မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာနမှ လာမည့်ဘဏ္ဍာနှစ်အတွက် ယာဉ်
အပ်နှံခကောက်ခံခွင့် လုပ်ငန်းလိုင်စင်များကို ဖေဖော်ဝါရီလက နှစ်ကြိမ်တိုင် လေလံပစ်ရောင်းချ
ခဲ့ရာ ကောက်ခံခွင့်လုပ်ငန်းပေါင်း ၃ဝ ကျော်မှ လေလံကြေးကျပ်သိန်းပေါင်း ၁၇,ဝဝဝ ကျော် ရရှိ
ခဲ့သည်။
နှစ်ကြိမ်မြောက်အဖြစ် ဖေဖော်ဝါရီလ ၂၈ ရက်က လေလံတင်ရောင်းချခဲ့ရာ၌ လေလံကြမ်းခင်းစျေး
အများဆုံးဖြစ်သော ဒိုင်းမွန်းပလာဇာ ယာဉ်အပ်နှံခကောက်ခံခွင့်မှ ကျပ် သိန်းပေါင်း ၅,၁ဝဝ ကျော်
အမြင့်ဆုံးရရှိခဲ့ပြီး ပထမအကြိမ်အဖြစ် ဖေဖော်ဝါရီလဆန်းပိုင်းက လေလံပစ်ခဲ့ရာတွင် စျေးချို
ပတ်လည်သုံးနေရာမှ လုပ်ငန်းလေလံကြေး ကျပ်သိန်း ၂,၃ဝဝ ကျော်ကို ဒုတိယအများဆုံးအဖြစ်
ရရှိခဲ့သည်။
ဒုတိယအကြိမ်လေလံပစ်ရာ၌ ယခင်နှစ်များက လေလံမပစ်ပဲချပေးခဲ့သော မနော်ရမ္မံကစားကွင်း
နှင့်မြို့တော်ဥယျာဉ်ကစားကွင်းများမှ ယာဉ်အပ်နှံခကောက်ခံခွင့် လုပ်ငန်းများကိုလည်း ထည့်သွင်း
လေလံပစ်ခဲ့ရာ ၂ဝ၁၆-၂ဝ၁၇ ခုနှစ်က လုပ်ငန်းလေလံကြေး ၄၂ သိန်းကျော်ရှိခဲ့သော မနော်ရမ္မံ
ကစားကွင်းယာဉ်အပ်ခံလုပ်ငန်းမှာ ယခုနှစ်တွင် ကျပ်သိန်း ၄၃ဝ ကျော်၊ ယခင်နှစ်က ကျပ်သိန်း
၃ဝ ကျော်သာရှိခဲ့သော မြို့တော်ဥယျာဉ်ယာဉ်အပ်ခံလုပ်ငန်းမှာ ယခုနှစ်တွင် ကျပ် သိန်း ၄၅ဝ ကျော်
လေလံကြေးရရှိခဲ့သည်။
''လေလံပစ်ရာမှာ အမှန်တကယ်လုပ်ကိုင်လိုသူတွေပါအောင် ကျယ်ကျယ်ပြန့်ပြန့်ဖိတ်ခေါ်ခဲ့ပြီး
လုပ်ငန်းရှင်အသစ်တွေလည်း ဝင်ဆွဲကြပါတယ်။ လေလံကိုလည်း ကျွန်တော်တို့ ပွင့်လင်းမြင်သာ
စွာလုပ်ပေးတယ်။ သိချင်တာရှိရင်လည်း ဌာနမှာ မေးမြန်းနိုင်ကြပါတယ်။ ယာဉ်အပ်နှံခတွေကိုလည်း
အပ်နှံတဲ့နေရာတွေမှာ ဗီနိုင်းတွေနဲ့ချိတ်ဆွဲအသိပေးထားဖို့ စည်းကမ်းသတ်မှတ်ပြီးသားပါ'' ဟု စည်ပင်သာယာရေးကော်မတီအခွန်ဌာနမှ ကော်မတီဝင် ဦးကျော်ဇောအောင်က ယခုလ ၆ ရက်
တွင်ပြောသည်။
ယာဉ်အပ်နှံခကောက်ခံခွင့် လုပ်ငန်းလိုင်စင်များအတွက် လေလံကြမ်းခင်းစျေးများကို ယခင်နှစ်
ကြမ်းခင်းစျေးများထက် ၁ဝ ရာခိုင်နှုန်းတိုးမြှင့်သတ်မှတ်ခဲ့သည်။ ယာဉ်အပ်ခများကို သတ်မှတ်နှုန်း
ထက်ပိုကောက်ပါက သတိပေးခြင်း၊ ဒဏ်ငွေတပ်ရိုက်ပြီး လုပ်ငန်းလိုင်စင်ရုတ်သိမ်းခြင်းတို့ကို
အဆင့်ဆင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး ယာဉ်အပ်နှံခများအဖြစ် ယခင်နှစ်အတိုင်း မပြောင်းလဲပဲ
ဆိုင်ကယ်တစ်စီး ကျပ် ၂ဝဝ၊ ကားတစ်စီး ကျပ် ၃ဝဝ ကောက်ခံရန် သတ်မှတ်ထားသည်။
















