သင်္ကြန်တွင် ကျုံးမျက်နှာစာ သုံးဖက်၌ တစ်ပိုင်တစ်နိုင် ရေစုပ်စက်များ ခွင့်ပြုသွားရန် မရှိ

သင်္ကြန်တွင် ကျုံးမျက်နှာစာ သုံးဖက်၌ တစ်ပိုင်တစ်နိုင် ရေစုပ်စက်များ ခွင့်ပြုသွားရန် မရှိ

လာမည့်သင်္ကြန်ကာလတွင် မန္တလေးကျုံးမျက်နှာစာလမ်းသုံးလမ်းပေါ်တွင် တစ်ပိုင်တစ်နိုင်ရေစုပ်
စက်အသေးများအသုံးပြုပြီး ရေကစားခြင်းကို ခွင့်ပြုသွားမည်မဟုတ်ကြောင်း မန္တလေးမြို့တော်
စည်ပင်သာယာရေးကော်မတီဝင် ဦးရဲမြတ်သူက ပြောသည်။

နှစ်စဉ်သင်္ကြန်ကာလများတွင် အထူးသဖြင့် ကျုံးမြောက်ဘက် ၁၂ လမ်း၊ ကျုံးအနောက်ဘက်လမ်း
၈ဝ ပေါ်တွင် ရေစုပ်စက်အသေးအသုံးပြုခွင့်ကို စည်ပင်သာယာက သတ်မှတ်ကြေးဖြင့်ချထားခွင့်
ပြုပေးလေ့ရှိကာ ခွင့်ပြုချက်လျှောက်ထားပြီး ရေကစားသောသူများလည်း အများအပြား ရှိခဲ့သည်။

ယခုနှစ်တွင် ၁၂ လမ်း၊ လမ်း ၈ဝ အပါအဝင် ကျုံးအရှေ့ဘက် ၆၆ လမ်းတွင် ပုဂ္ဂလိကရေကစား
မဏ္ဍပ်များကိုသာ ခွင့်ပြုသွားမည်ဖြစ်ကာ တစ်ပိုင်တစ်နိုင် ရေစုပ်စက်အသေးများကိုခွင့်မပြုကြောင်း
ဦးရဲမြတ်သူက ပြောသည်။

''ရေစုပ်စက်အသေးတွေကို ကျုံးသုံးဖက်မှာ ခွင့်မပြုတော့ပါဘူး။ မြို့တွင်း တခြားနေရာတွေမှာတော့
ကန့်သတ်ချက်မထားဘူး။ မီးသတ်ပိုက်နဲ့ ရေကစားတာကိုလည်း လုံးဝခွင့်မပြုဘူး''ဟု ဦးရဲမြတ်
သူက မတ်လ ၁၃ ရက်တွင် ပြောသည်။

ကျုံးပတ်လည် ၆၆ လမ်း၊ ၁၂ လမ်းနှင့် လမ်း ၈ဝ တို့တွင် လမ်းတစ်ဖက်စီလျှင် ရေကစားမဏ္ဍပ်
ရှစ်ခုစီကို မတ် ၂၃ ရက် တွင် လေလံပစ်ရောင်းချသွားမည်ဖြစ် ကြောင်း၊ အာမခံငွေကို ကျပ်သိန်း
၂ဝ သတ်မှတ်ထားကြောင်း စည်ပင်သာယာ အခွန်ဌာန ကော်မတီဝင် ဦးကျော်ဇောအောင်က
ပြောသည်။ ယခင်သင်္ကြန်နှစ်များက မဏ္ဍပ်နေရာများကို လေလံမပစ်ဘဲ မဲစနစ်ဖြင့်နေရာချထား
ပေးခဲ့သည်။

''ရေကစားမဏ္ဍပ်တွေ အကျယ်ကို အကြီးဆုံး ပေ ၁ဝဝ၊ ပေ ၁၂ဝ လောက် ခွင့်ပြုသွားဖို့ရှိပါတယ်။
အဲဒီထက်နည်းနည်း ပိုကျယ်ချင်တယ်ဆိုရင်တော့ စည်ပင်သာယာကို ပွင့်ပွင့်လင်းလင်း အသိပေး
လာရင် စဉ်းစားညှိနှိုင်းပေးမယ်''ဟု ဦးကျော်ဇောအောင် က ပြောသည်။

ယာဉ်ဝင်ခွင့်ပိတ်ပြီး လမ်းလျှောက်သင်္ကြန်အဖြစ် ပုံဖော်မည့် ကျုံးတောင်ဘက် ၂၆ လမ်းပေါ်တွင်
ရေကစားမဏ္ဍပ်အမြင့်ကို ရှေ့တွင်နှစ်ပေခွဲ၊ နောက်တွင် ရှစ်ပေခွဲ အမြင့်သတ်မှတ်သွားမည်ဖြစ်
ကြောင်းပြောသည်။

''ကျုံးတောင်ဘက်မှာ ရေကစားမဏ္ဍပ် ဘယ်လောက် ခွင့်ပြုရဦးမလဲဆိုတာတော့ မသတ်မှတ်ရ
သေးပါဘူး။ ဒီလမ်းမှာ တိုင်းရင်းသားရိုးရာသင်္ကြန်ကို အဓိကထားပြီး ပုံဖော်ချင်တာကြောင့် ဆင်နွှဲ
လိုတဲ့အဖွဲ့အစည်းတွေ၊ လုပ်ငန်းရှင်တွေကိုဖိတ်ခေါ်ပါတယ်'' ဟု ဦးကျော်ဇောအောင်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး