မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီးဟာ အပူပိုင်း လွင်တီးခေါင်ပြင်ဒေသ ဖြစ်ပါတယ်။
ဧရာဝတီမြစ်ဟာ မြောက်မှတောင်သို့ မကွေးတိုင်းဒေသကြီးရဲ့ အလယ်ကို ဖြတ်သန်းစီးဆင်းနေပေမဲ့
မြစ်ရဲ့ တစ်ဖက်ကမ်း ဒေသတော်တော်များများဟာ ကန္တာရဒေသလို ပူပြင်းခြောက်သွေ့တဲ့
ရာသီဥတုရှိပါတယ်။
မကွေးတိုင်းဒေသကြီးဟာ မြန်မာနိုင်ငံမှာ အပူပြင်းဆုံး ရာသီဥတုအခြေအနေရှိတဲ့ဒေသ
တစ်ခုလည်း ဖြစ်ပါတယ်။ နွေရာသီ နေရောင်အောက်မှာ အညာဒေသယာခင်းပြင်တွေက
တံလျှပ်ရောင်တဖြတ်ဖြတ်နဲ့ အပူဟပ်နေပါတယ်။ နွေရာသီမှာ ပူပြင်းခြောက်သွေ့တဲ့ ဒေသရဲ့
အခက်အခဲတစ်ခုကတော့ သောက်သုံးရေရှားပါးခြင်း ဖြစ်ပါတယ်။
''ကျုပ်တို့ တောသူတောင်သားဆိုတာ တော်ရုံဒုက္ခကို ဒုက္ခလို့ကို မမြင်တာ။ တော်တော်ကြီးကို
ဒုက္ခရောက်မှနီးစပ်ရာချင်းကို လက်တို့ပြီး အကူအညီတောင်းရတာ။ ပြီးခဲ့တဲ့နှစ်ကတော့ ရေ
သောက်စရာ မရှိလို့ ရွာနီးချုပ်စပ်လိုက်တောင်းခဲ့ရတယ်'' လို့ ယခင်နှစ်က ရေရှားခဲ့တဲ့
အတွေ့အကြံုကို မကွေးမြို့နယ် ပုဂံမျှော်ကျေးရွာက အသက် ၅ဝ အရွယ် ဒေါ်တူးက
ပြောပြတာပါ။


မကွေးမြို့ဟာ ပြီးခဲ့တဲ့နှစ်ဧပြီလမှာ နေ့အပူချိန် ၄၆ ဒသမ ၅ ဒီဂရီ စင်တီဂရိတ် (၁၁၅ ဒသမ ရ
ဖာရင်ဟိုက်) အထိ မြင့်တက်ခဲ့ပြီး နှစ်ပေါင်း ၃ဝ အတွင်း အပူချိန် အမြင့်ဆုံးစံချိန်တင်ခဲ့ပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်း ကျေးရွာတချို့ဟာ သောက်သုံးရေ ပြတ်လပ်မှုကို အပြင်းအထန်
ခံစားခဲ့ကြရပြီးအစိုးရတာဝန်ရှိသူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ရေလှူဒါန်းမှုတွေ
လုပ်ဆောင်ခဲ့ကြရပါတယ်။
မကွေးမြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာတွေဟာ ဧရာဝတီမြစ်နဲ့ အလှမ်းကွာဝေးပြီး
မိုးရာသီမှာ သိုလှောင်ထားတဲ့ သဘာဝကန်ရေနဲ့ တွင်းရေကို မှီခိုနေကြရတာ ဖြစ်ပါတယ်။
မကွေးမြို့နယ်၊ နတ်မောက် မြို့နယ်နဲ့ မြို့သစ်မြို့နယ်တွေဟာ သောက်သုံးရေအတွက်
ရေလှူဒါန်းသူတွေကို မှီခိုခဲ့ရပါတယ်။ ပူပြင်းတဲ့ နေပူရှိန်ကြောင့် မိုးရေစုဆောင်းထားတဲ့
ရေကန်တွေဟာ ရေခမ်းခြောက်ပြီး သဘာဝရေတွင်းတွေလည်း ရေထွက်လျော့ကျ
လာတယ်လို့ မကွေးမြို့နယ် ကြာကန်ကျေးရွာအခြေစိုက်ရေလှူဒါန်းနေသူတစ်ဦးဖြစ်တဲ့
ကိုဇော်မင်းထိုက်က ပြောပါတယ်။
အဲဒီဒေသက ကျေးရွာတွေမှာ စက်ရေတွင်းတွေရှိတယ်ဆိုပေမဲ့ အနီးပတ်ဝန်းကျင်တခြား
တဲတိုက်တွေ (ကျေးရွာအဖြစ် တရားဝင်သတ်မှတ်ခြင်း မခံရသေးသည့် စုပေါင်းနေထိုင်သည့်
တဲများ) မှာတော့ တစ်နေ့ကို ရေတစ်ဂါလန်ရဖို့တောင် ခက်ခဲနေတယ်လို့ ဆိုပါတယ်။
''ပြီးခဲ့တဲ့နှစ်နွေမှာ မိသားစုဝင်တွေက နေ့တိုင်းရေမချိုးရဘူး၊ အလှည့်ကျချိုးရတယ်။ ဒီနေ့
အငယ်ကောင်ချိုးရင်နောက်နေ့ အကြီးကောင်ချိုး၊ ပြီးရင်နောက်ရက်ကို အဖေချိုး
အဲဒီလိုအလှည့်ကျ ရေချိုးခဲ့ရတာ'' လို့ ကံနှစ်ဆင့်ကုန်း တဲတိုက်နေ ဦးသန်းနိုင်က
ပြောပါတယ်။

တဲတိုက်မှာ နေထိုင်သူတွေဟာ ရေရဖို့အတွက် သဲပြင်ပူပူမှာ တစ်မိုင်ခွဲလောက်အထိ
လမ်းလျှောက်ကြရပါတယ်။ နွေရာသီ နေပူပူအောက်မှာ သဲတောယာခင်းပြင်ကြီးတွေကို
ဖြတ်သန်းရင်း ငါးဂါလန်ဆံ့ အဝါ ရောင် ပလတ်စတစ်ပုံးကြီးတွေနဲ့ ရေခပ်သွားရကြတာပါ။
''အစိုးရအနေနဲ့ အရိပ်ထဲမှာ အဲကွန်းအောက်မှာ ထိုင်ပြီးတော့ သူများပြောတဲ့အပြောနဲ့
မရပါဘူး။ပြည်သူတွေအတွက် တကယ်ထိထိရောက်ရောက်လုပ်မယ်ဆိုရင် တကယ်
ကွင်းဆင်းကြည့်ဖို့တော့ လိုမယ်'' လို့ ကိုဇော်မင်းထိုက်က ဆိုပါတယ်။
အခုနှစ် နွေရာသီမှာ သောက်သုံးရေရှားပါးမှု ပြဿနာကိုဖြေရှင်းဖို့ အစိုးရအဖွဲ့ရန်ပုံငွေ
ကျပ်သိန်း ၃,ဝဝဝ ကနေ အကူအညီပေးသွားမယ်လို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်
လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေးက ပြောပါတယ်။
မကွေးမြို့ကနေ အနီးဝန်းကျင်ကျေးရွာတွေကို တစ်ပိုင်တနိုင် သောက်သုံးရေလှူဒါန်းမှုတွေ
လုပ်ပေးနေတဲ့ မကွေးမြို့ခံကိုကျော်စွာကတော့ ''ရေသိုလှောင်မှုယန္တရား မမှန်သေးသရွေ့
ကတော့ လုံးဝအဆင်မပြေဘူး။နွေရာသီမှာသုံးဖို့ကို ဘယ်လိုကြိုပြီးသိုလှောင်မလဲ
စီစဉ်တာ အကောင်းဆုံးပဲ။ သိန်း သုံးထောင်သုံးသုံး၊ သိန်းသုံးသောင်းသုံးသုံး သုံးလိုက်တဲ့
ဟာက ခဏအဆင်ပြေတာမျိုးဆို မကောင်းဘူး'' လို့ ဆိုပါတယ်။
အစိုးရအနေနဲ့ တိုးတက်လာတဲ့လူဦးရေနဲ့ လိုအပ်ချက်အလိုက် ကြိုတင်ကာကွယ်မှုတွေ
ဆောင်ရွက်သင့်ပြီးတကယ်ရေအခက်အခဲရှိတဲ့နေရာတွေကို ကွင်းဆင်းဆောင်ရွက်
သင့်တယ်လို့လည်း ကိုကျော်စွာက ဆိုပါတယ်။
မကွေးမြို့နယ်၊ ညောင်ပင်သာရွာအတွင်းရှိ ကန်နှစ်ဆင့်ကုန်း တဲတိုက်မှာ နေထိုင်သူ
တစ်ဦးဖြစ်တဲ့ဒေါ်အေးဆိုင်က ''တန်ခူး ကဆုန်ဆို အနောက်ဘက်ရွာသစ်ကို သွားတိုက်ရတယ်။
ရှားတဲ့အချိန်ကတော့ စက်တွင်းပဲအားကိုးရတာ'' လို့ တစ်ပေခန့်ကျယ်ဝန်းပြီးလက်သုံးလုံးခန့်
အနက်ရှိတဲ့ ရွှံ့စီးမြေက စိမ့်ထွက်လာတဲ့ ဝါညစ်ညစ်ရေကို ခပ်ယူရင်းပြောပြပါတယ်။
ဒေါ်အေးဆိုင် ဖလားနဲ့ရေခပ်နေချိန်မှာ အောက်ခြေမြေကြီးကို ခြစ်မိသံ တဂျစ်ဂျစ်ထွက်
ပေါ်နေပါတယ်။ ကန်နှစ်ဆင့်ကျေးရွာဒေသခံတွေဟာ ဒီရေကိုရဖို့ ယာခင်းပြင်သဲပူပူကို
မိနှစ် ၂ဝ လောက် ဖြတ်လျှောက်ခဲ့ ရတာပါ။ ကျောက်ချဉ်ခပ်ပြီးရင်တော့ဝါညစ်ညစ်ရေဟာ
သူတို့အတွက် သောက်သုံးရေဖြစ်သွားပါပြီ။



မကွေးတိုင်းဒေသကြီးဟာ နှစ်စဉ်ရေရှားမှုကို ကြုံတွေ့နေရပါတယ်။ မကွေးတိုင်းဒေသကြီး
အတွင်း မြို့နယ် ၂၅ မြို့နယ်ထဲက မြစ်နဲ့အလှမ်းဝေးတဲ့ ကျေးရွာအတော်များများဟာ နွေရာသီ
သောက်သုံးရေရှားပါးမှုကို စတင်ရင်ဆိုင်နေရတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
မြန်မာနိုင်ငံအရပ်ရပ်က ပရဟိတချစ်ခင်သူတွေက လှူဒါန်းမှုနဲ့ ရေတွင်းအလှူတွေက
အမှန်တကယ် လိုအပ်ချက်ရှိနေတဲ့ကျေးရွာတွေအတွက် ခေတ္တခဏသာ ဖြေရှင်းပေးနိုင်တယ်လို့
မကွေးမြို့အခြေစိုက် ရေလှူဒါန်းနေသူတစ်ဦးဖြစ်တဲ့ ကိုကျော်စွာက ပြောပါတယ်။ ''ရေလှူတယ်
ဆိုတာ ပလတ်စတစ်အိတ်နဲ့ လက်ဖက်ရည်ဝယ်သောက်သလိုပါပဲ၊ ခဏပဲ ဖြေရှင်းလို့ရတာပါ''
လို့ သူက ဆိုပါတယ်။
မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ
၂ဝ၁၆ ခုနှစ်မှာ မကွေးတိုင်းဒေသကြီးအတွင်း ရေရှားပါးနိုင်ခြေရှိတဲ့ ကျေးရွာ ၁၄၂ ရွာအတွက်
နေ့စဉ်ရေဂါလန် ၃၉၉,၅၃၂ ဂါလန်လိုအပ်မှုရှိခဲ့ပါတယ်။
''ရေလိုအပ်ချက်ရှိတယ်ဆိုရင် ကျွန်တော်တို့ဌာနကို အကြောင်းကြားဆက်သွယ်ပေးပါ။
အဲဒီကိစ္စတွေအတွက် ကျွန်တော်တို့ချက်ချင်းလုပ်ပါတယ်'' လို့ မကွေးတိုင်းဒေသကြီး
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးစီးမှူးဦးကျော်ဆွေက ပြောပါတယ်။
















