ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်းသို့ လာရောက်လည်ပတ်သည့်ခရီးသွားများ အဆင်ပြေစေ
ရန်အတွက် ဇုန်တစ်ခုလုံးကိုလွှမ်းခြံုနိုင်သည့် လမ်းပြမြေပုံထုတ်ရန်စီစဉ်နေကြောင်း ဂျပန်အပြည်
ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ ပုဂံဒေသခရီးသွားဖွံ့ဖြိုးတိုးတက်ရေး
လက်ထောက်စီမံချက်တာဝန်ခံ ဒေါ်ယုယုလင်း က ယခုလ ၉ ရက်က ပြောသည်။
''လမ်းပြမြေပုံထုတ်ဖို့အတွက် အခုကွင်းဆင်းပြီး လေ့လာဆောင်ရွက်နေပါတယ်။ လမ်းပြမြေပုံမှာ
မြစ်ကမ်းဘေးကနေ ရှုခင်းအလှတွေ ထိုင်ကြည့်လို့ရတဲ့ နေရာတွေပါမယ်။ ရိုးရာ လက်မှုလုပ်ငန်း
တွေကို တွေ့နိုင်တဲ့ကျေးရွာတွေကို ညွှန်ပြထားတာတွေပါမယ်။ ပုဂံယဉ်ကျေးမှုဇုန်အတွင်းမှာဆိုရင်
လည်း ဘုရားပေါ်တက်စရာမလိုပဲ ရှုခင်းတွေကြည့်လို့ရမယ့် နေရာတွေကို ထည့်သွင်းထားမှာဖြစ်
ပါတယ်'' ဟု ဒေါ်ယုယုလင်းက ပြောသည်။
အဆိုပါ လမ်းပြမြေပုံထုတ်ရန်အတွက် လတ်တလောအခြေအနေတွင် ကွင်းဆင်းလေ့လာနေဆဲ
ဖြစ်သည့်အတွက် မြေပုံထုတ်မည့်အချိန်ကို သတ်မှတ်ထားနိုင်ခြင်း မရှိသေးကြောင်းနှင့် ရှုခင်း
ကြည့်နိုင်မည့်နေရာများနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကိုလည်း လက်ကမ်း
စာစောင်များ ထုတ်ဝေသွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
''လူတော်တော်များများက နာမည်ကြီးဘုရားတွေပဲ သိထားကြတယ်။ တချို့ဘုရားတွေမှာဆိုရင်
ရှုခင်းကြည့်လို့ရတဲ့ နေရာတွေရှိတယ်။ မကြာခင်ထုတ်မယ့် လမ်းပြမြေပုံမှာဆိုရင် နာမည်မကြီး
ပေမဲ့ ရှုခင်းကြည့်လို့ရတဲ့ဘုရားတွေကို ထည့်သွင်းသွားမှာဖြစ်ပါတယ်''ဟု ဒေါ်ယုယုလင်းက
ဆိုသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်အတွက် ရည်ရွယ်ပြီးထုတ်ပြန်မည့် လမ်းပြမြေပုံပြီးစီးပါက အများ
ပြည်သူထံဖြန့်ရာတွင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ
သည်။
''ပုဂံတစ်ခုလုံးကို လွှမ်းခြံုနိုင်မယ့် မြေပုံဆိုတော့ ကောင်းပါတယ်။ တချို့ခရီးသွားတွေဆိုရင် ဘယ်
ဘုရားက ဘယ်နားမှာလဲဆိုတာ မသိဘူး။ ပြီးရင် ညနေခင်းအချိန်တွေဆိုရင် နေဝင်ချိန်ကြည့်လို့
ရမယ့်ဘုရားတွေအနားမှာဆိုရင် လူတွေကပြံုနေကြတာ။ ဘုရားတွေပြိုကျမှာတောင် စိုးရိမ်ရတယ်။ အခြားဘုရားအနီးအနားကနေ နေဝင်ချိန်ကြည့်လို့ရမယ့် လမ်းညွှန်တွေပါလာရင် ကောင်းပါတယ်။
ဘုရားပေါ်တက်စရာမလိုတဲ့အတွက် ဘုရားတွေရဲ့ ကြံ့ခိုင်ရေးကိုလည်း စိတ်ချပြီးသားဖြစ်တာပေါ့''
ဟု ညောင်ဦးမြို့ခံ ဦးစိုးဝင်းက ပြောသည်။















