အကွက်အကွင်းမလှသော အိမ်မြေများသာ စျေးနှုန်းအပြောင်းအလဲရှိနိုင်

အကွက်အကွင်းမလှသော အိမ်မြေများသာ စျေးနှုန်းအပြောင်းအလဲရှိနိုင်

 

မန္တလေးမြို့ အိမ်ခြံမြေစျေးကွက်ဟာ အရောင်းအဝယ် အေးစက်နေတယ်ဆိုပေမဲ့ စျေးနှုန်းပိုင်းမှာ
လူနေကျဲပါးပြီး အကွက်အကွင်းမလှတဲ့ အိမ်မြေတွေသာ စျေးနှုန်းအလျော့နဲ့ အရောင်းအဝယ်လုပ်ဖို့
မျှော်လင့်နိုင်ဦးမယ်လို့ အိမ်ခြံမြေအကျိုးဆောင်တချို့က ပြောပါတယ်။

အိမ်မြေစျေးကွက်မှာ အရောင်းအဝယ်မဖြစ်သလို စျေးနှုန်းတွေကျနေတယ်ဆိုတဲ့ အသံတွေထွက်
နေတာလည်း အမှန်ပဲဖြစ်ပါတယ်။ ဒီနေရာမှာ အရောင်းအဝယ်နည်းပါးတာမှန်ပေမဲ့ စျေးနှုန်းတွေ
ကတော့ ကျပ်သိန်းရာဂဏန်းတန်ကြေးရှိတဲ့ အိမ်မြေတွေသာ အများဆုံး ပြောင်းလဲကျဆင်းနေပါ
တယ်။

စျေးနှုန်းအပြောင်းအလဲများတဲ့ အိမ်မြေအများစုအဖြစ် လူနေသိပ်သည်းမှုနည်းပါးပြီး အကွက်
အကွင်းမလှတဲ့ ဧရိယာတွေမှာသာတွေ့နေရပြီး စျေးကွက်တောင်းဆိုမှုကောင်းတဲ့နေရာတွေက
တော့ အရောင်းအဝယ်သွက်လက်စဉ်အချိန်က မြင့်တက်ခဲ့တဲ့စျေးနှုန်းတွေနဲ့ များစွာမကွာခြားတဲ့
နှုန်းတန်းမှာသာရှိနေကြပါတယ်။

လူနေထိုင်မှုသိပ်သည်းပြီး သွားရေးလာရေးလွယ်ကူတဲ့၊ လတ်တလောစျေးကွက်ဝင်တဲ့ ဧရိယာ
တွေမှာ ရောင်းလိုပေမဲ့ ငွေအလောတကြီးမလိုတဲ့သူတွေဟာ စျေးနှုန်းကိုအမြင့်တန်းမှာသာ တင်း
ခံနေကြတာများပါတယ်။ စျေးနှုန်းအပြောင်းအလဲတွေ့ရတဲ့ အိမ်မြေတွေအဖြစ် ကျပ်သိန်း ၁,ဝဝဝ
အောက်နဲ့ ကျပ်သိန်း ၅ဝဝ အောက်စျေးနှုန်းတန်းတွေကို အများဆုံးတွေ့နေရပြီး ကျပ်သိန်း ၅ဝဝ
အောက်နှုန်းတန်းတွေကတော့ အကွက်အကွင်းကောင်းဖြစ်ဖို့ မျှော်လင့်လို့မရပါဘူး။

လတ်တလော စျေးကွက်အနေအထားအရ အမှန်တကယ်နေထိုင်ဖို့ လိုအပ်သူတွေနဲ့သာ စျေးကွက်
က ရောင်းလိုအားရှိနေပြီး ဝယ်ရောင်းစျေးကွက်အတွက်ကတော့ စျေးကွက်ပြန်သွက်လက်မယ့်
အချိန်ကိုမှန်းဆဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။ အိမ်မြေအရောင်းအဝယ်မဖြစ်ဘဲ စျေးနှုန်းတွေကျတယ်
ဆိုတဲ့အသံတွေထွက်ပေါ်နေပေမဲ့ နေရာကောင်းကိုပိုင်ဆိုင်ထားသူတွေကတော့ မဖြစ်မနေရောင်း
ချရမယ့်အခြေအနေမျိုးကလွဲရင် အများစုက ပိုင်ဆိုင်မှုကို ဆုပ်ကိုင်ထားလိုကြသူတွေသာ များပြား
ကြောင်း အိမ်ခြံမြေအကျိုးဆောင်တချို့က ပြောပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး