ပြည်တွင်းစစ်ရပ်စဲရေးနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကျောင်းသားများ ဆန္ဒဖေါ်ထုတ်

ပြည်တွင်းစစ်ရပ်စဲရေးနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကျောင်းသားများ ဆန္ဒဖေါ်ထုတ်

ပြည်တွင်းစစ်ရပ်ဆဲရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မကွေးမြို့ဆေးတက္ကသိုလ်နှင့်
နည်းပညာတက္ကသိုလ်မှ ကျောင်းသားသမဂ္ဂများ ပူးပေါင်း၍ ဆန္ဒဖေါ်ထုတ်ပွဲအား မတ်လ ၁၁ ရက်နေ့
နံနက်ပိုင်းက မကွေးမြို့တွင် ပြုလုပ်ခဲ့သည်။

တိုင်းရင်းသားဒေသများ၌ ပြည်တွင်းစစ်ပွဲများ ဖြစ်ပွားနေခြင်းသည် ဒေသခံတိုင်းရင်းသားများ အပါအဝင်
မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းရင်းသား ညီအကိုမောင်နှမများနှင့် ကျောင်းသားများတွင် ပါထိခိုက်မှုများ
ရှိနေခြင်းကြောင့် ယခုကဲ့သို့ ဆန္ဒဖေါ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒဖေါ်ထုတ်ပွဲအား ဦးဆောင်ခဲ့သည့်
ကျောင်းသားများက ပြောသည်။

“မြန်မာပြည်မှာ စစ်တွေဖြစ်နေတယ်၊ စစ်ဖြစ်တဲ့အတွက် စစ်အသုံးစရိတ်က တိုးရတယ်၊ စစ်အသုံးစရိတ်
တိုးရတဲ့အတွက် တစ်ဖက်က ကျန်းမာရေး ပညာရေး အသုံးစရိတ်တွေ လျော့ရတယ်၊ လူထုမှာ
ကျန်းမာရေး၊ ပညာရေး အသုံးစရိတ်လျော့တဲ့အတွက် နိုင်ငံတကာနဲ့ ယှဉ်ရင်ဖြစ်ဖြစ်ပြည်တွင်းမှာပဲ
ဖြစ်ဖြစ် အမြဲတမ်းပြည်သူလူထုက ကျန်းမာရေးရော ပညာရေးအဆင့်အတန်းမှာ အောက်ကျနောက်ကျ
ဖြစ်နေတယ်”ဟု ဦးဆောင်ခဲ့သူတစ်ဦး ဖြစ်သည့် မကွေးဆေးတက္ကသိုလ် နောက်ဆုံးနှစ် အပိုင်း(ခ)တွင်
ပညာသင်ကြားနေသူ ကိုဉာဏ်မျိုးအောင်ကပြောသည်။

စစ်ပွဲများဖြစ်ပွားနေခြင်းကြောင့် စစ်ဘေးဒါဏ်သင့်ဒေသများမှ ကျောင်းသားများအနေဖြင့်
ပညာသင်ကြားရာတွင် အခက်အခဲများဖြစ်ပေါ်နေသည့်အပြင် အသက်အိုးအိမ်ထိခိုက်သည့်
အခြေအနေများအား ကြံုတွေ့နေရခြင်းကြောင့် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း
မကွေးဆေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂဒုဥက္ကဌ ကိုဆွေသက်ဇော် ကဆိုသည်။

အဆိုပါဆန္ဒဖေါ်ထုတ်မှုတွင် ကျောင်းသားများက “ပြည်တွင်းစစ်ရပ်စဲရေး ဒို့အရေး၊ ဖွဲ့စည်းပုံ
အခြေခံဥပဒေ ပြင်ဆင်ရေး ဒို့အရေး”၊ “ပညာရေး၊ ကျန်းမာရေး၊ဖွံ့ဖြိုးဖို့ ပြည်တွင်းစစ်ကို ရပ်တန့်စို့”
ဟူသည့် စာတန်းများပါရှိသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒဖေါ်ထုတ်ခဲ့ကြသည်။

“အဓိကကတော့ ကျွန်တော်တို့က ကျောင်းသားကျောင်းသူတွေဖြစ်တယ်၊ ကျွန်တော်တို့နိုင်ငံက
ပညာရေးစနစ်က အရမ်းကို အောက်တန်းကျနေတယ်၊ တိုးတက်ဖို့ဆို ပညာရေးအသုံးစရိတ်ကို
တိုးမှဖြစ်မယ်၊ ပညာရေးအသုံးစရိတ်တွေ ဘာလို့မမြှင့်လဲ ဘယ်နေရာမှာ အသုံးစရိတ်တွေများနေလဲ
ဆိုတော့ စစ်အသုံးစရိတ်တွေ များနေတယ်၊ စစ်အသုံးစရိတ်များရခြင်းဟာ ပြည်တွင်းစစ်တွေဖြစ်နေလို့၊
ပြည်တွင်းစစ်တွေ မဖြစ်အောင် ငြိမ်းချမ်းရေးရအောင် ကြိုးစားဖို့ လိုမယ်၊ ငြိမ်းချမ်းရေးရဖို့က
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေရောပါတီတွေရော ပူးပေါင်းဆွေးနွေးပြီးမှသာ
ငြိမ်းချမ်းရေးက ရမယ်၊ အဲဒီလိုဆွေးနွေးဖို့ အနှောက်အယှက် အတားအဆီးက ဒီမိုကရေစီစံနှုန်းနဲ့
မညီတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့လိုမယ်၊ ဒါဟာပြည်သူအားလုံးရဲ့ တာဝန်ဖြစ်တယ်၊
ဒါကိုကျောင်းသားတွေက ဦးဆောင်ပြီး ဆန္ဒဖေါ်ထုတ်နေတာပါ”ဟု မကွေးနည်းပညာတက္ကသိုလ်
ကျောင်းသားများ သမဂ္ဂဥက္ကဌ ကိုချစ်ဝင်းမောင်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး