၂ဝ၁၇ ခုနှစ် မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ် အလုံးစုံအသုံးစရိတ်ကို ယခင် ၂ဝ၁၆ ခုနှစ်က
သုံးစွဲခဲ့သည့် သတ်မှတ်လျာထားငွေကြေး၏ ထက်ဝက်ခန့်သာသုံးစွဲသွားမည်ဟု မန္တလေးမြို့တော်
စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူများက ဆိုသည်။
ယခင်နှစ်က မြို့တော်မဟာသင်္ကြန်မဏ္ဍပ်အတွက် အလုံးစုံအသုံးစရိတ်မှာ ကျပ်သိန်းပေါင်း ၄,၅ဝဝ
ခန့်သုံးစွဲခဲ့သော်လည်း ယခုနှစ်တွင် အမှန်တကယ်လိုအပ်သည့် နေရာများတွင်သာ သုံးစွဲသွားမည်
ဖြစ်ရာ မြို့တော်မဟာသင်္ကြန်မဏ္ဍပ်အတွက် ကျပ်သိန်းပေါင်း ၂,ဝဝဝ ခန့်သာသုံးစွဲရန် လျာထား
ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင်ဦးကျော်ဆန်းမြင့်က ပြော
သည်။
'' ဒီနှစ်မန္တလေးသင်္ကြန်က မြန်မာရိုးရာသင်္ကြန်ကို ဖော်ဆောင်မှာဖြစ်တဲ့အတွက် မြို့တော်မဟာ
သင်္ကြန်မဏ္ဍပ်မှာ အဆိုတော်တွေခေါ်တာ၊ မင်းသား၊ မင်းသမီးတွေခေါ်တာတွေမလုပ်သလို ဖွင့်ပွဲ
မှာ ဖဲကြိုးဖြတ်ဖို့အတွက် မိုးပျံပူဖောင်းတွေ ၊ မီးရှူး၊မီးပန်းလွှတ်တာတွေ မလုပ်တော့ဘူး။ ကျောင်း
သူလေးတွေကိုခေါ်ပြီး ဖွင့်ပွဲကပြတာတွေလည်း မလုပ်တော့ဘူး။ ဧည့်ခံစရိတ်တွေလျှော့မယ်။ ဌာန
အလိုက်လျှော့လို့ရမယ့် အသုံးစရိတ်တွေကိုလျှော့ချသွားမယ်။ ကြီးကြီးမားမားအနေနဲ့ ကျပ်သိန်း
ပေါင်း ၂,ဝဝဝ လောက်ပိုလာတဲ့အနေအထားရှိတယ်။ ဒီလို လုပ်တယ်ဆိုတာကလည်း သင်္ကြန်
ကနေပိုလာတဲ့ဘတ်ဂျက်တွေကို ပြည်သူတွေ အမှန်တကယ်လိုအပ်နေတဲ့နေရာတွေမှာ သုံးစွဲနိုင်ဖို့
အတွက်ပါပဲ'' ဟု ဦးကျော်ဆန်းမြင့်က ပြောသည်။
ယခင်နှစ်က ကျောင်းသူအယောက် ၁,၅ဝဝ ခန့်၏ပန်းပွားအကအလှများ၊ မြန်မာ့ရိုးရာအကအလှ
များဖြင့်ဖွင့်လှစ်ခဲ့ရာ ကျောင်းသူကလေးတစ်ဦးအတွက် ကျပ်၁ဝ,ဝဝဝ နှုန်းပံ့ပိုးကူညီပေးခဲ့ပြီး
မြို့တော်မဟာသင်္ကြန်မဏ္ဍပ်တွင် အလှပြယာဉ်ပြိုင်ပွဲ ယှဉ်ပြိုင်နိုင်ရန် မြို့တော်စည်ပင်သာယာက
ခရိုင်တစ်ခုချင်းစီအလိုက် ကျပ်သိန်း ၃ဝ ကို ပံ့ပိုးကူညီထောက်ပံ့ခဲ့သော်လည်း ယခုနှစ်တွင် ပံ့ပိုး
ကူညီမှုပေးနိုင်ရန်မဖြစ်နိုင်ကြောင်း၊ အလှပြယာဉ်ပြိုင်ပွဲကိုလည်း ထည့်သွင်းသွားမည်မဟုတ်
ကြောင်းနှင့် သံချပ်အဖွဲ့များ မြို့တော်မဟာသင်္ကြန်မဏ္ဍပ်သို့ လာရောက်ဖျော်ဖြေပါက မှတ်တမ်း
ဂုဏ်ပြုဆုများ ပေးအပ်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊
ဒုတိယမြို့တော်ဝန် က ဦးရဲမွန်က ပြောသည်။















