မြန်မာနိုင်ငံတွင် လူသိနည်းသည့် ကတူးတိုင်းရင်းသားပွဲတော်အား မတ်လဒုတိယပတ်နှင့် မေလ တို့တွင် နှစ်ကြိမ်တိုင်ကျင်းပရန်ရှိကြောင်း ကတူးအမျိုးသားအဖွဲ့ဥက္ကဋ္ဌက မြန်မာတိုင်း(မ်)ကို ပြော
သည်။
မတ် ၂၄ ရက်နှင့် ၂၅ ရက်တွင် ပင်လယ်ဘူးမြို့နယ် မြောက်မော်ကျေးရွာတွင် တိုင်းရင်းသားပွဲကို
ပထမဆုံးအကြိမ်ကျင်းပရန်ရှိပြီး မေလတွင်မူ ကတူးတိုင်းရင်းသားတို့ အဆို၊ အက၊ အတီးပြိုင်ပွဲကို
ဗန်းမောက်မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
''တိုင်းဒေသကြီးအနေနဲ့ တိုင်းရင်းသားပွဲတော်ကျင်းပဖို့ အထောက်အပံ့တွေပေးခဲ့တဲ့အတွက်
အခုလို ကျင်းပဆောင်ရွက်တာဖြစ်ပါတယ်။ နာဂပွဲတော် ကျင်းပသလိုမျိုးပဲ။ အရင်တုန်းက ကတူး
တိုင်းရင်းသားတွေရှိတဲ့ မြို့နယ်တွေမှာ အကျဉ်းရုံးကျင်းပတာရှိခဲ့ပေမယ့် အခုမှ တိုင်းဒေသကြီး
အလိုက် ကျင်းပနိုင်တာဖြစ်ပါတယ်'' ဟု ကတူး အမျိုးသားအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းရွှေ က ပြောသည်။
ကတူးလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုများကို ပြန်လည်ဖော်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်
ခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ဆိုခဲ့သည်။
''ကတူးလူမျိုးတွေက စစ်ကိုင်းတိုင်းအတွင်း သုံးမြို့နယ်မှာနေထိုင်ကြပါတယ်။ အင်းတော်မြို့နယ်မှာ
ဆိုရင် အသက် ၃ဝ နဲ့ ၄ဝ ဝန်းကျင် ကတူးတွေက ကတူးစကားတောင် မပြောတတ်ကြပါဘူး။
ဗန်းမောက်မြို့နယ်ကမှ စကားပြောတတ်ပါသေးတယ်''ဟု ၄င်းက ပြောသည်။















