မန္တလေးတိုင်းဒေသကြီးအတွင်း နွေသီးနှံစိုက်ပျိုးမှုများအတွက် စိုက်ပျိုးရေလုံလောက်စွာရရှိစေရန်
ပြည်ထောင်စုသီးသန့်ရန်ပုံငွေ ကျပ် ၄ ဒသမ ၂ ဘီလျံ အသုံးပြုသွားမည်ဖြစ်ကြောင်း တိုင်းဒေသ
ကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဒေါက်တာစိုးသန်းက ဆိုသည်။
နွေရာသီတွင် တိုင်းဒေသကြီးအတွင်းရှိ ဆည်မြောင်းများကို အားကိုးအားထားပြုပြီး နွေသီးနှံစိုက်
ပျိုးလုပ်ကိုင်မည့်တောင်သူများ ဆည်မြောင်းများမှ စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် ဆည်
မြောင်းပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း၊ ရေရှားပါးသည့်ဒေသများတွင်
စက်ရေတွင်းများလည်း တူးဖော်လျက်ရှိကြောင်း ဝန်ကြီးက ယခုလ ၆ ရက်တွင် ပြောသည်။
''တိုင်းအတွင်းမှာ နွေရာသီစိုက်ပျိုးရေရရှိဖို့အတွက် ပြည်ထောင်စုက သီးသန့်ချထားပေးတဲ့ ကျပ်
၄ ဒသမ ၂ ဘီလျံ အကုန်အကျခံပြီးလုပ်ပါမယ်။ ဆည်မြောင်းတွေကနေ ရေရရှိအောင်ဆောင်ရွက်
သွားပါမယ်။ တချို့ မြောင်းပြင်ဆင်ခြင်းလုပ်ငန်းတွေ ပြီးစီးနေပြီ။ နောက်ဆည်မြောင်းက လုပ်နေ
တဲ့အပြင် ရေအရင်းအမြစ်က လုပ်နေတဲ့ စက်ရေတွင်းပေါင်း ၉ဝဝ တူးဖော်နေတဲ့ လုပ်ငန်းက
လည်း ရဝ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီး ဆည်မြောင်းတွေက ရေမရရင် စက်ရေတွင်းတွေက
ရေရအောင်လုပ်ဆောင်ပါမယ်''ဟု ဒေါက်တာစိုးသန်းက ပြောသည်။
တိုင်းဒေသကြီးအတွင်း၌ ၂ဝ၁၂ ခုနှစ် ဝန်းကျင်မှစတင်ကာ မိုးခေါင်ရေရှားမှုများနှင့်ကြံုတွေ့ခဲ့ရပြီး
သီးနှံစုံစိုက်ပျိုးမှုများတွင် စိုက်ဧကလျော့နည်းမှုများ ဖြစ်ပွားခဲ့ရကြောင်း၊ သို့သော် ယခင်နှစ်မိုးတွင်း
ကာလက မိုးရွာသွန်းမှုကောင်းမွန်သောကြောင့် ဆည်မြောင်း၊ ကန်များတွင် ရေဝင်ရောက်မှု မြင့်
တက်ခဲ့သောကြောင့် နွေသီးနှံစိုက်ပျိုးမှုများအတွက် ရေအထောက်အကူပြုနိုင်ကြောင်း တောင်သူ
လယ်သမားများက ခန့်မှန်းကြသည်။
မန္တလေးခရိုင် အနီးတစ်ဝိုက်တွင် ဆည်တော်ကြီးက လွှတ်သောရေကိုသာအဓိကထား စိုက်ပျိုးကြ
ရပြီး ဆည်မြောင်းများကို လူအားဖြင့် ပြုပြင်ခြင်းအပြင် စက်အားဖြင့်နှစ်စဉ်ပြုပြင်ပါက ပိုမိုကောင်း
မွန်နိုင်ကြောင်း၊ ဆည်မြောင်းများနှင့် ဝေးကွာသည့် စိုက်ကွင်းများတွင် ရေရရှိရန် အခက်အခဲများ
ရှိနေသေးကြောင်း ပုသိမ်ကြီးမြို့နယ်မှ တောင်သူဦးကျော်ဆန်းဦးက ပြောသည်။
''ကျွန်တော်တို့ဘက်မှာတော့ အခုဆည်တွေက ရေစလွှတ်ပေးနေပါပြီ။ ဆည်မြောင်း အသစ်တူး
တာတော့ မတွေ့သေးပါဘူး။ ရှိထားတဲ့ဟာတွေကို ပြုပြင်နေတာရှိပါတယ်။ သူတို့က လူအားနဲ့ပဲ
လုပ်နေတာဆိုတော့ သိပ်တော့မတွင်ကျယ်ပါဘူး။ စက်ယန္တရားအကြီးတွေနဲ့လုပ်ရင် ပိုကောင်းနိုင်
ပါတယ်။ အခုဘာဖြစ်နေလဲဆိုတော့ ဆည်တွေက ရေလွှတ်လွှတ်ဆို လွှတ်လိုက်တယ်။ ဆည်နဲ့
နီးတဲ့လယ်တွေက ရေကို အများအပြားရတယ်။ ဝေးတဲ့လယ်ကျတော့ ဆည်ရေမရဘူး။ နောက်
တစ်ချက်က ရေများတော့ ဆည်နဲ့နီးရင် လယ်တွေက ဆည်တွေကျိုးရင် မလိုအပ်ဘဲ စိုက်ကွင်း
တွေထဲ ရေဝင်တာတွေ ရှိပါတယ်။ အဲဒီတော့ လိုအပ်တဲ့အချိန်ကျတော့ ရေမရသလို မလိုအပ်တဲ့ အချိန်ကျတော့ ရေရသလိုဖြစ်နေတယ်။ ဖြစ်သင့်တာက ရေကို နီးနီးဝေးဝေး မျှခြေလေးနဲ့ ဆောင်
ရွက်ရင်ပိုကောင်းပါတယ်။ တစ်နှစ်ကို တစ်ခါလောက် ဆည်မြောင်းတွေကို စက်တွေနဲ့ ပြုပြင်ပေး
စေချင်တယ်။ အပေါ်ကပြောနေပေမဲ့ အောက်ခြေအထိ တကယ်ကြပ်ကြပ်မတ်မတ် လုပ်ပေးစေ
ချင်ပါတယ်'' ဟု ၄င်းက ပြောသည်။
တိုင်းဒေသကြီးအတွင်း၌ နွေသီးနှံကို မတ်လမှ စတင်စိုက်ပျိုးကြပြီး စတင်စိုက်ပျိုးချိန်တွင် စိုက်ပျိုး
ရေပိုမိုလိုအပ်ခြင်းဖြစ်ကာ ဇူလိုင်လတွင် သီးနှံများကို ရိတ်သိမ်းကြောင်း၊ မိုးခေါင်ရေရှားသည့်
ဒေသများတွင် နွေစပါးစိုက်ပျိုးမရသည့်အတွက် အခြားသီးနှံများ ပြောင်းလဲစိုက်ပျိုးရကြောင်း
တောင်သူများက ပြောသည်။
















