ဥပဒေမူကြမ်းတွင် ဒေသခံများအကြံပြုချက် ထည့်သွင်းစဉ်းစားမည်

ဥပဒေမူကြမ်းတွင် ဒေသခံများအကြံပြုချက် ထည့်သွင်းစဉ်းစားမည်

ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနသည် ပုဂံဒေသ
ကမ္ဘာ့အမွေအနှစ် ၀င်ရောက်ရေး၊ ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေနှင့်
ဇုန်နယ်နိမိတ် ပြင်ဆင်သတ်မှတ်ရေးအတွက် ပုဂံဒေသခံများ၏ အကြံပြုချက်များကို ယခုလအတွင်း
ရှေ့နေချုပ်ရုံး၊ လွှတ်တော် အမတ်များ၊ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော်မတီတို့နှင့်
တွေ့ဆုံဆွေးနွေးသွားမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်
အမျိုးသား ပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှုး ဦးဇော်ဇော်ထွန်းက မြန်မာတိုင်း(မ်) ကို
မတ်လ ရ ရက်နေ့ကပြောသည်။

"အခုရေးဆွဲနေတဲ့ ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ မူကြမ်းမှာ
ဖြေလျော့ထားပြီးသားဖြစ်တယ်။ သူတို့ တင်ပြထားတဲ့ အကြံပြုချက်တွေကို မူကြမ်းမှာ ထည့်သွင်းလို့
ရ မရဆိုတာကို ရှေ့နေချုပ်ရုံးနဲ့ ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်ရမယ်" ဟု ၎င်းကပြောသည်။

ရှေးဟောင်းသုတေသနဌာနသည် ၁၉၉၈ ခုနှစ်က ပြဌာန်းခဲ့သော ယဉ်ကျေးမှု အမွေအနှစ်ဒေသများ
ကာကွယ်ထိန်းသိမ်းရေး ဥပဒေကို ခေတ်နှင့်အညီ ပြန်လည် ရေးဆွဲဆောင်ရွက်နေခြင်းဖြစ်ပြီး၊
အဆိုပါ မူကြမ်းအတွက် ဒေသခံများ ပူပေါင်း ပါ၀င်စေရန် ပြီးခဲ့သည့် ဖေဖော်ရီ ၁၈၊ ၁၉ တွင်
ပုဂံဒေသ၌ ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် သက်ဆိုင်ရာဒေသခံများဘက်မှ ပုဂံမြို့သစ်ကို အခြားအရပ်ဒေသသို့
ပြောင်းရွှေ့ခြင်း၊ ဖျက်စီးခြင်း ထပ်မံမပြုလုပ်ရန်၊ ဒေသခံများ၏ သာသနာရေး၊ ကျန်းမာရေးနှင့် ပညာရေး
အဆောက်အအုံများကို ခွင့်ပြုပေးရန်၊ ယဉ်ကျေးမှုဇုန်အတွင်းရှိ မြို့ရွာများကို လူနေဇုန်အဖြစ်
ပြောင်းလဲသတ်မှတ်ပေးရန်၊ တစ်နိုင်တစ်ပိုင် ဆောင်ရွက်သည့် တည်းခိုခန်း၊ ဟိုတယ်၊
စားသောက်ဆိုင်နှင့် အခြားသော စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ခွင့်ပြုရန်၊ လူနေထိုင်သည့်
ဇုန်များကို စည်ပင်သာယာရေးဥပဒေဖြင့် လွတ်လပ်စွာဆောင်ရွက်ခွင့်ပြုရန်နှင့် ဇုန်ပြင်ဆင်မှု ဦးစားပေး
ဆောင်ရွက်ပြီးမှသာ ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းခြင်းနှင့် ဥပဒေပြင်ဆင်ခြင်းများ ဆောင်ရွက်ရန်
စသည့် အချက်များ တောင်းဆို အကြံပြုခဲ့ကြသည်။

"ကျွန်တော်တို့က ကာကွယ်ထိန်းသိမ်းတဲ့ သူဆိုတော့ အများကြီးဖြေလျော့ပေးလို့ မရဘူး။ ရှေးဟောင်း
အမွေအနှစ်တွေ ပျက်စီးမှာ မလိုချင်တဲ့အတွက် လွှတ်တော် ဥပဒေကြမ်းကော်မတီနဲ့ ညှိနှိုင်းရဦးမှာပါ။
ဒေသခံတွေရဲ့ အကြံပြုချက်ကို ထည့်သွင်းစဉ်းစားပေးဖို့ ဒီလအတွင်း တွေ့ဆုံဆွေးနွေးဖြစ်မယ်" ဟု
ဦးဇော်ဇော်ထွန်းက ပြောသည်။

ပုဂံဒေသခံများအနေနှင့် ဥပဒေကြမ်းကော်မတီကို သွားရမည့်အစား မူကြမ်းတွင် ထည့်သွင်းရေးဆွဲဖို့
သက်ဆိုင်ရာ ရှေးဟောင်းသုတေသနဌာန အရာရှိများက တာဝန်ယူဆောင်ရွက်ပေးသင့်သည်ဟု
ဒေသဆိုင်ရာ စီးပွားရေးဖွ့ံဖြိုး တိုးတက်မှုအသင်း ဥက္ကဌ ဦးခင်မောင်မြင့်က မြန်မာတိုင်း(မ်) ကို
ပြောသည်။

"လူနေရပ်ကွက်တွေကို လူနေဇုန်အနေနဲ့ သတ်မှတ်ပေးပြီး စည်ပင်သာယာဥပဒေနဲ့
ဆောင်ရွက်စေချင်တယ်။ အဲဒီအတွက် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး
ဥပဒေက လွှမ်းမိုးမှု မရှိစေရဘူး။ ရှေးဟောင်းသုတေသနဌာနက သတ်မှတ်ထားတဲ့ အမြင့်ပေ၊
အရောင်သတ်မှတ်ချက်ကို လက်ခံနိုင်ပေမယ့် မြေအောက်အနက် ၅ ပေ အထက် မတူးရဘူး
ဆိုတာမျိုးတော့ မဟုတ်ဘူး"ဟု ၎င်း ကပြောသည်။

ထို့အပြင် ယဉ်ကျေးမှုကို မထိခိုက်စေသော အရာများကို ခွင့်ပြုပေးစေချင်ပြီး လူနေဧရိယာအတွင်း
မြူနီစီပယ်ဥပဒေနဲ့ စီးပွားရေး လုပ်ဆောင်ခွင့် ရချင်သည်ဟု ဦးခင်မောင်မြင့်က ပြောသည်။

"ဒေသခံတွေရဲ့ စီးပွားရေး မထိခိုက်တဲ့ ကန့်သတ်မှု အချို့ကို လက်ခံတယ်။ လူနေရပ်ကွက်အတွင်းမှာ
အခန်း ၃၀ ကနေ ၄၀ လောက်ရှိတဲ့ တည်းခိုခန်း၊ ဟိုတယ် စတဲ့ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းမျိုး
လုပ်ကိုင်စားသောက်ခွင့်ရသင့်တယ်လို့ ထင်ပါတယ်။ အဲဒါဆို ဒေသခံတွေအတွက်
အဆင်ပြေမယ်" ဟု ၎င်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး