သပိတ်ကျင်းမြို့နယ်ရှိ ရွှေတူးဖော်ရေးလုပ်ကွက်များသီးသန့်အဖွဲ့ဖွဲ့ ကွင်းဆင်းစစ်ဆေးမည်

သပိတ်ကျင်းမြို့နယ်ရှိ ရွှေတူးဖော်ရေးလုပ်ကွက်များသီးသန့်အဖွဲ့ဖွဲ့ ကွင်းဆင်းစစ်ဆေးမည်

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့ နယ်ရှိ ပြည်ထဲရေးအမည်ပေါက် ကျေးရွာမြေများပေါ်တွင် ကျူးကျော်၍ ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်များကို တိုင်းဒေသကြီးအဆင့်
သီးသန့်အဖွဲ့အစည်းတစ်ခုဖွဲ့စည်းပြီး ကွင်းဆင်းစစ်ဆေးအရေးယူမှုများ ဆောင်ရွက်မည်ဖြစ်
ကြောင်း တိုင်းဒေသကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး
ဦးမျိုးသစ်က ပြောသည်။

တိုင်းဒေသကြီးအတွင်း၌ ရွှေလုပ်ကွက်များချထားပေးခြင်း၊ စိစစ်ခြင်းလုပ်ငန်းများကို တိုင်းဒေသ
ကြီးအစိုးရအဖွဲ့က လုပ်ပိုင်ခွင့်မရှိဘဲ ပြည်ထောင်စုအစိုးရအဖွဲ့ကသာ တိုက်ရိုက်ဆောင်ရွက်ခြင်း
ဖြစ်ကြောင်း၊ သို့သော် ကျေးရွာများအနီးတွင် ရွှေတူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်
ခြင်းများရှိနေသောကြောင့် ဒေသခံများ၏ တင်ပြတိုင်ကြားချက်များအတိုင်း ကွင်းဆင်းစစ်ဆေးသွား
မည်ဖြစ်ကြောင်း ဦးမျိုးသစ်က ယခုလ ၁၄ ရက်တွင် ပြောသည်။

''သပိတ်ကျင်းမြို့နယ်ထဲမှာ ကျေးရွာမြေပေါ် ရွှေတူးဖော်ရေးလုပ်ကိုင်နေလို့ ဆန္ဒဖော်ထုတ်တောင်း
ဆိုနေတာတွေရှိပါတယ်။ ဒီနေ့ ကျွန်တော်တို့အစိုးရအဖွဲ့နဲ့ ဆန္ဒဖော်ထုတ်နေတဲ့ဒေသခံတွေနဲ့
တွေ့ဆုံညှိနှိုင်းပါတယ်။ အဓိကကတော့ ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနဲ့ ကျေးရွာ
တွေအနီး ရွှေတူးဖော်ရေးလုပ်ကိုင်နေတာတွေကို ရပ်တန့်ပေးဖို့ပါ။ အဲဒီအတွက်လည်း ဝန်ကြီး
ချုပ်က သီးသန့်အဖွဲ့အစည်းဖွဲ့ပြီးတော့ ကွင်းဆင်းစစ်ဆေး အရေးယူဆောင်ရွက်ဖို့ ပြောပါတယ်။
အဖွဲ့ အစည်းထဲမှာ ဘယ်သူတွေပါမယ်၊ ဘယ်တော့လောက် စတင်အကောင်အထည်ဖော်
ဆောင်ရွက်မယ်ဆိုတာကိုတော့ မပြောသေးပါဘူး။ အမြန်ဆုံးဆောင်ရွက်ဖို့တော့ရှိပါတယ်''ဟု
၄င်းက ပြောသည်။

ဇန်နဝါရီ ၁၄ ရက်မှစတင်ပြီး သပိတ်ကျင်းမြို့နယ်၊ ၅ မိုင် အမှတ် (၂) သတ္တုတွင်းလုပ်ငန်းရုံးရှေ့တွင်
ဒေသခံလူအင်အား ၁ဝဝ ကျော်ဖြင့် နေ့၊ ည ထိုင်သပိတ်ပြုလုပ် ဆန္ဒဖော်ထုတ်တောင်းဆိုနေခြင်း
ဖြစ်ပြီး သပိတ်စခန်း ၆၁ ရက်မြောက်ရှိပြီဖြစ်ကြောင်း၊ သပိတ်စခန်းစတင်သည့်နေ့မှစ၍ ယနေ့
အထိ တိုင်းအစိုးရအဖွဲ့ဖြင့် သုံးကြိမ်တိုင်တွေ့ဆုံထားပြီးဖြစ်ကာ လက်တွေ့အကောင်အထည်ဖော်မှု
ပေါ်မူတည်ပြီး သပိတ်စခန်းကို ပိတ်သိမ်းမည်ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်နေသည့် ဝက်သေကျေးရွာမှ ဒေသခံတောင်သူဦးမောင်ကြီးက ဆိုသည်။

''ကျွန်တော်တို့ သပိတ်စခန်းကိုတော့ မရုပ်သိမ်းပါဘူး။ သူတို့ဘက်ကလည်း ဒါကို ဥပဒေအတိုင်း
လုပ်ဆောင်နေခြင်းဖြစ်တဲ့အတွက် ဆက်လက်လုပ်ဆောင်ဖို့ ခွင့်ပြုပါတယ်။ သူတို့ စစ်ဆေးမယ့်
အချိန်ဒေသခံတွေကိုလည်း ပူးပေါင်းပါဝင်ခွင့်ပေးမယ်လို့ ဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။ အဲဒီ
အပေါ်မှာ ကျွန်တော်တို့ ဆက်လက်စောင့်ကြည့်သွားမှာပါ။ အခုလို တွေ့ဆုံညှိနှိုင်းခွင့်ရတဲ့အတွက်
အဆင်တော့ ပြေပါတယ်။ ဘယ်ချိန်မှာ စတင်အဖွဲ့အစည်းဖွဲ့မယ်ဆိုတာတော့ သေချာမပြောလိုက်
ပါဘူး''ဟု ဦးမောင်ကြီးကပြောသည်။

သပိတ်ကျင်းမြို့နယ်ရှိ ဖက်ရှည်၊ ဝက် သေ၊ လိပ်ကျ၊ မြေနီတောင်၊ သုံးဆယ်တစ်၊ ရေထွက်၊ ချောင်း
ကြီး၊ လစ်လည်ကျစ် ကျေးရွာများကို ၂ဝ၁၁ ခုနှစ်အတွင်းက ပြည်ထဲရေးအမည်ပေါက် ကျေးရွာများ
အဖြစ်သတ်မှတ်ပေးထားကြောင်း၊ ယခင်အစိုးရလက်ထက်က ယင်းကျေးရွာများတွင် ရွှေသတ္တု
တူးဖော်ရေးလုပ်ကိုင်ရန် ကုမ္ပဏီများကိုလုပ်ပိုင်ခွင့်များချထားပေးခဲ့ပြီး လုပ်ကွက်တစ်ကွက်လျှင်
ဧက ၂ဝ ရှိကြောင်း ဒေသခံများက ပြောသည်။

ဒေသခံများက နေ့စဉ်ရွာမြေများအပေါ် ကျူးကျော်နေသော ရွှေလုပ်ကွက်များ ဖယ်ရှားပေးရေး၊
ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ သတ္တုတွင်းဥပဒေကို မလိုက်နာသော လုပ်ငန်း
ရှင်များကို အရေးယူပေးရေးစသည်တို့ကို ဆန္ဒဖော်ထုတ်တောင်းဆိုနေပြီး အချက်ကိုးချက်ပါ
သည့်ကြေညာချက်ကို ထုတ်ပြန်ထားပြီး ယင်းကြေညာချက်အတိုင်း ညှိနှိုင်းဆောင်ရွက်မပေးမချင်း
ဆက်လက်တောင်းဆိုသွားမည်ဟု ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး