ရန်ပုံငွေ စျေးရောင်းပွဲတော်ကို မင်္ဂလာမန္တလေးတွင် မတ်လ ၂၀ ရက်၌ ပြုလုပ်မည်

ရန်ပုံငွေ စျေးရောင်းပွဲတော်ကို မင်္ဂလာမန္တလေးတွင် မတ်လ ၂၀ ရက်၌ ပြုလုပ်မည်

နေရာလေးတစ်ခု၏ ဒုတိယအကြိမ်မြောက် ရန်ပုံငွေစျေးရောင်းပွဲကို မင်္ဂလာမန္တလေးတွင်
မတ်လ ၂၀ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးဆောင်ပြုလုပ်သူ ကိုဟယ်ရီက
ယခုလ ၉ ရက်တွင်ပြောသည်။

"အခုအကြိမ်နဲ့ဆိုရင် နှစ်ကြိမ်ပေါ့။ မန္တလေးမှာတော့ ပထမဆုံးပြုလုပ်တာပါ။ ရန်ကုန်မှာတော့
ပြုလုပ်ပြီးပါပြီ အောင်လဲအောင်မြင်ခဲ့ပါတယ်။ မန္တလေးပွဲမှာလဲ အောင်မြင်အောင် လာရောက်အားပေးဖို့
ဖိတ်ခေါ်ပါတယ်" ဟု ၎င်းကပြောသည်။

အဆိုပါ စျေးရောင်းပွဲတော်မှ ရရှိသည့် အလှူငွေများ ကိုမိဘမဲ့ကျောင်း ၊သီလရှင်ကျောင်းနှင့်
ထူးမတောင်ရှိ YGW ဘိုးဘွားရိပ်သာအတွက် ကူညီ ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း
ကိုဟယ်ရီကပြောသည်။

"စျေးရောင်းပွဲတော်ကနေရတဲ့ အကျိုးအမြတ်ငွေတွေနဲ့ အလှူငွေတွေအားလုံးကို ပြန်ပြီးလှူဒါန်းပေးမှာပါ။
တကယ် လိုအပ်နေတဲ့နေရာတွေကို လှူဒါန်းပေးသွားမှာပါ။ တကယ်သွားရောက်လေ့လာပြီးမှ
လိုအပ်နေတဲ့အတွက် လှူဒါန်းတာပါ" ဟု ၎င်းကပြောသည်။

စျေးရောင်ပွဲတွင် အနုပညာရှင်များ ကိုယ်တိုင်လာရောက်စျေး ရောင်းပေးမည်ဖြစ်ပြီး ရန်ကုန်မြို့မှ
တေးသံရှင်များနှင့် မန္တလေးမြို့မှ တေးသံရှင်များကလည်း တေးသီချင်းများဖြင့် သီဆိုဖြေဖျော်
ပေးသွားမည်ဖြစ်ကြောင်း ကိုဟယ်ရီကပြောသည်။

"မိက်ကပ်ခင်စန်းဝင်း၊ မထက်တို့ကလဲ အစားအသောက်တွေ ပြုလုပ်ပြီး ရောင်းချပေးသွားမှာပါ။
မန္တလေးမှ ပရဟိတအဖွဲ့တွေလဲ ကူညီပေးသွားမှာပါ။ စျေးရောင်းပွဲတော်အပြင်
တခြားဖြေဖျော်ရေးတွေလဲ ပါ၀င်မှာပါ"ဟု ၎င်းကပြောသည်။

အဆိုပါ စျေးရောင်းပွဲသည် အားလုံးအတူတကွ ပါ၀င်လှုပ်ရှားနိုင်မည့် အစီအစဉ်များ၊ လိုအပ်မှုများ
ရှိနေသည့် လူမှုဘဝများ၊ မိဘမဲ့ကလေးငယ်များ နှင့်ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာများအတွက်
အတူတကွ ပါ၀င်လှုပ်ရှားနိုင်အောင် ပြုလုပ်သည့် ပွဲဖြစ်ကြောင်း ကိုဟယ်ရီကပြောသည်။

"ပရဟိတလုပ်လိုသူ မည်သူမဆို လွတ်လပ်စွာ ပါ၀င်နိုင်ပါတယ်။ အားလုံးကိုလဲ ဖိတ်ခေါ်ပါတယ်။
တကယ်လိုအပ်နေတဲ့ နေရာလေးတွေကို သွားရောက်လှူဒါန်းနိုင်ဖို့ အခုလိုပွဲလေးကျင်းပပြုလုပ်ရတာ
ဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။

စျေးရောင်းပွဲတော်ကို နေ့လည်၂ နာရီကနေ စတင်ရောင်းချမည်ဖြစ်ပြီး ည ရ နာရီနောက်ပိုင်းအထိ
ရောင်းချသွားမည်ဖြစ်ကာ ဖြေဖျော်ရေးအစီအစဉ်များဖြင့် လာရောက်သူများကို ဧည့်ခံပေးသွားမည်
ဖြစ်ကြောင်း ၎င်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး