စည်းကမ်းနှင့် ညီညွတ်မှု မရှိသော ဆေးဝါးအရောင်းဆိုင်များကို အရေးယူရန် အစိုးရအဖွဲ့ထံသို့ တင်ပြထားပြီဖြစ်

စည်းကမ်းနှင့် ညီညွတ်မှု မရှိသော ဆေးဝါးအရောင်းဆိုင်များကို အရေးယူရန် အစိုးရအဖွဲ့ထံသို့ တင်ပြထားပြီဖြစ်

မန္တလေးခရိုင် ခုနှစ်မြို့နယ်အတွင်းရှိ ဆေးဝါးအရောင်းဆိုင်များကို မန္တလေးတိုင်းဒေသကြီး၊
အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီမှ စစ်ဆေးမှုများကို အပတ်စဉ်၊ လစဉ်
စဉ်ဆက်မပြတ် စစ်ဆေးခဲ့ရာ စည်းကမ်းနှင့် ညီညွတ်မှု မရှိသော ဆေးဝါးအရောင်းဆိုင်များကို
ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်နိုင်ရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့
တင်ပြထားကြောင်း သိရသည်။

ဆေးဆိုင်များတွင် ဆေးဝါးမှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများရောင်းချခြင်း မပြုလုပ်ရန်၊
သက်တမ်းလွန်ဆေးဝါးများ အပ်နှံရန်နှင့် အရည်အသွေးပြည့်ဝပြီး အန္တရာယ်ကင်းရှင်းသော
ဆေးဝါးများ ပြည်သူလူထု ၀ယ်ယူသုံးစွဲနိုင်ရေးအတွက် မန္တလေးမြို့ရှိ ဆေးဆိုင်ပိုင်ရှင်များနှင့်
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) (မန္တလေးဌာနခွဲ) တာဝန်ရှိသူများ
အကြိမ်ကြိမ်တွေ့ဆုံပြီး ဆွေးနွေးပညာပေးခြင်းများကို ပြုလုပ်ခဲ့သော်လည်း စျေးကွက်အတွင်း
စည်းကမ်းနှင့် ညီညွတ်မှု မရှိပဲ ဆေးဝါးများရောင်းချနေသည့် ဆေးဝါးအရောင်းဆိုင် ၂၇ ဆိုင်ကို
တင်ပြထားကြောင်း အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန စာရင်းများအရ သိရသည်။

"စည်းကမ်းနဲ့ မညီပဲ ဆေးဝါးရောင်းချနေတဲ့ ဆေးအရောင်းဆိုင်တွေကို အမျိုးသားဆေးဝါးဥပဒေ
ပုဒ်မ(၉) အခန်း ၁၁ အရ အရေးယူဖို့၊ ၀န်ကြီးချုပ်ဆီကို တင်ထားပြီးပါပြီ။ စည်းကမ်းလိုက်နာမှု မရှိတဲ့
ဆေးဆိုင် ၂၇ ဆိုင်လုံးကို အရေးယူတာမျိုးတော့ မဟုတ်သေးဘူ။ အကြိမ်ကြိမ်ကျူးလွန်ခဲ့တဲ့
ဆိုင်တွေကိုတော့ အရေးယူသွားမယ်၊ ဆိုင်ပိတ်တဲ့အထိ အရေးယူတာတွေလည်းပါတယ်"ဟု
မန္တလေးတိုင်းဒေသကြီး၊ အစားအသောက်၊ ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ ဥက္ကဋ္ဌ
ဒေါက်တာဝင်းနိုင်က မြန်မာတိုင်း(မ်) ကိုပြောသည်။

ထိန်းချုပ်ဆေးဝါးများ ရောင်းချခြင်းအတွက် ဆေးအရောင်းဆိုင် လိုင်စင်အပြင် သာမန်ထိန်းချုပ်ဆေးဝါး
လိုင်စင်လုပ်ဆောင်ပြီးမှ စနစ်တကျသိုလှောင် ရောင်းချရမည်ဖြစ်ပြီး ရောင်းချခွင့်လိုင်စင်မရှိပဲ
ရောင်းချခြင်းများတွေ့ရှိပါက မူးယစ်အမှုဖြင့် အာမခံချက်မရှိဘဲ အရေးယူသွားမည်ဖြစ်ကြောင်း
ပြောသည်။

"စပ်ဆေးတွေ၊ တွဲဆေးတွေ မရောင်းဖို့၊ သက်တမ်းကုန်နေတဲ့ ဆေးဝါးတွေ မရောင်းဖို့၊
ဆေးဝါးမှတ်ပုံတင်ထားခြင်း မရှိတဲ့ ဆေးတွေ မရောင်းဖို့ အကြိမ်ကြိမ် အသိပညာပေးတာတွေ၊
ရောင်းခဲ့တဲ့ ဆိုင်တွေကိုလည်း အကြိမ်ကြိမ် ကတိ၀န်ခံချက်တွေ ယူခဲ့ပြီးပါပြီ။ ဥပဒေကြောင်းအရ
အရေးယူခဲ့တာ၊ တရားစွဲဆိုခဲ့တာတစ်ခုမှ မရှိခဲ့ပါဘူး။ ပြည်သူတွေရဲ့စီးပွားရေး မထိခိုက်စေချင်လို့
ပညာပေးတာ ၀န်ခံကတိထိုးတာတွေပဲ လုပ်ခဲ့တယ်။ အဆင့်ဆင့်လုပ်လာခဲ့ကြတာ
နောက်ဆုံးပြည်သူတွေရဲ့ မျက်နှာကိုကြည့်ရမယ်။ ဆေးဝါးအတုတွေ အန္တရာယ်ကနေ ကင်းဝေးသွားဖို့
အခုလို အရေးယူမှုတွေကို ဆောင်ရွက်တာပါ။ အရေးယူတဲ့နေအထားမှာက စီမံခန့်ခွဲမှုအဆင့်ကနေ
ကျော်လာရင်တော့ တရားစွဲဆိုတာတွေ လုပ်ရတာပါ" ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး
ဦးစီးဌာန (မန္တလေးဌာနခွဲ) ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ အေးငြိမ်းမြတ် က မြန်မာတိုင်း(မ်) ကို
ပြောသည်။

"ဆေးဆိုင်အတွက် လိုင်စင်စလုပ်ကတည်းက သတ်မှတ်ချက်တွေ စည်းကမ်းတွေ ရှိပြီးသားပါပဲ။
ဒါပေမဲ့ ဆိုင်တွေက အများကြီးပဲဆိုတော့ ထိန်းသိမ်းမှု အပိုင်းလေးတွေလဲ လိုအပ်တာတော့ အမှန်ပါပဲ။
ဆိုင်ကြီးတော်တော်များများကတော့ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ဆေးဝါးတွေကိုပဲ ရောင်းကြတာပေ့ါ။
လူငယ်တွေနဲ့ ဆက်စပ်နေတဲ့ တစ်ချို့ဆေးပစ္စည်းရောင်းတဲ့အခါ အခက်အခဲလေးတွေ နည်းနည်းတော့
ရှိနေပါတယ်"ဟု လှိုင်ကျော်ထက်ဆေးဆိုင်မှ ဦးကျော်ခင်က မြန်မာတိုင်း(မ်) ကိုပြောသည်။

၂၀၁၆ ခုနှစ် ၊ဧပြီ ၂၇ ရက်နေ့ က သက်တမ်းလွန်ဆေးဝါးများနှင့် လူသုံးကုန်ပစ္စည်း
ကျပ်သိန်း တစ်ထောင်ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ရာမှာ သိမ်းဆီးရမိခဲ့သည့် တရားမဝင်၊ သက်တမ်းလွန်
ဆေးဝါးပစ္စည်းများအပြင် ဆေးကုမ္ပဏီနှင့် ဆေးဆိုင် စုစုပေါင်း ၂၃ ဆိုင်တို့မှ လာရောက် အပ်နှံခဲ့သည့်
သက်တမ်းလွန် ဆေးပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများလည်း ပါရှိကြောင်း (FDA) ဌာန
စာရင်းများအရ သိရသည်။

"ဆေးဆိုင်အများကြီးထဲကမှ ဆေးဆိုင် ၂၃ ဆိုင်ပဲ အပ်တယ်ဆိုတာ အရေအတွက်အရ နည်းတယ်။
အချို့ဆေးဆိုင်တွေက သက်တမ်းလွန်ဆေးတွေ အပ်ရင်အရေးယူခံရမှာ ကြောက်နေကြတယ်။
အဲဒီတော့ နီးစပ်ရာ အမှိုက်ပုံမှာပစ်ကြ၊ ပစ်ထားတဲ့ ဆေးတွေကို ကလေးတွေက ပြန်ကောက်ယူ၊
အခြားဆိုင်တွေနဲ့ အရောင်းအဝယ်လုပ်တဲ့ သူတွေကို ပြန်ရောင်း၊ ၀ယ်ထားတဲ့ ဆိုင်တွေကလည်း
သက်တမ်းကုန်ရက်တွေကို ပြင်ပြီးပြန်ရောင်းကြတော့။ စားသုံးသူတွေ ဒုက္ခရောက်ကြရတာပေါ့။
လာအပ်တယ်ဆိုရင် အရေးမယူပါဘူး။ ကျေးဇူးတောင်တင်နေမှာပါ" ဟု (FDA) မှ
ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ကျော်က ပြောသည်။

ဆေးဝါးဝယ်ယူ သုံးစွဲသူများအနေဖြင့် မိမိ၀ယ်ယူမည့် ဆေးဝါးများတွင် မြန်မာနိုင်ငံဆေးဝါး
မှတ်ပုံတင်အမှတ် (Myanmar Registration Number) ပါ မပါ နှင့် ဆေးဝါးသက်တမ်း
ကုန်ဆုံးရက်တို့ကို ကြည့်ရှု စစ်ဆေးပြီးမှ ၀ယ်ယူသင့်ကြောင်းနှင့် တွဲစပ်ဆေးထုတ်များမှာ
သောက်သုံးရန် မသင့်ကြောင်း ၎င်းက ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး