သက်တော် ၈၀နှစ်ပြည့် သီတဂူဆရာတော်၏ မွေးနေ့အလှူ

သက်တော် ၈၀နှစ်ပြည့် သီတဂူဆရာတော်၏ မွေးနေ့အလှူ

ကမ္ဘာ့ဗုဒ္ဓသာသနာပြု သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿ     ရ၏ သက်တော် ၈၀ နှစ်ပြည့်
မွေးနေ့အလှူတော် အခမ်းအနားကို နှစ်စဉ်ကျင်းပလျက်ရှိသည့် စစ်ကိုင်းတောင်ရိုးဒေသရှိ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် တပေါင်းလဆန်း ၁၄ ရက်နေ့(မတ်လ ၁၁)မှ တပေါင်းလပြည့်ကျော်
၈ ရက်နေ့(မတ်လ ၂၀)အထိ ၁၀ ရက်ကြာ ကျင်းပသွားမည် ဖြစ်သည်။

မွေးနေ့အခမ်းအနားအဖြစ် တပေါင်းလဆန်း ၁၄ ရက်နေ့(မတ်လ ၁၁)ရက်နေ့တွင် စစ်ကိုင်းမြို့
ကျက်သရေဆောင် ထူပါရုံစေတီတော် ရင်ပြင်တော်တွင် စစ်ကိုင်းမြို့ပေါ်မှ ပင့်သံဃာတော်
အပါးတစ်ထောင်တို့ကို နံနက် ၅ နာရီတွင် ဆွမ်းကြီးလောင်းလှူမည်ဖြစ်ကြောင်း
သီတဂူသတင်းထုတ်ပြန်ရေးအဖွဲ့မှ ဆရာတော် အရှင်ကောဝိဒသီရိ(သီတဂူစတား)က မိန့်ကြားသည်။

အလားတူ ပင့်သံဃာအပါး တစ်ထောင်တို့ကို တပေါင်းလပြည့်နေ့တွင် လည်းကောင်း၊
တပေါင်းလပြည့်ကျော် ၁ ရက်နေ့တွင် သီလရှင် အပါးတစ်ထောင်တို့ကို လည်းကောင်း၊
တပေါင်းလပြည့်ကျော် ၂ ရက်နေ့တွင် သီတဂူဗုဒ္ဓတက္ကသိုလ်လေးခု(စစ်ကိုင်း၊ ရန်ကုန်၊ မန္တလေး၊
တောင်ကြီး)မှ သံဃာတော် တစ်ထောင်တို့အား သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင်
ဆွမ်းကြီးလောင်းလှူသွားမည် ဖြစ်သည်။

သက်တော် ၈၀ နှစ်ပြည့်တွင် သီတဂူဆရာတော်သည် နိုင်ငံတော်အစိုးရမှ ပေးအပ်ချီးမြှင့်သည့်
အဘိဓဇမဟာရဌဂုရုဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ပူဇော်ထားခြင်းခံရသည့်အတွက် ဘွဲ့တံဆိပ်
ဆည်းကပ်မှု ခံယူရန် တပေါင်းလပြည့်နေ့တွင် နေပြည်တော်သို့ ရောက်ရှိနေမည်ဖြစ်ကြောင်း
အရှင်ကောဝိဒသီရိ ပြောသည်။

"ဆရာတော်က လပြည့်နေ့မှာ နေပြည်တော် ဘွဲ့တံဆိပ်အခမ်းအနားကို တက်ရောက်မှာ ဖြစ်ပါတယ်။
ပြီးရင် ကမ္ဘောဇအထူးလေယာဉ်နဲ့ မန္တလေးကို ပြန်ကြွမှာ ဖြစ်ပါတယ်။ နေ့လည်ပိုင်း အခမ်းအနား
ပြီးဆုံးအောင် မနေတော့ဘဲ ပြန်ကြွမယ်။ အပြန်မှာ နိုင်ငံတော်အဆင့် အဘိဓဇမဟာရဌဂုရု
ဘွဲ့တံဆိပ်တော်ရ ဆရာတော်တွေကိုလည်း တစ်ခါတည်း ပင့်ဆောင်သွားမှာ ဖြစ်ပါတယ်" ဟု
၎င်းက ပြောသည်။

ဘွဲ့တံဆိပ်တော် လက်ခံရယူပြီးနောက် အခမ်းအနားပြီးဆုံးခြင်း မတိုင်မီ ဆရာတော်သည်
ကမ္ဘောဇအထူးလေယာဉ်ဖြင့် နေပြည်တော်မှ မန္တလေးတံတားဦးလေဆိပ်သို့ ပြန်လည် ကြွရောက်ကာ
ကြိုဆိုပင့်ဆောင်မှု အခမ်းအနားဖြင့် စစ်ကိုင်းဒေသသို့ ကြွရောက်မည် ဖြစ်ကြောင်း
သီတဂူသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

တပေါင်းလပြည့်နေ့ ညဦးပိုင်းတွင် သီတဂူဆရာတော်မှ သီတဂူသံဝေဇနိယ ဓမ္မဗိမာန်တော်ကြီးကို
စက်ခလုတ်နှိပ် ဖွင့်လှစ်မည်ဖြစ်ပြီး နိုင်ငံတော်အဆင့် အမြင့်ဆုံးဖြစ်သော ဘွဲတံဆိပ်တော်ရ
အဘိဓဇမဟာရဌဂုရုဆရာတော်ကြီး ၁၁ ပါးနှင့်အတူ သီတဂူဗုဒ္ဓတက္ကသိုလ် လေးခုမှ သံဃာတော်
အပါးတစ်ထောင်တို့က ဓမ္မဗိမာန်တော်အတွင်း ပူဇော်ထားရှိသော ရုပ်ပွားဆင်းတုတော်တို့ကို
ဗုဒ္ဓပူဇာ အနေကဇာတင်(ဗုဒ္ဓါဘိသေက)အခမ်းအနားဖြင့် ပူဇော်ကျင်းပမည် ဖြစ်သည်။

ထိုနောက် ကြွရောက်လာသည့် သံဃာတော်အပါး တစ်ထောင်တို့က သီတဂူအောင်ခွန်းသံဖြင့်
သီတဂူမော်ကွန်းကြေးခေါင်းလောင်းတော်ကြီးကို တစ်ပါးတစ်ချက်ထိုး၍ ပူဇော်ကြမည်ဖြစ်သည်။

သီတဂူဆရာတော်၏ သက်တော် ၈၀ ပြည့်နှစ် မွေးနေ့အခမ်းအနားတွင် မွေးနေ့ဓမ္မပူဇာသဘင်အဖြစ်
တပေါင်းလပြည့်ကျော် ၁ ရက်နေ့မှ စတင်ကာ သီတဂူသံဝေဇနိယ ဓမ္မဗိမာန်တော်ကြီးတွင်
ရွှေမင်းဝံဆရာတော် ဘဒ္ဒန္တသောဘန၊ မင်းကွန်းတိပိဋက မြင်းခြံဆရာတော် ဘဒ္ဒန္တဂန္ဓမာလာလင်္ကာရ
အင်းစိန်အောင်ဆန်းတောရဆရာတော် ဘန္ဒန္တကိတ္တိသာရ ၊ ဓမ္မဒူတဒေါက်တာအရှင်ဆေကိန္ဒဒ၊
ဖားအောက်တောရဆရာတော်၊ အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဓမ္မသာမိကနှင့် ဓမ္မပူဇာသဘင်
နောက်ဆုံးရက်ဖြစ်သည့် တပေါင်းလပြည့်ကျော် ၈ ရက် (မတ်လ ၂၀)နေ့တွင် တွဲဖက်ရွှေကျင်
သာသနာပိုင် သီတဂူအဓိပတိ ဆရာတော်က ဟောကြားချီးမြှင့်မည် ဖြစ်သည်။

ထိုနောက် အဘိဓဇမဟာရဌဂုရုဆရာတော်ကြီး ၁၂ ပါးနှင့် တရားဟော ဓမ္မကထိက ဆရာတော်
ရှစ်ပါး အပါအဝင် စုစုပေါင်း အပါး ၂၀ တို့အား ကျပ်သိန်း စုစုပေါင်း ၂၀၀၀ ခန့် ကပ်လှူမည် ဖြစ်သည်။

သီတဂူဆရာတော်၏ မွေးနေ့အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်
အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့တို့အား
ဖိတ်ကြားထားသော်လည်း တက်ရောက်ခြင်း ရှိမရှိကိုမူ ကြိုတင်သိရှိထားခြင်း မရှိသေးကြောင်း
အရှင်ကောဝိဒသီရိ(သီတဂူစတား)က မိန့်ကြားသည်။

ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ် ပုတီးကုန်းမြို့တွင် မြန်မာသက္ကရာဇ် ၁၂၉၈ ခုနှစ်
တပေါင်းလပြည့်နေ့(၁၉၃၇ ခုနှစ် ဖေဖဝါရီလ ၂၃ရက်နေ့)တွင် ဖခင် ဦးမောင်ညိုနှင့်
မိခင် ဒေါ်သန်းတင်တို့မှ သီတဂူဆရာတော်လောင်းလျာကို မွေးဖွားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး