ရွှေစာရံဘုရားပွဲကြီးကို လာမည့် ရက်သတ္တပတ်အတွင်း ကျင်းပပေတော့မည်။
''အသက်မကြီးသေးပါ မောင်ရယ်၊ ထန်းရွက်ပုတီးလေးဆွဲလို့ ရွှေစာရံကို အရောက်သွားစို့ကွယ်''
ဆိုတဲ့ သီချင်းစာသားလေးအတိုင်း ရွှေစာရံဘုရားပွဲလို့ပြောလိုက်တာနဲ့ အားလုံးမြင်လိုက်တာက
ထန်းရွက်ပုတီးဆွဲကြိုးလေးတွေပဲ ဖြစ်ပါတယ်။
တကယ်တော့ ထန်းရွက်ပုတီး ပြုလုပ်တာဟာ ရွှေစာရံဘက်က မဟုတ်ပါဘူး။ မန္တလေးတိုင်းဒေသ
ကြီး၊ ကျောက်ဆည်မြို့နယ်၊ ညောင်ဝန်းရွာကပဲ ဖြစ်ပါတယ်။ ညောင်ဝန်းရွာတစ်ရွာလုံးကတော့
ထန်းရွက်ပုတီးတွေ၊ ထန်းရွက်ငါးရုပ်တွေ၊ ထန်းရွက် ယပ်တောင်တွေ၊ တံခွန်လုံးတွေ ပြုလုပ်ကြ
တဲ့ရွာ ဖြစ်ပါတယ်။
''အရင်ကတော့ ထန်းရွက်ပုတီးလုပ်ငန်းကို တစ်ရွာလုံးနီးပါးလုပ်ကြပါတယ်။ အခုတော့ရွာမှာ ၁ဝဋ္ဌ
ဦးလောက်ပဲ လုပ်ကြတယ်။ ဘိုးဘွားအမွေအနှစ် လက်မှုလုပ်ငန်းတွေပေါ့။ ဆိုင်ခန်းတွေ အဆင်
မပြေတော့ မထွက်ကြတော့ဘူး။ ဆိုင်မထွက်တော့ ပုတီးတွေလည်း မလုပ်ကြတော့ဘူးပေါ့'' လို့
ညောင်ဝန်းရွာက ထန်းရွက်ပုတီးလုပ်ငန်းကို ယနေ့တိုင် လုပ်ကိုင်နေတဲ့ ဦးဇော်လင်းထွန်းက ပြော
ပါတယ်။
ရွှေစာရံဘုရားပွဲဟာ တပေါင်းလပြည့်နေ့ကနေ လပြည့်ကျော် ၉ ရက်လောက်အထိကျင်းပပြုလုပ်ပြီး
စည်ကားလှတဲ့ ပွဲလည်းဖြစ်ပါတယ်။ ရွှေစာရံဘုရားပွဲရဲ့ နာမည်အကြီးဆုံးကို ပြောပါဆိုရင် ထန်း
ရွက်ပုတီးလို့ပဲ ပြောရမှာပါ။ မန္တလေးသူ၊ သားတွေဟာရွှေစာရံဘုရားပွဲကနေ ပြန်လာရင် လည်ပင်း
မှာ ထန်းရွက်ပုတီးလေးတွေ ဆွဲပြီး ပြန်လာလေ့ရှိပါတယ်။ ထန်းရွက်ပုတီး ဆွဲကြိုးလေးတွေဖြစ်ဖို့
လွယ်တော့ မလွယ်ကူလှပါဘူး။
''ထန်းပင်ရဲ့ ထန်းဖူးတွေကို ဝယ်ရတယ်။ ထန်းဖူးကလည်း တစ်ပင်မှ တစ်ဖူးပဲဖူးပါတယ်။ အဲဒီ
ထန်းဖူးတွေကိုခွာပြီး နှစ်ရက်၊ သုံးရက်နေလှန်းရပါတယ်။ နေလှန်းပြီးတော့ မမည်းအောင်လည်း
သိမ်းထားရပါတယ်။ ပြီးမှ ကိုယ့်လုပ်မယ့် အရုပ်ပေါ်မူတည်ပြီးတော့ လုပ်ကြပါတယ်။ နေလှန်း၊
ဆေးဆိုး၊ လိုချင်တဲ့ပုံစံလေးတွေဖြစ်အောင် ဖြတ်ညှပ်ကပ်ပြီးမှ ပုတီးဆွဲကြိုးတွေ၊ ငါးရုပ်တွေပြုလုပ်
ရပါတယ်''လို့ ဦးဇော်လင်းထွန်းက ပြောပါတယ်။
ထန်းရွက်ပုတီးတွေ၊ ငါးရုပ်တွေ ပြုလုပ်မယ်ဆိုရင် အဓိကလိုအပ်ချက်ကတော့ ထန်းဖူးရယ်၊ ကပ်
ကြေးရယ်၊ အပ်ချည်ရယ်၊ အပ်ချည်ကြိုးတွေက မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေ ဖြစ်ပါတယ်တဲ့။
ရွှေစာရံဘုရားပွဲက တပေါင်းလထဲမှာ ကျင်းပတာ ဖြစ်ပေမဲ့ ထန်းရွက်ပုတီး လုပ်ကိုင်သူတွေက
တော့ တန်ဆောင်မုန်း၊ နတ်တော်လကစပြီး လုပ်ငန်းခွင်ထဲမှာ ဝင်ရောက်လုပ်ကိုင်နေကြပါပြီ။
''ထန်းရွက်ပုတီးတွေပြုလုပ်တာ ညောင်ဝန်းရွာတစ်ရွာပဲ ရှိပါတယ်။ လုပ်ပြီးတော့ရောင်းချတာလည်း
ရွှေစာရံဘုရားပွဲတစ်ခုတည်းမှာပဲ ရောင်းချတာပါ။ လုပ်ထားသမျှလည်း အကုန်ရောင်းရပါတယ်။
ပြုလုပ်ရတာ အဆင့်ခြောက်ဆင့်လောက်တော့ရှိပါတယ်။ ရွာမှာတော့ လုပ်တဲ့သူတွေ ရှိပါသေး
တယ်'' လို့ ထန်းရွက်ပုတီးလုပ်ကိုင်သူ ဦးအတာက ပြောပါတယ်။
လုပ်ငန်းများတဲ့အပေါ် မူတည်ပြီး အရင်းအနှီးအနေနဲ့ တစ်နှစ်ကို ကျပ် ၁ဝ သိန်း အထက်ရှိပါတယ်။
ရွှေစာရံဘုရားပွဲပြီးရင်တော့ တစ်ဦးကို အနည်းဆုံးကျပ် သိန်း ၂၅ သိန်း လောက်ကျန်ပါတယ်။ စီး
ပွားဖြစ်လုပ်ငန်း မဟုတ်ဘဲ ဘိုးဘွားအမွေအနှစ်လုပ်ငန်းဖြစ်လို့ ယနေ့အချိန်ထိ လုပ်ကိုင်လာကြရာ
ကနေ မြေး၊ မြစ်တွေအထိ ထန်းရွက်ပုတီးလုပ်ငန်းကို လက်ဆင့်ကမ်း လုပ်ကိုင်နေကြပါတယ်လို့
ထန်းရွက်ပုတီး လုပ်ကိုင်သူများက ဆိုပါတယ်။
''အခုနှစ်ဆိုရင် ထန်းဖူးဝယ်ယူရတာ ရှားလာသလို စျေးတွေလည်း တန်လာပါပြီ။ ထန်းဖူးတစ်ဖူး
ကျပ်၂၅ဝ ကနေ ၃ဝဝ အထိပေးရပါတယ်။ ထန်းရွက်ကို တခြားအရောင်တွေဖြစ်အောင် ဆိုးဆေး
ကလည်း ဝယ်ယူရသေးတယ်။ ထန်းရွက်ပုတီးတစ်ကုံးကို ကျပ် ၃ဝဝ၊ ထန်းရွက် ငါးရုပ်တစ်ရုပ်ကို
ကျပ် ၅ဝဝ၊ ထန်းရွက်ယပ်တောင်တစ်ခုကို ကျပ် ၅ဝဝ နဲ့ရောင်းချပါတယ်''လို့ ဦးအတာက ပြောပါ
တယ်။
ထန်းဖူးတွေ ရှားလာတဲ့အတွက် စဉ့်ကိုင်၊ တံတားဦးအထိ သွားရောက်ဝယ်ယူကြရပါတယ်တဲ့။
ရွှေစာရံဘုရားပွဲကိုသွားပြီး ရောင်းချရင်လည်း ထန်းရွက်တွေနဲ့ ပြုလုပ်ထားတဲ့အတွက် ကုန်ချော
အထိမပြုလုပ်ဘဲ ရွှေစာရံဘုရားပွဲဆိုင်ခန်းရောက်မှ ကုန်ချောဖြစ်အောင် လုပ်ဆောင်ကြပါတယ်တဲ့။
''ရွာကနေ အစအဆုံးတော့ လုပ်မသွားပါဘူး။ အထိမခံတော့ ကျိုးတာတွေ၊ ကြွေတာတွေရှိတဲ့
အတွက် ဘုရားပွဲဆိုင်ခန်းရောက်မှရုပ်လုံးပေါ်အောင် ထပ်ပြီး လုပ်ဆောင်ရပါတယ်' 'လို့ ထန်းရွက် ပုတီးရောင်းချသူများက ပြောပါတယ်။
ယခုနှစ်မှာတော့ ထန်းရွက်ငါးရုပ်အပြင် ထန်းရွက်ငှက်ရုပ်တွေနဲ့ တခြားအရုပ်တွေကိုလည်း
တီထွင်ပြီးတော့ ရောင်းချမှာဖြစ်ပါတယ်လို့ သူတို့က ဆိုပါတယ်။ ထန်းရွက်ကိုအသုံးပြုပြီး ခေတ်နဲ့
ညီအောင် အသုံးအဆောင်ပစ္စည်းတွေအဖြစ် အသုံးပြုနိုင်အောင်လည်း လုပ်ဆောင်နေပါတယ်တဲ့။
''ထန်းရွက်ကို အသုံးပြုပြီးတော့ တခြားအသုံးအဆောင်ပစ္စည်းတွေ ပြုလုပ်ပေးဖို့မန္တလေးဘက်က
လာပြီး ကမ်းလှမ်းထားပါတယ်။ ရွှေစာရံဘုရားပွဲပြီးရင်တော့ အဲဒီအသုံးအဆောင်တွေ ပြုလုပ်ပေး
ဖို့ရှိပါတယ်'' လို့ ဦးအတာရဲ့ သားက ပြောပါတယ်။
ယနေ့တိုင်ရှင်သန်နေဆဲဖြစ်တဲ့ ထန်းရွက်လုပ်ငန်းတွေ ဖြစ်ပေါ်လာအောင် ထန်းရွက်ပုတီးလုပ်ကိုင်
ဖို့သင်ပြပေးသူကတော့ ကျောက်ဆည်မြို့မှ ဒေါ်ခွေး၊ ထန်းရွက်ငါးရုပ်ကို မန္တလေးမြို့မှ ဒေါ်မမလေး
နဲ့ ထန်းရွက်ယပ်တောင်ကို ပခုက္ကူမြို့မှဆရာတစ်ဦးက သင်ပြပေးခဲ့တာဖြစ်ပြီး အဲဒီ ဆရာသုံးဦးသင်
ပေးခဲ့တဲ့ပညာနဲ့ ညောင်ဝန်းရွာမှာ ထန်းရွက်ပုတီးလုပ်ငန်း လုပ်ကိုင်လာတာ နှစ်ပေါင်း ရဝ ကျော်
တိုင်အောင်ရှိခဲ့ပြီလို့ရွာသားတွေက ပြောပါတယ်။
ရွှေစာရံဘုရားပွဲ နှစ်စဉ်ကျင်းပပြုလုပ်နေသရွေ့ ထန်းရွက်ပုတီး လက်မှုလုပ်ငန်းလည်းပျောက်ကွယ်
သွားမှာ မဟုတ်ပါဘူး။ ခေတ်တွေ တိုးတက်ပြောင်းလဲလာပေမဲ့ မြန်မာ့လက်မှုလုပ်ငန်းတွေကတော့
တိမ်ကောပျောက်ကွယ်မသွားမှုမရှိဘဲ ခေတ်နဲ့အညီတည်ရှိနေဦးမှာပါ။
















