလိုအပ်ချက်
တွေဟာ အရင်ကထက်ပိုပြည့်စုံကောင်းမွန်လာပြီး အိမ်မြေအကွက်အကွင်းတွေက လှလာတယ်
လို့ အိမ်မြေအကျိုးဆောင်တချို့က ပြောပါတယ်။ အထူးသဖြင့် မြို့သစ်ဧရိယာအရှေ့ပိုင်းမှာ လမ်းပေါ်
တင်မြေကွက်တွေဟာ ဝယ်ရောင်းတွေအတွက်သာမက တစ်ချိန်မှာနေထိုင်ဖို့စိတ်ကူးနဲ့ အခုအချိန်
မှာဝယ်ယူထားဖို့ကောင်းတဲ့ အကွက်အကွင်းတွေလို့ သုံးသပ်ကြပါတယ်။
မြို့သစ်အရှေ့ပိုင်းမှာ လမ်းမတန်းပေါ်တင်ရင် လတ်တလောမှာ စျေးနှုန်းက ကျပ်သိန်း ၁,ဝဝဝ နဲ့
အထက်မှာရှိနေပါတယ်။ ၂ဝ၁၆ ခုနှစ် အခွန်အကောက်ဥပဒေအရ ကျပ် သိန်း ၁,ဝဝဝ နဲ့အထက်
ကို ဝင်ငွေခွန် ၃ဝ ရာခိုင်နှုန်းပေးဆောင်ဖို့ သတ်မှတ်ထားပေမဲ့ မြို့တွင်းက ကျပ်သိန်းသောင်းချီ
နေတဲ့အိမ်မြေစျေးနှုန်းတွေနဲ့ နှိုင်းယှဉ်ရင်တော့ ဝယ်ရောင်းအတွက်လည်း စဉ်းစားဖို့ ပိုမိုသင့်တော်
နေပါတယ်။
မြို့သစ်အရှေ့ပိုင်းထဲမှာ မြေကွက်လွတ်တွေ အများကြီးရှိနေသေးတယ်ဆိုပေမဲ့ လူနေထိုင်မှုက
အချိန်တိုအတွင်း ကျစ်လျစ်သိပ်သည်းလာတာ၊ မြို့ပြဧရိယာတွေ တစ်ခုနဲ့တစ်ခု ဆက်စပ်မှုပိုမိုမြန်
ဆန်လာတာကိုလည်း တွေ့နေရပါတယ်။ ဒီအနေအထားတွေကြောင့် စျေးနှုန်းအလယ်အလတ်
တန်းနဲ့ လမ်းမတန်းပေါ်တင်တဲ့ မြေကွက်တွေဟာ ဝယ်သူက အားသာတဲ့စျေးကွက်ဖြစ်နေချိန်မှာ
အလုပ်လုပ်ဖို့ စဉ်းစားသင့်တယ်လို့ အကျိုးဆောင်တချို့က သုံးသပ်ကြပါတယ်။
















