ဒုဋ္ဌဝတီမြစ်သည် အမရပူရမြို့နယ်ရှိ အိမ်ခြေ ၁ဝဝ ကျော်ရှိတဲ့ ညောင်နီပင်ရွာလေးရဲ့ဘေးတွင် အရှေ့ကနအနောက်ကို ဖြတ်သန်းစီးဆင်းနေသည်။
မြစ်ဆိုသည်မှာ သူတို့ဖြတ်သန်းသွားသည့် ရွာလေးတွေဘေးတွင် နေထိုင်သူများအတွက် သုံးရေ၊
သောက်ရေ၊ စိုက်ပျိုးရေနှင့် ကူးသန်းသွားလာရေးတို့ကို ထောက်ပံ့ပေးနိုင်သော သဘာဝ၏ အဖိုး
တန်လက်ဆောင်ဟုဆိုပါလျှင် ညောင်နီပင်ရွာတွင် နေထိုင်သူများမှာ ထိုအချက်ကိုအပြည့်အဝ
ထောက်ခံနိုင်မည်မဟုတ်ပါချေ။
ဟိုတုန်းကတော့ ဒုဋ္ဌဝတီမြစ်ဘေးက ရွာလေးတွေအတွက် မြစ်ရေသည် သုံးရာသီစလုံးတွင်
အားကိုးအားထားရာဖြစ်ခဲ့သည်။ ရွာသူရွာသားများသည် ချိုးရုံ၊ သုံးရုံသာမက သည်ရေကိုပင်
သောက်ကြသည်။ သို့သော် လွန်ခဲ့သော နှစ်နှစ်လောက်က ဒုဋ္ဌဝတီမြစ်ထဲကိုရောက်လာခဲ့သော
၁ဝ လက်မအချင်းရှိ ပလတ်စတစ်ပိုက်လုံးတစ်လုံးသည် မြစ်နှင့်ရွာသူရွာသားများကို တံတိုင်းတစ်ခု
သဖွယ် ပိုင်းခြားပစ်ခဲ့သည်။
ညောင်နီပင်ရွာရဲ့ မြောက်ဘက် မနီးမဝေးမှာ ၁၉၉ဝ ပြည့်နှစ်က စတင်တည်ထောင်ခဲ့သော
မန္တလေးစက်မှုဇုန်ရှိသည်။ အရက်ချက်စက်ရုံများအပါအဝင် မဲနယ်စက်ရုံ၊ သားရေစက်ရုံစသော
စက်ရုံပေါင်းစုံမှ စွန့်ပစ်လိုက်သည့် ရေဆိုးများသည် အထက်ပါပိုက်လုံးမှတစ်ဆင့် ဒုဋ္ဌဝတီမြစ်ထဲ အလုံးအရင်းနှင့်ရောက်လာပြီး၊ မြစ်ရေမှာ အရောင်အဆင်းသာမက အနံ့ပါပြည့်စုံသွားချိန်တွင်
ညောင်နီပင်ရွာရှိ အိမ်တိုင်းတွင် အဝီစိရေတွင်းများ အိမ်တိုင်းစေ့ထားရှိလာရတော့သည်။
''အခု မြစ်ရေကို ဘာအတွက်မှ သုံးလို့မရတော့ဘူး''ဟု ညောင်နီပင်ရွာသား ဦးညိုကြီးက မတ်လ
၈ ရက်က ပြောသည်။
ပိုက်လိုင်းကို ညောင်နီပင်ရွာနဲ့ကပ်လျက်ရှိ အိမ်ခြေ ၂ဝဝ ခန့်ရှိသော ညောင်ပင်စောက်ရွာ၏ အလယ်လောက်မှနေ၍ မြစ်ထဲသို့ချထားခြင်းဖြစ်သည်။ မြစ်ရေထဲသို့စွန့်ပစ်သည့် ရေဆိုးဒဏ်ကို
ညောင်ပင်စောက်ရွာမှစပြီး ညောင်နီပင်၊ စာတိုး၊ မြို့ပင်ကြီး၊ ဥယျာဉ်တော်စသော မြစ်အောက်
ဘက်တစ်လျှောက်ရှိရွာတွေ ခံစားရသည်ဟု ဦးညိုကြီးက ပြောသည်။
မည်းနက်နေသော မြစ်ရေထဲသို့ဆင်းသူများမှာ ခဏတွင်းချင်း ယားယံခြင်းကို ခံစားကြရသည်။ ယားနာတွေ ပေါက်ကြသည်။ မြစ်ရေထိသောသစ်ပင်များမှာ အကုန်မည်းခြောက်ကုန်သည်။
သည်တော့ သောက်ဖို့ဝေး၍ သုံးပင်မသုံးရဲကြတော့။ စိုက်ပျိုးရေအတွက်သာ တချို့က မဖြစ်မနေ
သုံးကြတော့သည်ဟု ဦးညိုကြီးကပြောသည်။
မြစ်ရေဖြင့်စပါးစိုက်လျှင် မသေဘဲ အမြစ်စွဲကျန်ရစ်သော စပါးပင်များအတွက် ရေဆိုးမှကျန်နေခဲ့
သောအနည်အနှစ်များမှာ အပင်အတွက် မြေသြဇာကောင်းသလိုရှိသော်လည်း ထွက်လာသော
စပါးမှာ စားရသည်မှာ အရသာမကောင်းပဲ 'ဖွယ်' (ပွယောင်းယောင်း) နေကြောင်း ပြောသည်။
ပိုက်လိုင်းကို ယခင်က ဒုဋ္ဌဝတီမြစ်ထဲသို့ ချခဲ့ခြင်းမဟုတ်ပဲ ညောင်နီပင်၊ ညောင်ပင်စောက်ရွာ အနီးရှိ တောင်အင်း မြောက်အင်းအတွင်းစွန့်ပစ်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က မြစ်ရေမှာ ရေဆိုး
ဒဏ်ကိုမခံရသော်လည်း ကျေးရွာအများစုတွင် နေထိုင်သူများမှာ ဆိုးရွားလှသောအနံ့အသက်ကို
နေ့ရောညပါ မခံမရပ်နိုင်အောင် ခံစားခဲ့ကြရသည်။
''ဒီဒဏ်တွေခံခဲ့ရတာ ၁၅ နှစ်၊ အနှစ် ၂ဝ လောက်တော့ရှိပြီပေါ့။ အရင်က အနံ့က နေ့ရော ညရော
နံတာ။ ရေပုပ်က နံတာကတစ်မျိုး၊ ရှော့စက် (တောင်အင်းမြောက်အင်း သုသာန်မှမီးသင်္ဂြုဟ်စက်)
က နံတာက တစ်မျိုး။ ညဆို တံခါးတွေအလုံပိတ်ပြီး ခြင်ထောင်ထဲဝင် နှာခေါင်းပိတ်နေတာတောင်
မရဘူး။ အနံ့တွေက အိမ်တွေထဲကို ဘယ်လိုက ဘယ်လိုဝင်တယ်မသိဘူး''ဟု ညောင်နီပင်ရွာသား ဦးတင်အောင်က ပြောသည်။
တောင်အင်း မြောက်အင်းအတွင်းက ရေဆိုးဒဏ်ကို ဖြတ်သန်းသွားလာသူများရော၊ ရွာများတွင်
နေထိုင်သူများပါ ခံကြရသလို ရေဆိုးပိုက်လိုင်း မြစ်ထဲရောက်လာချိန်တွင်လည်း စက်ရုံများက
ရေဆိုးကို သတ်မှတ်ချိန်များတွင် မစွန့်သည့်အတွက် အနံ့ရော၊ မြစ်ရေညစ်ညမ်းမှုဒဏ်ကိုပါ လူများ
ခံစားကြရသည်။ ပိုက်လိုင်းမရှိမီက မြေသားမြောင်းဖြင့် စွန့်ခဲ့ကြရာ ထိုစဉ်ကအခြေအနေမှာ ပို၍
ပင်ဆိုးရွားခဲ့သည်။
ရေဆိုးဒဏ်ကို မြစ်နှင့်ရွာများသာမဟုတ်ဘဲ ရေဆိုးစီးဝင်သော နာမည်ကျော် တောင်သမန်အင်း
လည်းခံရကြောင်း အမရပူရမြို့ နယ် အထွေထွေအုပ်ချုပ်ရေးမှူ းဦးဖေသက်ထွန်းက မတ် ၃ ရက်
တွင်ပြောပြီး နွေရာသီတွင် အနံ့ဆိုးရွားလှကြောင်း ပြောသည်။ နွေရာသီအပူပြင်းချိန်များတွင်
ရေဆိုးဒဏ်နှင့်ရောပြီး တောင်သမန်အင်းအတွင်းမှ ငါးများဖွေးဖွေးလှုပ်အောင် သေခဲ့ကြသည်။
''ရေဆိုးစွန့်တဲ့စက်ရုံ ၆ဝ ကျော်ရှိပေမဲ့ သုံးရုံပဲ ရေဆိုးသန့်စင်စက်ရုံရှိပါတယ်။ စက်ရုံတွေကိုရေဆိုး
စွန့်ထုတ်ချိန်ကို ညနေ ၆ နာရီကနေ မနက် ၅ နာရီအတွင်းမှာသာ စွန့်ထုတ်ကြဖို့ သတ်မှတ်ထား
ပေမဲ့ မလိုက်နာဘဲ သူတို့ စွန့်ချင်သလို စွန့်ထုတ်နေကြပါတယ်။ ဒါတွေကို ပုံမှန်စစ်ဆေးသွားမယ်
လို့ သတိပေးလိုက်ပါတယ်။ ပြီးတော့ သတ်မှတ်ထားတဲ့ BOD (Biochemical Oxygen Demand)(သတ်မှတ် အော်ဂဲနစ်ဒြပ်ပေါင်းပစ္စည်းပါဝင်မှုနှုန်း) ရောက်အောင် စွန့်စေချင်ပါတယ်'' ဟု စည်ပင်
သာယာရေနှင့်သန့်ရှင်းမှုဌာနမှ ကော်မတီဝင် ဒေါ်မြင့် မြင့်သန်းက မတ် ၃ ရက်မှာ စက်မှုဇုန်က
လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် ပြောသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ လုပ်ငန်းကဏ္ဍအသီးသီးအလိုက်
အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) များနဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်
တွေကို ၂ဝ၁၅ ခုနှစ်က ထုတ်ပြန်ရာမှာ အရက်ချက်စက်ရုံများအပါအဝင် အထွေထွေရေဆိုးစွန့်ပစ်
မှုကို BOD 50mg/l သတ်မှတ်ထားသည်။
သို့သော် မည်းညစ်နေသည့်အပြင် အနယ်အဖတ်၊ အမြှုပ်များပြည့်နေသော ရေဆိုးများကိုစစ်ကြည့်
ရာ BOD မှာ ၁၇,ဝဝဝ ကျော်မှ ၂ဝ,ဝဝဝ အတွင်းရှိနေသည်ကို တွေ့ရကြောင်း မန္တလေးတိုင်းဒေသ
ကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူ းဦးသန့်ဇင်ထွန်းက ပြီး
ခဲ့သော ဖေဖော် ဝါရီ ၂၂ ရက်တွင် ပြောသည်။
ရေဆိုးအများဆုံး ထုတ်လွှတ်သော အရက်ချက်စက်ရုံများတွင် စနစ်ကျသော ရေဆိုးသန့်စင်စနစ်
တပ်ဆင်ရန် ကျပ်သိန်းပေါင်းသောင်းချီ ကုန်ကျစရိတ်ရှိနိုင်သည်။ မန္တလေးစက်မှုဇုန်ရှိ အရက်ချက်
စက်ရုံလေးရုံတွင် လတ်တလောတွင် နှစ်ရုံ၌သာ ရေဆိုးသန့်စင်စနစ်ရှိပြီး ကျန်နှစ်ရုံမှာ စီစဉ်နေဆဲ
ဟု ဦးသန့်ဇင်ထွန်းက ပြောသည်။
ယခုအခါ ရေဆိုးပြဿ နာကိုကုစားရန် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက
HYDROTEKကုမ္ပဏီနှင့်ပူးပေါင်းကာ မန္တလေးစက်မှုဇုန် ဗဟိုရေဆိုးသန့်စင် စက်ရုံနှင့်စုဆောင်းရေး စနစ်စီမံကိန်းကို တောင်အင်းမြောက်အင်းအနီးတွင် ၂ဝ၁၆ ခုနှစ်၊ မတ်လက စတင်အကောင်
အထည်ဖော်နေသည်။ သို့သော် စီမံကိန်းမှာ ၂ဝ၁၈ ခုနှစ်၊ မေလရောက်မှ ပြီးစီးမည်ဟု စည်ပင် သာယာကော်မတီဝင် ဒေါ်မြင့်မြင့်သန်းက ပြောရာ မြစ်နှင့်ကျေးရွာများမှာ ရေဆိုးဒဏ်ကို အချိန်
အတိုင်းအတာတစ်ခုအထိ ဆက်လက်ရင်ဆိုင်ကြရဦးမည်ဖြစ်သည်။
ညောင်နီပင်ရွာသား ဦးညိုကြီးက ရေဆိုးပြဿ နာ ပြေလည်ရန်အတွက် ရေသန့်စင်စက်ရုံဆောက်
ရန် (သို့မဟုတ်) ရေဆိုးစွန့်သောစက်ရုံများပိတ်ရန် အဖြေနှစ်ခုသာရှိကြောင်း၊ ယခုအခါ သန့်စင်
စက်ရုံမှာ လက်တွေ့အကောင်အထည်ဖော်နေပြီ ဖြစ်သည့်အတွက် ရေဆိုးဒဏ်မှ ကျေးရွာတစ်ရွာ
လွတ်မြောက်ရေးကို တောင်းဆိုကြိုးပမ်းကြသည်ထက် ကျေးရွာများအနေဖြင့် စက်ရုံမြန်မြန်
အကောင်အထည်ပေါ်လာရေးကိုသာ အာရုံထားကြရတော့မည်ဖြစ်ကြောင်း ပြောသည်။
''ရေဆိုးကိစ္စကို စာရေးတင်တော့လည်း တင်တာပဲ၊ စာရွက်နဲ့မင်ကုန်တာပဲ အဖတ်တင်ခဲ့တယ်။
ရေဆိုးဒဏ်ကို တစ်ရွာက လွတ်သွားရင်လည်း မြစ်အောက်ဘက်မှာ တခြားရွာတွေရှိနေသေး
တယ်။ အခုသူတို့ဘက်က အကောင်အထည်ဖော်နေတာ။ စီမံကိန်းအတွက် မြေနေရာတွေလည်း
ဝယ်ပြီးသွားပြီ။ အခုက ကောင်းသွားမှာဆိုတော့ဗျာ၊ ကျွန်တော်တို့ တကယ်တမ်းဆိုရင် နှစ်ပေါင်း
၂ဝ လောက်ခံခဲ့ကြရပြီပဲ''ဟု ဦးညိုကြီးက ပြောသည်။
















